ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

နေပြည်တော် ၂၇   ဇန်နဝါရီ 

ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 


အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံများ၊ အစိုးရ နည်းပညာကောလိပ်များ၊ အစိုးရ စက်မှုလက်မှုအထက်တန်းကျောင်းများ၏ ၂၀၁၉ ခုနှစ် အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် TVET သက်မွေးပညာရေးကဏ္ဍ လုပ်ငန်းစဉ်များ၏ အားသာချက်၊ အားနည်းချက်၊ အခက်အခဲများ နှင့်စိန်ခေါ်မှုများကို ပြန်လည်ဆွေးနွေးညှိနှိုင်းသုံးသပ်ကာ အားသာချက်များကို ပိုမိုကောင်းမွန်အောင် ဆောင် ရွက်ပြီး အားနည်းချက်၊ အခက်အခဲများကို ဖြေရှင်းပြင်ဆင်၍ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ဝန်ကြီးဌာနအနေဖြင့်  အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း(၂၀၁၆ - ၂၀၂၁)အရ ပညာပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊  မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦး တစ်ယောက်ကိုမျှ ချန်မထားရေး၊ ကျောင်းထွက်သူပပျောက်ရေး မူဝါဒများ ချမှတ်ဆောင်ရွက်ခြင်းသည် အခြေခံပညာရေးကဏ္ဍ သာမက TVET သက်မွေးပညာရေးကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍ များတွင် အလေးထားကျင့်သုံး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နိုင်ငံလုံးရှိ လူငယ်လူရွယ် များကို နည်းပညာ၊ သက်မွေးပညာများ တစ်နှစ်ထက် တစ်နှစ် ပိုမိုသင်ယူနိုင်သည့် အခွင့်အလမ်းများ ရရှိရေး ဆောင်ရွက်နေပါကြောင်း၊ သင်ကြားပို့ချပေးနေသည့် သင်တန်းများ အရည်အသွေးရှိစေရေး အထူးအလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

 

a

 


ကျောင်းသားကျောင်းသူများ ကျွမ်းကျင်မှု Skills ကို ပိုမိုရရှိစေရန် Technical Stream နှင့် Vocational Stream ဟူ၍ Stream နှစ်ခုဖြင့် သင်ကြားနိုင်ရေးအတွက် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်မှစ၍ အစိုးရ နည်းပညာနှင့် သက်မွေးပညာအထက်တန်းကျောင်း (GTVHS) များကို ပညာသင်နှစ် (၂)နှစ်ဖြင့် အကောင်အထည်ဖော်နိုင်ရေး EU Budget Support အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ Vocationl သင်တန်းများအတွက် Hotel and Tourism, Banking, Accounting စသည့်သင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း၊ ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့် ကာလတိုသင်တန်းများကို ကျောင်းအစီ အစဉ်ဖြင့်ဖွင့်လှစ်ပြီး  ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍမှ အသင်းအဖွဲ့များ နှင့် ပူးပေါင်းဖွင့်လှစ်ကာ ကျောင်းသားလူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရည်အသွေးမြှင့်တင်ရေး သင်တန်းများ၊ အဆင့်မြင့် နည်းပညာဆိုင်ရာ သင်တန်းများ၊ ကျွမ်းကျင်မှုအခြေပြု ကာလတိုသင်တန်းများနှင့် သက်မွေးပညာသင်တန်းများကို တိုးချဲ့ဖွင့်လှစ်နိုင်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို ပြောကြားပြီး နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းပိုင်းဆိုင်ရာများကို ရှင်းလင်းပြောကြားကြသည်။ 

(သတင်းစဉ်)