ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ဂျာမနီနိုင်ငံ DAAD နှင့် ပူးပေါင်းကျင်းပသော တက္ကသိုလ်ပဋိဉာဉ်စာတမ်းနှင့် တက္ကသိုလ်ကောင်စီဆိုင်ရာ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲတက်ရောက်

နေပြည်တော်  ၂၁  စက်တင်ဘာ

ဂျာမနီနိုင်ငံ DAAD နှင့် ပူးပေါင်းကျင်းပသော တက္ကသိုလ်ပဋိဉာဉ်စာတမ်းနှင့် တက္ကသိုလ် ကောင်စီဆိုင်ရာ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင်  ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး မစ္စတာ သောမက်စ်နိုင်ဇင်ကာ၊ ဂျာမနီနိုင်ငံ ပညာရေးပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(DAAD)၊ Central European University (CEU)၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသား ပညာရေးမူဝါဒ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပါမောက္ခချုပ်များ ကော်မတီဝင်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိရာ တက္ကသိုလ်များတွင် တက္ကသိုလ်ပဋိဉာဉ် စာတမ်းရေးဆွဲ အတည်ပြုရေး၊ ယင်းပဋိဉာဉ်စာတမ်းနှင့်အညီ တက္ကသိုလ်ကောင်စီ ဖွဲ့စည်းရေး၊ မဟာဌာနကြီးများဖွဲ့စည်းရေး၊ တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေး၊ သင်ကြားသင်ယူမှု အရည်အသွေးမြှင့်တင်ရေး၊ ဆရာ ဆရာမများ ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေး၊ ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ အသုံးချသုတေသနဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာနှင့် အခြေခံအဆောက်အအုံ ဖြည့်ဆည်းရေးတို့အတွက် နိုင်ငံတကာအတွေ့အကြုံ၊ DAAD အတွေ့အကြုံနှင့် ဂျာမနီနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတက္ကသိုလ်များ၏ အတွေ့အကြုံများကို ဤအလုပ်ရုံဆွေးနွေးပွဲတွင် မျှဝေဆွေးနွေးပေးရန် မေတ္တာရပ်ခံလိုပါကြောင်းနှင့် ဂျာမနီနိုင်ငံ DAAD ကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် ဟနွိုင်းဒေသဆိုင်ရာ DAAD ဌာနအကြီးအကဲ Dr Stefan Hase-Bergen၊ DAAD အတွင်းရေးမှူးချုပ် Dr Dorothea Rüland၊ ဂျာမနီနိုင်ငံ University of Hannover ၏ Vice-President Dr Christoph Strutz နှင့် ဗီယက်နမ်နိုင်ငံ Saigon မြို့ရှိ Vietnamese-German University President Prof. Tomas Benz တို့က တက္ကသိုလ်ပဋိဉာဉ်စာတမ်း၊ တက္ကသိုလ်ကောင်စီနှင့် တက္ကသိုလ်များ လွတ်လပ်စွာစီမံခန့်ခွဲမှုနှင့်စပ်လျဉ်းသော နိုင်ငံတကာ အတွေ့အကြုံများကို မျှဝေဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်