ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ပခုက္ကူမြို့ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းအတွင်း ကြည့်ရှုအားပေး

နေပြည်တော်   ၁၁   နိုဝင်ဘာ

 

အသက်မွေးပညာ သင်တန်းကျောင်းများအနေဖြင့် မိမိတို့သင်တန်းသား တဦးချင်းစီ၏ အသက်မွေးဝမ်းကျောင်းပညာ ကျွမ်းကျင်တတ်မြောက်မှုနှင့် ကုန်ထုတ်လုပ်မှုစွမ်းရည် တိုးမြှင့်ပေးနိုင်ရေးအတွက် မျှော်မှန်းဆောင်ရွက်ကြစေလိုကြောင်း ယမန်နေ့ မွန်းလွဲပိုင်းက ပခုက္ကူမြို့ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းသို့ ရောက်ရှိစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က တာဝန်ရှိသူများအား ဆွေးနွေး ပြောကြားသည်။

 

1

 

သင်တန်းကျောင်းရှင်းလင်းဆောင်တွင် သင်တန်းကျောင်းအုပ်ကြီး ဒေါ်ကြည်ကြည် က ဘဏ္ဍာနှစ်အလိုက် အသက်မွေးပညာသင်တန်းများ ဆောင်ရွက်ပေးခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းဆိုင်ရာများကို ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းတင်ပြရာ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခွန်အေးနိုင် က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

 

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ သင်တန်းကျောင်းများသည် လူ့စွမ်းအားအရင်းအမြစ်ကို တန်ဖိုးရှိစွာအသုံးချနိုင်ရေး လေ့ကျင့်ဖော်ထုတ်ပေးသည့် လုပ်ငန်းဖြစ်သည်နှင့်အညီ အရည်အသွေးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် နည်းပညာများ ပို့ချပေးနိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း၊ မိမိတို့ရိုးရာ ယဉ်ကျေးမှု ဖြစ်သည့် မိရိုးဖလာ လက်မှုပညာထိန်းသိမ်းနိုင်မှုနှင့်အတူ တပိုင်တနိုင်မှ စီးပွားဖြစ် ထုတ်လုပ်နိုင်သည့် လက်မှုပညာ၏ အားသာချက်များအပေါ် အသုံးချပြီး အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ထုတ်ပေးနိုင်ရေး၊ တန်ဖိုးမြင့်လက်မှုပညာ ထုတ်ကုန်အဖြစ် ပြည်ပစျေးကွက်အထိ ထိုးဖောက်နိုင်ရေး၊ တို့အတွက် နည်းပညာအဆင့်မြှင့်တင်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းခန်းမဆောင်အတွင်း ခင်းကျင်းပြသထားသည့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းဆင်း သင်တန်းသူသင် တန်းသားများ၏ လက်တွေ့ လေ့ကျင့်ထုတ်လုပ်ထားသော ချည်ထည် ယွန်းထည်နှင့် လက်မှုပညာ ထုတ်ကုန်ပစ္စည်းများ၊ သင်တန်းသူသင်တန်းသားများ၏ ရက်ကန်းလုပ်ငန်း လက်တွေ့ လုပ်ကိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လက်မှုပညာ အခြေခံ အသေးစားကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးတို့အတွက် သင်တန်းကျောင်းများမှ သင်တန်းများခေါ်ယူ ပို့ချပေးလျက်ရှိသည့်နည်းတူ ဒေသအရောက် နည်း ပညာပေးသင်တန်းများကိုလည်း ဆက်စပ်ဌာနများ ဖွံ့ဖြိုးမှုမိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအောက်ရှိ ယွန်းပညာကောလိပ် (၁) ကျောင်းနှင့် ရက်ကန်းနှင့်အသက် မွေးပညာသင်တန်းကျောင်း (၁၃)ကျောင်း တို့မှ လက်တွေ့လုပ်ကိုင် အသက်မွေးနိုင်သည့် နည်းပညာများကို ပို့ချပေးလျက်ရှိသည်။

 

ပခုက္ကူရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အတွင်း ဝါးလက်မှုထည်သင်တန်း၊ စားသောက်ကုန်ထုတ်လုပ်နည်းသင်တန်း၊ လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း၊ သဘာဝဆိုးဆေးနှင့် ဓါတုဆိုးဆေးသင်တန်းစသည့် နည်းပညာသင်တန်းများကို သင်တန်း(၁၁)ကြိမ်ဖြင့် သင်တန်းသားသင်တန်းသူ ၂၂၈ ဦးတို့အား သင်ကြားပေးနိုင်ခဲ့သည်။

 

6

 

တိုင်းဒေသကြီး ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားရှိသည့် အဆိုပါ သင်တန်းကျောင်းများတွင် တက်ရောက်လေ့လာ သင်ယူလိုသူသင်တန်းသားများအား သတင်းစာများမှ ခေါ်ယူပေးခြင်း၊ သင်တန်းသားတစ်ဦးလျင် တစ်လ ကျပ် ၃၀၀၀၀ ထောက်ပံ့ပေးခြင်း၊ သင်တန်းကာလအတွင်း နေထိုင်ရန် အဆောင်စရိတ် အခမဲ့ နေထိုင်ခွင့်တို့ကိုစီစဉ် ဆောင်ရွက်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ အသက်မွေးဝမ်းကျောင်း တတ်မြောက်မှုနှင့် ကုန်ထုတ်လုပ်မှုစွမ်းရည် တိုးမြှင့်ပေးနိုင်ရေးတို့အတွက် သင်ကြားလေ့ကျင့် ပေးလျက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)