ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၅)နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် ပေးပို့သည့်သဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ချုပ်ဆိုခြင်း (၅)နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် ပေးပို့သည့်သဝဏ်လွှာ

 (၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၅ ရက်)

(၁၃၈၂ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်)

ချစ်ခင်လေးစားအပ်ပါသော ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများခင်ဗျား-

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့သည် မြန်မာ့ငြိမ်းချမ်းရေးအတွက် အထင်ကရမှတ်တိုင်ဖြစ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement- NCA)ကိုလက်မှတ်ရေးထိုးနိုင်ခဲ့သည့် ၅ နှစ်မြောက်နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ၌ ပါဝင်ကြသူများ၊ စာချုပ်ကြီး လက်မှတ်ရေးထိုးနိုင်ရေးအတွက် ကူညီအားပေးကြသူများ၊ NCA စာချုပ်ကြီး လက်မှတ်ရေးထိုးနိုင်ရေး ဖြစ်မြောက်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြသည့် တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်တွင်းနှင့် နိုင်ငံတကာအသိသက်သေများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ရဟန်းရှင်လူပုဂ္ဂိုလ်များအပေါင်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့်ပြည့်စုံပြီး တိုင်းပြည်၏ငြိမ်းချမ်းရေးအကျိုးကို ဆတက်ထမ်းပိုးထမ်း ဆောင်နိုင်ကြပါစေကြောင်း ဦးစွာဆန္ဒပြုနှုတ်ခွန်းဆက်သအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးများစုပေါင်း နေထိုင်ကြပြီး ပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ် နှစ်ပေါင်းများစွာရပ်တည်နေထိုင်ခဲ့ရာမှ ၁၈၈၅ ခုနှစ်တွင်နယ်ချဲ့တို့၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရပါသည်။ နယ်ချဲ့များသည် လွတ်လပ်ရေးမပေးရအောင် သွေးခွဲအုပ်ချုပ်မှုများ ပြုလုပ်ခဲ့ပါသည်။ လွတ်လပ်ရေးပေးရမည့် အခါတွင်လည်း ခွဲထွက်ရေးလှုပ်ရှားမှုများ၊ ဆူပူမှုများနှင့် လက်နက်ကိုင်သောင်းကျန်းမှုများ ဖြစ်စေရန်အတွက် ဖန်တီးပေးထားခဲ့သည်။ မိမိတို့နိုင်ငံအတွင်း ဝါဒစွဲ၊ ဂိုဏ်းဂဏစွဲများကြောင့် အရောင်အသွေးစုံသည့် ရောင်စုံသောင်းကျန်းမှုကြီး ပေါ်ပေါက်ခဲ့သည်မှာ ယနေ့အထိ နှစ် ၇၀ ကျော်ကြာမျှ ကြာမြင့်ခဲ့ပါသည်။ အစိုးရအဆက်ဆက်က ပြည်တွင်းသောင်းကျန်းမှုချုပ်ငြိမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင်ကြိုးပမ်းခဲ့ကြသော်လည်း အခြေအနေအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့ကြောင်းတွေ့ရှိရပါသည်။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှစတင်၍ တပ်မတော်အစိုးရ လက်ထက်တွင် ဒို့တာဝန်အရေး(၃)ပါးကို အခြေခံလျက် စေတနာမှန်စွာဖြင့် ငြိမ်းချမ်းရေးဖိတ်ခေါ်၍ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရယူနိုင်ခဲ့ကာ တစ်နိုင်ငံလုံးနီးပါး ငြိမ်းချမ်းရေးတည်ဆောက်နိုင်ခဲ့ပါသည်။ တပ်မတော်အစိုးရလက်ထက် ငြိမ်းချမ်းရေးရယူရာတွင် ယာယီနေထိုင်ရေး၊ နယ်မြေကန့်သတ်သဘောတူညီချက်၊ ဒေသဖွံ့ဖြိုးရေးသဘောတူညီချက်စသည့် Gentleman Agreement များသာရရှိခဲ့ပါသည်။ ဒီမိုကရေစီစနစ်ပြုပြင်ပြောင်းလဲရာတွင် ထာဝရငြိမ်းချမ်းရေးမရရှိဘဲ ပြောင်းလဲရန်ခက်ခဲပါသည်။ ပါတီစုံဒီမိုကရေစီခေတ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းများ၊ သဘောတူညီချက်များ၌ တစ်ပုံစံတည်းဖြစ်စေရန်၊ ဒီမိုကရေစီစနစ်နှင့်ကိုက်ညီစေရန် လိုအပ်လာပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေး၏အစဖြစ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ရေးဆွဲနိုင်ရေးကြိုးပမ်းခဲ့ကြသည်။

၂၀၁၃ ခုနှစ်၊ နို၀င်ဘာလ ၂ ရက်တွင် လိုင်ဇာညီလာခံမှအခြေခံပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို အတူတကွညှိနှိုင်းရေးဆွဲခဲ့ကြပါသည်။ ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် တစ်ခုတည်းသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(မူကြမ်း)ရရှိခဲ့ပါသည်။ ပထမစာချုပ်မူကြမ်းမှ NCA စာချုပ်အထိ သဘောတူညီမှုရရှိရေး ၆ ကြိမ် အသေးစိတ် အကျေအလည်ဆွေးနွေးပြီး အားလုံးသဘောတူညီချက်ရရှိပြီးမှသာ စာချုပ်၌ရေးသားခဲ့ကြခြင်းဖြစ်ပါသည်။ NCA တွင် ပါဝင်သည့် သဘောတူညီချက်အားလုံးနီးပါးသည် တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ တင်ပြချက်များအပေါ်အခြေခံပြီး အစိုးရနှင့်တပ်မတော်ဘက်မှ ညှိနှိုင်းပေးခဲ့ခြင်းဖြစ်ပါ သည်။

အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၏ ဝိုင်းဝန်းကြိုးပမ်းမှု၊ သည်းခံမှု၊ သဘောထားကြီးမှု၊ အနစ်နာခံ ကြိုးစားအားထုတ်မှုများကြောင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့နှင့် သမိုင်းဝင်သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင်  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၂ ဖွဲ့နှင့် ထပ်မံလက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။ NCA ဖြစ်ပေါ်လာမှုသည် ခက်ခက်ခဲခဲနက်နက်ရှိုင်းရှိုင်းကြိုးပမ်းခဲ့ရခြင်းဖြစ်သဖြင့် ပါဝင်သူ အားလုံးကို တပ်မတော်အနေဖြင့် အသိအမှတ်ပြုဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

NCA စာချုပ်သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ဟု အမည်တွင်သော်လည်း စာချုပ်ထဲတွင်ပါဝင်ခဲ့သည့် သဘောတူညီချက်များသည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုသည်ထက် ပိုမိုကျယ်ပြန့်ပါသည်။ NCA ၏အခြေခံမူများ၌ လက်နက်ကိုင်ပဋိပက္ခများအဆုံးသတ်နိုင်ရေး ဆွေးနွေးညှိနှိုင်းအဖြေရှာရေး၊ နိုင်ငံရေးပြဿနာကိုစစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲနိုင်ငံရေးနည်းဖြင့်ဖြေရှင်းမည့် နိုင်ငံရေးယဉ်ကျေးမှုအသစ်တစ်ရပ်ထူထောင်ပြီး တန်းတူရည်တူအခွင့်အရေးရရှိ၍ ရေရှည်တည်တံ့ခိုင်မြဲသည့်ငြိမ်းချမ်းရေးတည်ဆောက်ရန် သဘောတူထားကြခြင်းဖြစ်သဖြင့် နိုင်ငံရေးလမ်းပြမြေပုံနှင့်အညီ နိုင်ငံရေးဆွေးနွေးမှုရလဒ်များမှတစ်ဆင့် တိုးတက်ဖြစ်ပေါ်လာသော လုပ်ငန်းစဉ်များအလိုက် ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

မိမိတို့နိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံရှိသကဲ့သို့ နိုင်ငံရေးမူဝါဒအပေါ် အခြေခံဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီများနှင့် ဒေသနှင့်တိုင်းရင်းသားလူမျိုးများအပေါ် အခြေခံဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီများ စသည်ဖြင့် နိုင်ငံရေးပါတီမျိုးစုံရှိပါသည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် နိုင်ငံ့အရေးကိုဆောင်ရွက်ကြမည့် နိုင်ငံရေးပါတီများသည် နိုင်ငံတော်တည်ဆောက်ရေးတွင် ကျယ်ကျယ်ပြန့်ပြန့်ကိုယ်စားပြု ပါဝင်ဆောင်ရွက်နိုင်ရန်လိုအပ်ပါသည်။ ထိုကဲ့သို့ပါဝင်နိုင်သည့်စနစ်ကိုကျင့်သုံးပါမှ မိမိတို့ဒေသအကျိုးနှင့် ­လူမျိုးအကျိုးကိုပါထိထိရောက်ရောက် ပါဝင်ဆောင်ရွက်နိုင်ခွင့်ရရှိမည်ဖြစ်ပါသည်။ သို့မှသာ ထာဝရငြိမ်းချမ်းရေးမှ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို အမြန်ဆုံးသွားရောက်နိုင်မည်ဖြစ်သဖြင့် ၎င်းကိစ္စကို နည်းလမ်းတစ်ခုအနေဖြင့် စဉ်းစားကြစေလိုပါသည်။

ပင်လုံစာချုပ်သည် မိမိတို့တိုင်းရင်းသားညီအစ်ကိုမောင်နှမများ စည်းလုံး ညီညွတ်မှုပိုမိုကျစ်လျစ်ခိုင်မာစေရေးအသိအမှတ်ပြုသည့် ပြယုဂ်ဖြစ်သကဲ့သို့ NCA သည်လည်း နှစ်ကာလများစွာကဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများပပျောက်ရေး၊ ယုံမှားသံသယများပပျောက်ရေး စသည့် သမိုင်းတန်ဖိုးကိုဖော်ပြသော ပြယုဂ်ဟုသဘောထားအသိအမှတ်ပြုကာ NCA စာချုပ်ပါအချက်များအတိုင်း လိုက်နာဆောင်ရွက် အကောင်အထည်ဖော်ကြရမည်ဖြစ်ပါသည်။ သဘောတူညီပြီးဖြစ်သည့် ပြည်ထောင်စုသဘောတူစာချုပ်(Union Accord)အစိတ်အပိုင်း ၃ ခုကိုလည်း ဒီမိုကရေစီနည်းလမ်းအရ လွှတ်တော်၌ ဆက်လက်ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ပါသည်။

COVID-19 ရောဂါသည် မိမိတို့နိုင်ငံတွင် ယခုနှစ်စက်တင်ဘာလဆန်းပိုင်းမှ စတင်ပြီး Second Wave အဖြစ် ပြန်လည်ဖြစ်ပွားလျက်ရှိကာ ရောဂါပိုးတွေ့ရှိသူ သောင်းဂဏန်းကျော်နှင့် သေဆုံးသူများလည်း ရာဂဏန်းကျော်ရှိသွားပြီဖြစ်ပါသည်။  တပ်မတော်အနေဖြင့် ရောဂါကြိုတင်ကာကွယ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အင်တိုက်အားတိုက်အရှိန်အဟုန်ဖြင့် ပါဝင်ကူညီဆောင်ရွက်လျက်ရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရှိရာ ဒေသများသို့ သွားရောက်ပေးအပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း မိဘပြည်သူများ၏လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် စွမ်းအားရှိသမျှ ပြည်သူများနှင့်အတူလက်တွဲ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

COVID-19 ရောဂါအား ကာကွယ်နိုင်ရန်အတွက် ထုတ်ပြန်ထားသည့်စည်းမျဉ်း စည်းကမ်းများအား တိကျစွာအလေးထားလိုက်နာ ဆောင်ရွက်ခြင်းဖြင့် စည်းကမ်းကောင်းသည့် နိုင်ငံသားအဖြစ် ကျော်လွှားသွားရမည်ဖြစ်ပါသည်။ COVID-19 ကပ်ရောဂါသည် ကမ္ဘာတစ်ဝှမ်းလုံးတွင်ဖြစ်ပွားနေပြီး သန်း ၇၀၀၀ သောလူသားများ၏ လူမှုစီးပွားကျဆင်းနေမှုရှိသော်လည်း စားနပ်ရိက္ခာရောင်းဝယ်မှုသည် ကျဆင်းမှုမရှိဘဲ စားရေးသည်လူတိုင်းအတွက် လိုအပ်ချက်ဖြစ်သဖြင့် စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဒေသအလိုက်ကြိုးစားထုတ်လုပ်ပြီး တစ်ဦးချင်းဝင်ငွေမှ နိုင်ငံ့ဝင်ငွေရရှိအောင် လုပ်ဆောင်သွားကြရန် တိုက်တွန်းလိုပါသည်။ ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း မိဘပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် တပ်မတော်အနေဖြင့် စွမ်းအားရှိသမျှ ပြည်သူများနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလအတွင်း ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ပြီး ပါတီစုံဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အသက်ပင်ဖြစ်သည့်အတွက် ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်လိုအပ်ပါသည်။ ရွေးကောက်ပွဲတွင် “ပြည်ထောင်စုစိတ်ဓာတ်စစ်စစ်ဖြင့် တိုင်းပြည်ကောင်းအောင် စေတနာထားလုပ်ဆောင်မည့်၊ ဥပဒေကိုစိတ်ဝင်စားအလေးထားသည့် ကိုယ်စားလှယ်ကောင်းများရရှိရေးကို ဂရုတစိုက်စိစစ်ရွေးချယ်သွားရန် ” အသိပေးလိုပါသည်။ ရွေးချယ်မှုမှန်ကန်မှသာ တိုင်းရင်းသားများလိုလားသည့် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးတို့ကို ပြည့်ပြည့်ဝဝခံစားနိုင်မည်ဖြစ်ပါသည်။

တပ်မတော်အနေဖြင့်လည်း တိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ လိုအင်ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် စုစည်းညီညွတ်ခိုင်မာသည့် ပြည်ထောင်စုကြီးကို တိုင်းရင်းသားပြည်သူလူထုနှင့်အတူ လက်တွဲ၍ တည်ဆောက်သွားမည်ဖြစ်ပြီး အဖွဲ့အစည်းအားလုံး၊ တိုင်းရင်းသားပြည်သူလူထုအားလုံးကလည်း အမိနိုင်ငံတော်၏ ထာဝရငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ပါဝင်ဆောင်ရွက်သွားနိုင်ရေး သဝဏ်လွှာပေးပို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်