ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး တိုကျိုမြို့ ဂျပန်နိုင်ငံရောက် မဲဆန္ဒရှင် မြန်မာနိုင်ငံသားများသို့ ကြိုတင်ဆန္ဒမဲပေးရာတွင် လိုက်နာရမည့်အချက်များ အသိပေးထုတ်ပြန်ချက်

၂၈ စက်တင်ဘာ

 

ဂျပန်နိုင်ငံရှိ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားများက ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ကြိုတင်မဲဆန္ဒပေးနိုင်ပါရန် မြန်မာသံရုံး၊ တိုကျိုမြို့၌ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၃ ရက် (စနေနေ့) မှ အောက်တိုဘာလ ၁၄ ရက် (ဗုဒ္ဓဟူးနေ့) အထိ နံနက် ၀၉၀၀ နာရီမှ ၁၇၀၀ နာရီအထိ မဲရုံ ဖွင့်လှစ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။ ထို့အပြင်၊ နာဂိုရာမြို့၊မြန်မာနိုင်ငံဆိုင်ရာဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံးတွင်လည်း မဲရုံခွဲ ဖွင့်လှစ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါသည်။

 

သို့ဖြစ်ပါ၍၊ မဲဆန္ဒပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားများအနေဖြင့် ကြိုတင်ဆန္ဒမဲပေးရန် မဲရုံသို့လာရောက်သည့်အခါ အောက်ဖော်ပြပါအထောက်အထားစာရွက်စာတမ်းများကို ယူဆောင် လာကြပါရန် အသိပေး နှိုးဆော်အပ်ပါသည်-

- မြန်မာနိုင်ငံကူးလက်မှတ်(မူရင်း) / နိုင်ငံသားစိစစ်ရေးကဒ်ပြား (မူရင်း)/ (မိတ္တူ) (ဦးစားပေး ယူဆောင်လာပါရန် ဖြစ်ပါသည်။)

(ဂျပန်နိုင်ငံတွင်နေထိုင်ခွင့်ကဒ်ပြား (မူရင်း) / ဝန်ထမ်းကဒ်ပြား (မူရင်း) ကို အထောက်အထား စိစစ်နိုင်ပါရန် စဉ်းစားပေးပါမည်)

 ထို့အပြင်၊ဂျပန်နိုင်ငံရောက်မဲဆန္ဒပေးပိုင်ခွင့်ရှိသူ မြန်မာနိုင်ငံသားများအနေဖြင့် အောက်ပါ အချက်များကိုလည်း အလေးထား လိုက်နာဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

 

 (က) လိုက်နာဆောင်ရွက်ရမည့်အချက်များ

- သတ်မှတ်ထားသည့် မဲရုံဖွင့်လှစ်ချိန် အတွင်း လာရောက်လျက် ကြိုတင်ဆန္ဒမဲ ပေးကြ ပါရန်။

- ကြိုတင်ဆန္ဒမဲပေးရာတွင် တန်းစီမဲပေးစနစ်ကို ကျင့်သုံးမည်ဖြစ်ရာ၊ စနစ်တကျ လိုက်နာဆောင်ရွက်ကြပါရန်။ တာဝန်ကျဝန်ထမ်းများ၊ ပံ့ပိုးကူညီသူများနှင့် ပူးပေါင်း ဆောင်ရွက်ကြပါရန်။

- ကော်ရိုနာဗိုင်းရတ်စ်ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ Mask အမြဲ တတ်ဆင်ထားခြင်း၊ လက်ကို လက်ဆေးရည်ဖြင့် သန့်စင်ခြင်းနှင့် Safe distancing အဖြစ် တစ်ဦးနှင့်တစ်ဦး ၂ ပေ အကွာ စနစ်တကျ တန်းစီ နေရာယူပေးပါရန်။

- မဲရုံအတွင်းသို့ ဝင်ရောက်သည့်အခါ မိမိနှင့်အတူ အထောက်အထား စာရွက်စာတမ်း များသာ ယူဆောင်လာပါရန်နှင့် အသုံးအဆောင်ပစ္စည်း၊ ကျောပိုးအိတ်၊ လက်ကိုင် အိတ်များ ယူဆောင်လာခြင်းမပြုကြပါရန်။ (အကယ်၍ ပါရှိလာပါက သတ်မှတ်နေရာ တွင် ထားရှိပြီးမှ မဲပေးကြပါရန်။)

- မဲရုံအတွင်း မဝင်ရောက်မီ လုံခြုံရေးအရ စစ်ဆေးခြင်းနှင့် ကျန်းမာရေးအရ ကိုယ်အပူ ချိန်တိုင်းတာခြင်းတို့ကို ကြည်ဖြူစွာ ပူးပေါင်းဆောင်ရွက်ပေးကြပါရန်။

- သံရုံးရှေ့ လမ်းမကြီးတွင် လမ်းသွားလမ်းလာ ပိတ်ဆို့မှုမရှိစေရေးအတွက် အလေးထား လိုက်နာဆောင်ရွက်ကြပါရန်။

- ကြိုတင်မဲဆန္ဒပေးပြီးပါက မဲရုံပရဝဏ်အတွင်းမှ ဆောလျင်စွာ ထွက်ခွာပေးပါရန်။

 

(ခ) ရှောင်ကျဉ်ရမည့် အချက်များ

- မဲရုံပရဝဏ်အတွင်းလက်နက်၊ချွန်ထက်သောပစ္စည်းများယူဆောင်လာခြင်းမပြုပါရန်။

- မဲရုံသို့ လာရောက်ရာတွင် အရက်သေစာသောက်စားလာခြင်း မပြုကြပါရန်။

- မဲရုံမှ ကိုက် ၅၀၀ အတွင်း လူစုလူဝေး ပြုလုပ်ခြင်း၊ ပါတီတစ်ခုခု၏ အမှတ်အသား ဝတ်ဆင်လာခြင်း၊ အလံလွှင့်ထူခြင်း၊ သီချင်း၊ ကြွေးကျော်သံများ ဟစ်ကြွေး သီဆိုခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ စည်းရုံးဆောင်ရွက်ခြင်း မပြုလုပ်ကြပါရန်။

- မဲရုံဖွင့်လှစ်မည့် မြန်မာသံရုံးသည် လူနေရပ်ကွက်အတွင်း တည်ရှိပါသဖြင့် ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်စေမည့် ဆူညံပြောဆိုခြင်းများ မပြုလုပ်ကြပါရန်။

- မဲရုံပရဝဏ်အတွင်းနှင့် သံရုံး၏ပြင်ပတွင် အမှိုက်များ စွန့်ပစ်ခြင်း မပြုလုပ်ကြပါရန်။ (သတ်မှတ်ထားသည့် အမှိုက်ပုံးများတွင် စနစ်တကျ စွန့်ပစ်ကြပါရန်။)

- နေမကောင်းပါက အများ၏ကျန်းမာရေးကို ထောက်ရှူသောအားဖြင့် လာရောက်ခြင်း မပြုကြပါရန်။

မြန်မာသံရုံး၊

တိုကျိုမြို့။

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၈ ရက်။

 

Credit #Embassy of the Republic of the Union of Myanmar, Tokyo

 

mdn

 

mdn