ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၉) လပြည့် နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့မှုနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောကြားသည့်မိန့်ခွန်း

နေပြည်တော်၊ နိုဝင်ဘာ ၁

 

ချစ်ခင်လေးစားအပ်တဲ့ တိုင်းရင်းသားမိဘပြည်သူများခင်ဗျာ၊ အားလုံးပဲ ကိုယ်စိတ် နှစ်ဖြာကျန်းမာ ချမ်းသာပါစေ ကြောင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

 

ဒီနေ့ဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေနဲ့ နိုင်ငံတော်အား နိုင်ငံရေးအရ အရေးပေါ် အခြေအနေကြေညာပြီးတော့မှ တာဝန်ယူဆောင်ရွက်ခဲ့တာ ၉ လ ပြည့်တဲ့နေ့ဖြစ်ပါတယ်။ ဒီ ၉ လတာ ကာလအတွင်းမှာ ကျွန်တော်တို့ ကောင်စီရဲ့ ဆောင်ရွက်မှု အခြေအနေများကို ကျွန်တော်ရှင်းပြလိုပါတယ်။ နိုင်ငံတော်အနေနဲ့ ဘာတွေလုပ်သင့်တယ် ဆိုတာလေးလဲ ကျွန်တော်အနည်းငယ် ပြောလိုပါတယ်။ ကျွန်တော်တို့ကောင်စီ တာဝန်ယူပြီးတဲ့အချိန်မှာ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို ချမှတ်ခဲ့ပါတယ်။ ရှေ့လုပ်ငန်းစဉ် ၁ မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြန်လည်ဖွဲ့စည်းပြီးတော့ ရွေးကောက်ပွဲမဲစာရင်းတွေ စစ်ဆေးပြီးခြင်းအပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်တာတွေကို ဥပဒေနှင့်အညီဆက်လက် လုပ်ဆောင်သွားမယ်လို့ ကျွန်တော်တို့ပြောခဲ့တာရှိပါတယ်။ ဒါလည်း ကော်မရှင်ကဖွဲ့စည်းပြီးတော့မှ ပြန်လည် စစ်ဆေးပြီးတော့ လုပ်ငန်းအားလုံး ပြီးစီးပြီးဖြစ်ပါတယ်။ တွေ့ရှိချက်များကိုလည်း ဥပဒေနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိနေကြောင်းလည်း ပြောလိုပါတယ်။

 

ဒုတိယအချက်အနေဖြင့် ယခုလောလောဆယ် ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်ပြီး ကာကွယ်ရေး လုပ်ငန်းတွေကို အရှိန်အဟုန်မပြတ် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကျွန်တော်ပြောခဲ့တာ ရှိတယ်။ ကိုဗစ် ရောဂါ ပထမလှိုင်းဟာ ပြီးခဲ့တဲ့နှစ် မတ်လ ၂၃ ရက်နေ့ကနေ စခဲ့ပါတယ်။ ဩဂုတ်လ ၁၅ ရက်နေ့မှာတော့ ပထမလှိုင်းပြီးခဲ့တယ်လို့ ကျွန်တော်တို့တွေ့တယ်။ ဒုတိယလှိုင်းကတော့ ပြီးခဲ့တဲ့ ၈ လ ပိုင်း ၁၆ ရက်နေ့ကနေစခဲ့ပြီးတော့ ဒီနှစ် ဇွန်လ ၂၆ ရက်အထိဖြစ်ပါတယ်။ မှတ်တမ်းများအရ ကြည့်မယ်ဆိုရင် အောက်တိုဘာလ ၃၁ ရက်နေ့အထိ ကိုဗစ်ရောဂါဖြစ်ပွားမှု ကျွန်တော်တို့နိုင်ငံမှာ အားလုံးပေါင်း ၅၀၀၀၇၃ ယောက်ရှိပါတယ်။ သေဆုံးသူက ၁၈၆၉၇ ယောက်၊ (၃ ဒသမ ၇၄) ရာခိုင်နှုန်းရှိပါတယ်။ အဆိုးဆုံးကတော့ ဇူလိုင်လမှာ ၁၄၁၉၀၈ ယောက်ဖြစ်ခဲ့ပြီး (၃၃ ဒသမ ၃၈) ရာခိုင်နှုန်းနဲ့ အမြင့်မားဆုံးဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဩဂုတ်လမှာတော့ သေဆုံးမှုအမြင့်ဆုံး ၆၀၅၅ ယောက် (၆ ဒသမ ၀၅) ရာခိုင်နှုန်း ရှိတာတာတွေ့ပါတယ်။ ကိုဗစ်ရောဂါ တတိယလှိုင်းဖြစ်ပွားတဲ့ ကာလအတွင်းမှာ အရေးအင်မတန်ကြီးလာတဲ့အတွက်ကြောင့် ကျွန်တော်ကိုယ်တိုင်ဦးဆောင်ပြီးတော့မှ ကိုဗစ်ထိန်းချုပ်ရေး ဗဟိုကော်မတီအနေနဲ့ အစည်းအဝေးတွေ ကျွန်တော်ကျင်းပပြီး ထိန်းချုပ်ဖို့‌ ဆောင်ရွက်ခဲ့ပါတယ်။ ဒီတတိယလှိုင်း စတင်ဖြစ်ပွားတဲ့ကာလမှာ ကျွန်တော်တို့ အခက်အခဲတွေ အများကြီးရှိတယ်။ တစ်အချက်ကတော့ စီးပွားရေးမပြည့်စုံမှု၊ ဒုတိယကတော့ ဆေးပစ္စည်းတွေ မပြည့်စုံမှု ၊ တတိယကတော့ အောက်ဆီဂျင် မပြည့်စုံမှု၊ စတုတ္ထကတော့ ကျန်းမာရေးဝန်ထမ်း မပြည့်စုံမှု လိုအပ်ချက်တွေရှိတယ်။ ဒါတွေအခက်အခဲတွေ ကြားထဲကနေပြီးတော့ ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော့်ရဲ့ မူကတော့ လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိဘူး၊ ဒီကိုဗစ်နဲ့ပတ်သက်လို့ရှိရင် ဘယ်လိုနည်းနဲ့ပဲ ကုန်ကျပါစေ၊ ကျွန်တော်တို့ ကုန်ကျခံမယ်ဆိုပြီးတော့ ပြည်တွင်းပြည်ပကနေပြီးတော့ ရနိုင်တဲ့ လမ်းကြောင်းတွေကနေ ဝယ်ယူဆောင်ရွက်ခဲ့တာတွေ ရှိတယ်။ ဒီမှာမြန်မာတွေရဲ့ ယဉ်ကျေးမှု လက္ခဏာဖြစ်တဲ့ ကူညီချင်တဲ့စိတ်၊ လှူဒါန်းချင်တဲ့စိတ်တွေက သူများနိုင်ငံတွေထက် သာလွန်တာတွေရှိတယ်၊ ဒီစိတ်ဓာတ်တွေကြောင့် ကိုဗစ်ဖြစ်ပွားတဲ့အချိန်မှာ ပြည်သူတွေကနေပြီးတော့ ဆေးပစ္စည်းတွေ၊ ဆေးဝါးတွေ၊ နောက်အောက်ဆီဂျင်တွေကို ရရာလမ်းကြောင်းကနေ ရအောင်ရှာပြီးတော့ လှူဒါန်းမှုတွေ ပြုခဲ့တယ်။ အလားတူစွာပဲ ကျန်းမာရေးဝန်ထမ်းတွေ လိုအပ်ချက်ရှိတဲ့အချိန်မှာ အငြိမ်းစားဝန်ထမ်းတွေ၊ တပ်မတော်ဘက်၊ နယ်ဘက် ဝန်ထမ်းတွေကလည်း ရရာလမ်းကြောင်းကနေ လာရောက်ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးမှုတွေရှိတယ်။ ဒီလိုကနေပြီးတော့မှ ကျွန်တော်တို့ ကြိုးစားဆောင်ရွက်မှုတွေကြောင့်၊ နောက်တစ်ခါ  အိမ်နီးချင်း မိတ်ဆွေနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံကနေပြီးတော့ ကာကွယ်ဆေးနဲ့ ကာကွယ်ရေးပစ္စည်းတွေ အဆင်ပြေပြေရရှိရေးကို အများကြီး ဆောင်ရွက်ပေးခဲ့တဲ့အတွက်ကြောင့် ထိန်းသိမ်းနိုင်မှုအခြေအနေများ ကောင်းလာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ဆိုလိုရှိရင် ဖြစ်ပွားမှုရာခိုင်နှုန်းက တစ်နိုင်ငံလုံးနှင့်ကြည့်မယ်ဆိုရင်တော့ ၅ ရာခိုင်နှုန်း အောက်ကျနေပြီဖြစ်ပါတယ်။ ဒါပေမယ့် အဓိကဖြစ်ပွားမှုနှုန်းများတဲ့ အဓိကမြို့နယ် ၁၅ မြို့နယ်ကို ဖယ်လိုက်လို့ရှိရင် ကျွန်တော်တို့တကယ်ဖြစ်ပွားတဲ့ ရာခိုင်နှုန်းက ၃ ရာခိုင်နှုန်း ပတ်ဝန်းကျင်ပဲရှိတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ဒီဟာတွေကို ကိုဗစ်ရောဂါထိန်းချုပ်ရေးနှင့် ပတ်သက်ပြီးတော့ ကျွန်တော်တို့လုပ်နိုင်တဲ့ ပမာဏအတွင်းမှာ လုပ်ပြီးပြီဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ရပ်ထားခဲ့ရတဲ့ ယန္တရားမျိုးစုံကို ပြန်လည်လည်ပတ်ဖို့အတွက် ဆောင်ရွက်ပေးတာတွေရှိပါတယ်။ အဲဒီတော့ ဒီကိုဗစ်ရောဂါ ဖြစ်ပွားတဲ့အတွင်းမှာပဲ Stay at Home သတ်မှတ်ခဲ့တာ ရှိပါတယ်။ ၂၈ ရက် ၅ လ ၂၀၂၁ ရက်နေ့ကနေပြီးတော့ စတင်ကြေညာပြီးတော့ ၂၄ ရက် ၈ လ အထိ ၁၁၉ မြို့နယ်ကြေညာခဲ့ရတာရှိပါတယ်။ အခြေအနေကောင်းတဲ့အတွက်ကြောင့် မြို့နယ် ၅၀ ကိုပြန်လည်လွှတ်ခဲ့ပြီးတော့ ၆၉ မြို့နယ် ကျန်ရှိနေတာရှိပါတယ်။ ဒီမြို့နယ်တွေကလည်း ဆက်လက်ကြိုးစား ဆောင်ရွက်သွားမယ်ဆိုလို့ရှိရင် Stay at Home သတ်မှတ်ချက်ကနေပြီးတော့ လျှော့ချပြီးဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်ယူဆပါတယ်။

 

ကျွန်တော်တို့ တာဝန်ယူပြီးတဲ့နောက်ပိုင်းမှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ ထူးခြားတဲ့ လက္ခဏာရှိတဲ့အတွက်ကြောင့် အဲ့ဒီမှာလည်းကျွန်တော် ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသားပေါင်း ၂၃၃၆၉ ဦးကို ပြစ်ဒဏ်ကနေလွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ထူးခြားတဲ့ရက် နှစ်ရက်ရှိပါတယ်။ အဲ့ဒါကတော့ နှစ်ဆန်းတစ်ရက်နေ့နဲ့ သီတင်းကျွတ်လပြည့်နေ့ဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှု တွေလုပ်ကြတယ်၊ ဆရာသမား၊ မိဘတွေကိုလည်းကန်တော့ကြတယ်၊ ဒီလိုအတွက်ကြောင့် ဒီကုသိုလ်လေးတွေကို ရရှိစေရန်အလို့ငှာပဲ ၂၃၁၈၄ ဦးကို မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ အလားတူစွာပဲ သီတင်းကျွတ် လပြည့်နေမှာလည်း ၅၆၃၆ ယောက်၊ အမှုပိတ်သိမ်းတဲ့သူတွေ အပါအဝင် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။ အလားတူပဲ NCA (၆) နှစ်ပြည့်ဖြစ်တဲ့ အထိမ်းအမှတ်နေ့ နိုဝင်ဘာ ၁၅ ရက်နေ့ကလည်း ၁၁၄ ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့တာရှိပါတယ်။ ဒါတွေကြောင့် အားလုံးပေါင်းပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးခဲ့တာဟာ ၄၇၈၆၉ ယောက်ရှိ ပြီး၊ အမှုပိတ်သိမ်းမှုပေါင်း ၄၄၃၄ ယောက်ရှိကြောင်းပြောကြားလိုပါတယ်။

 

ဆက်လက်ပြီးကျွန်တော် ကိုဗစ်ရောဂါကာကွယ်ဆေးနဲ့ပတ်သက်ပြီး ဆောင်ရွက်မှုအခြေအနေများကို တင်ပြလိုပါတယ်။ အိန္ဒိယနိုင်ငံနဲ့ တရုတ်နိုင်ငံကနေ ကာကွယ်ဆေးဝယ်ယူရရှိမှု၊ လှူဒါန်းမှုတွေ အားလုံးပေါင်းဟာ ၃၃ ဒသမ ၈ သန်းရှိပါတယ်။ အဲ့ဒီကနေ ကျွန်တော်တို့ ဇန်နဝါရီလ ၂၇ ရက်နေ့ကနေစပြီးတော့ ကာကွယ်ဆေးထိုးနှံမှုတွေ ကျွန်တော်တို့ စခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့အထိ ကာကွယ်ဆေးထိုးပြီးသူပေါင်း ၁၃ ဒသမ ၃ သန်း၊ ပထမအကြိမ်ထိုးတာရော ဒုတိယအကြိမ်ထိုးတာရော နှစ်ကြိမ်ထိုးတာရော ပါဝင်ပါတယ်။ ဦးတည်ထားတာက ၄၅ နှစ် အထက် ဦးတည်ထိုးတာဆိုတော့ ၄၅ နှစ်အထက် လူဦးရေ၏ ၃၅ ရာခိုင်နှုန်းကျော် ထိုးပြီးဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ အလားတူစွာပဲ နိုင်ငံ့ဝန်ထမ်းအားလုံး ၈ သိန်းကျော်ရှိပါတယ်။ အဲဒီထဲကနေပြီးတော့မှ ၃၅၄၀၀ ကျော် ထိုးနှံပြီးဖြစ်ပါတယ်။ ၄၄ ဒသမ ၂ ရာခိုင်နှုန်းကျော် ထိုးပြီးဖြစ်တယ်လို့ ကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ အလားတူပဲ ကျွန်တော်တို့က ကျောင်းတွေဖွင့်ဖို့ပြင်ဆင်တဲ့အခါမှာ ကျောင်းသားတွေ ဆေးထိုးဖို့လိုတဲ့အတွက်ကြောင့် ကျွန်တော်တို့ ခုနကပြောတဲ့ ဦးတည်သူ အသက် ၄၅ နှစ်ကနေပြီးတော့ အသက် ၁၂ နှစ်အထက် ကျောင်းသားတွေ ဆေးထိုးဖို့အတွက်လဲ ဆောင်ရွက်ခဲ့ပါတယ်။ အားလုံးပေါင်း Register လုပ်ထားတဲ့ကျောင်းသားပေါင်း ၁ ဒသမ ၁ သန်းကျော်ရှိပါတယ်။ အဲဒီထဲကနေပြီးတော့ အောက်တိုဘာ ၃၁ ရက်နေ့အထိ ၉ ဒသမ ၈ သိန်း (First Does) ထိုးနှံပြီးဖြစ်ပါတယ်။ ၈၄ ဒသမ ၆ ရာခိုင်နှုန်းထိုးပြီးဖြစ် ပါတယ်။ (Second Does) ကိုတော့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ဆက်လက်ထိုးမယ်လို့ စီစဉ်ထားကြောင်း ကျွန်တော်အသိပေးလိုပါတယ်။ အလားတူစွာပဲ တက္ကသိုလ်နှင့် ကောလိပ်ကျောင်းတွေကိုလည်း မကြာခင်မှာဘဲ ဖွင့်နိုင်ဖို့အတွက် ကျွန်တော် ကြိုးစားဆောင်ရွက်နေတဲ့အတွက်ကြောင့် တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ မှတ်ပုံတင်ထားတဲ့ သူများကိုလည်း အမြန်ဆုံးထိုးနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတဲ့အကြောင်းကို ပြည်သူလူထုကို ကျွန်တော်အသိပေးလိုပါတယ်။  ကျောင်းဖွင့်ရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်မှုအခြေအနေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့မှာကျောင်းတွေဖွင့်လှစ်ခဲ့တယ်။ သို့သော်လည်းပဲ ဒုတိယလှိုင်းအပြီးနဲ့ တတိယလှိုင်း အရှိန်မြင့်လာတဲ့အတွက်ကြောင့် ဇွန်လိုင်လ ၉ ရက်နေ့မှာ ပြန်ပိတ်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းလာတာတွေ့ရတဲ့အတွက်ကြောင့် ပြည်နယ်နှင့် တိုင်း ၉ ခုမှာ ဖြစ်ပွားမှုနှုန်းများနေဆဲဖြစ်တဲ့ မြို့နယ် ၄၆ မြို့နယ်ကို ချန်လှပ်ပြီးတော့မှ ကျန်တဲ့ကျောင်းတွေ၊ ပုဂ္ဂလိကကျောင်းတွေ၊ ဘုန်းတော်ကြီးသင် ပညာ ရေးကျောင်းတွေ အပါအဝင်အားလုံး ဒီနေ့ကစပြီး စတင်ဖွင့် လှစ်ပြီးဖြစ်ပါတယ်။ ဒီနေရာမှာ မိဘပြည်သူများကို မေတ္တရပ်ခံချင်တာကတော့ ကိုဗစ် စည်းကမ်းနဲ့ ပတ်သက်ပြီး သတ်မှတ်ထားတဲ့ သွားလာမှုစည်းကမ်း၊ နေထိုင်မှု စည်းကမ်း၊ ဒါတွေကို အပြည့်အဝ လိုက်နာပြီးတော့ ဆောင်ရွက်မယ်ဆိုလို့ရှိရင် လက်ရှိ ကျောင်းဖွင့်လှစ်မှုကိုလည်း ထိခိုက်မှုလျော့နည်းနိုင်စရာ အကြောင်းရှိတဲ့အတွက်ကြောင့် ဒါကိုလည်း တိတိကျကျနဲ့ အလေးထားဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံ လိုပါတယ်။ တစ်ဖက်ကလည်း ကျန်ရှိတဲ့ ၄၆ မြို့နယ်မှာရှိတဲ့ ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက်ဆိုရင် ကိုဗစ်ဖြစ်ပွားမှုနှုန်းကို လျော့ကျအောင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သက်ဆိုင်ရာမြို့နယ်များ၊ သက်ဆိုင်ရာပြည်နယ်၊ တိုင်းအစိုးရများကနေပြီးတော့မှ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားမယ်ဆိုလို့ရှိရင် အခြေအနေကောင်းတွေ ရနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဖြစ်ပွားမှုနှုန်း များနေတယ်လို့ ယူဆရတဲ့ ရှမ်းပြည်နယ်ဒေသကိုလည်း ဒုတိယဝန်ကြီးတစ်ဦးကို ကျွန်တော် တောင်ကြီးမြို့မှာ တာဝန်ယူကွပ်ကဲပြီးတော့မှ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှမ်းပြည်နယ် (တောင်ပိုင်း)တို့ကို အထူးအဖွဲ့တွေနဲ့ ကျွန်တော် တွန်းအားပေးပြီးတော့ ဆောင်ရွက်ပေးနေတယ်ဆိုတဲ့ အကြောင်းလေးလည်း အသိပေးလိုပါတယ်။

 

ဆက်လက်ပြီး စီးပွားရေးအခြေအနေနဲ့ပတ်သက်ပြီးတော့ နည်းနည်းလေး  ကျွန်တော်ပြောလိုပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့နိုင်ငံက စိုက်ပျိုးရေးနိုင်ငံ ဖြစ်တဲ့အတွက်ကြောင့် ရေ၊ မြေဩဇာ အရေးကြီးတဲ့အကြောင်းကို အခါအားလျော်စွာ ကျွန်တော် ပြောခဲ့ပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကာလအတွင်းမှာ မြန်မာနိုင်ငံမှာ မိုးရွာသွန်းမှုနဲ့ ပတ်သက်ပြီးတော့ စံပြုမြို့နယ် ၇၅ မြို့နယ်ကို ကောက်ယူခဲ့ရာမှာ ၅၄ မြို့နယ်က ယခင်ထက် မိုးရေချိန်ထက်ကို ပိုမိုများပြားနေတာကို တွေ့ပါတယ်။ လက်ရှိအခြေအနေမှာ တစ်နိုင်ငံလုံး မိုးရွာသွန်းမှု အားကောင်းခဲ့ပါတယ်။ တစ်ခါကျွန်တော်တို့ အဓိက ဆည်တွေပေါ့ဗျာ၊ ဆည်ပေါင်း ၂၅၀ ကို စစ်တမ်းကောက်တဲ့အခါမှာလည်း ၃၁ ဆည်က ယခင်နှစ် ဝင်ရောက်ခဲ့တဲ့ စံချိန်ထက်ကျော်ပြီးတော့ ရေကျော်နေပြီဖြစ်ပါတယ်။ အများစုအားဖြင့် ဆည်ပေါင်း  ၁၇၄ ဆည်ဟာ ကာလတူနဲ့ ယှဉ်မယ်ဆိုလို့ရှိရင် ပိုနေတာ ကျွန်တော်တို့ တွေ့ရပါတယ်။ ကျန်တဲ့ ၄၅ ဆည်က နည်းနည်းလေး လျော့နေတာကို ကျွန်တော်တို့ တွေ့ပါတယ်။ အခု ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မိုးစပါး စိုက်ပျိုးမှုက ၁၅ သန်းရှိပါတယ်။ ဒီ ၁၅ သန်းမှာ ရာနှုန်းပြည့်နီးပါး စိုက်ပျိုးပြီးစီးပြီ ဖြစ်ပါတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ ဆည်တွေရေတွေကောင်းတယ်၊ မိုးကောင်းတယ် ဆိုသော်လည်းပဲ ကျွန်တော်တို့ နွေစပါး၊ နွေရာသီမှာ ဆည်တွေ ရေပြည့်ဖို့လိုပါတယ်။ ထို့အတူပဲ ကျွန်တော်တို့ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ဆိုလို့ရှိရင် အောင်ရေတွေ ပေးဖို့ လိုအပ်ပါတယ်။ အောင်ရေတွေ ပေးဖို့အတွက်ကို ကျွန်တော်တို့ လက်ရှိရှိထားတဲ့ ဆည်ရေတွေကိုလည်း ခြိုးခြံချွေတာပြီးတော့မှ အနည်းဆုံးလိုအပ်ချက်နဲ့ အလုံအလောက် ပေးနိုင်ဖို့အတွက် ကြိုးစားရမှာဖြစ်ပါတယ်။ ဒါကိုလည်း အကျိုးရှိရှိအသုံးချပါလို့ ကျွန်တော်ပြောလိုပါတယ်။ ကျွန်တော်တို့အတွက် ကံကောင်းတာတစ်ချက်က ဘာလဲဆိုတော့ ကျွန်တော်တို့ ဒီတစ်နှစ်လုံး မိုးကောင်းခဲ့သည် ဆိုသော်လည်းပဲ မြန်မာနိုင်ငံအောက်ပိုင်းမှာရှိတဲ့ တချို့မြို့နယ်များ ရေကြီးတာက လွဲလို့ရှိရင် သဘာဝဘေး အန္တရာယ် ကြီးကြီးမားမားမဖြစ်ခဲ့တာကို တွေ့ရပါတယ်။

 

နောက်တစ်ခုကတော့ စက်သုံးဆီနဲ့ပတ်သက်ပြီး ကျွန်တော် အနည်းငယ် ရှင်းပြလိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းမှာ ဒီဇယ်နဲ့ ဓာတ်ဆီ တင်သွင်းရမှုဟာ အားလုံးပေါင်း တန်ဖိုးအားဖြင့် ဒေါ်လာ ၂.၁၂၉ ဘီလီယံ ရှိပါတယ်။ ပြီးခဲ့တဲ့ မိန့်ခွန်းတွေမှာ ကျနော်ထည့်ခဲ့ပါတယ်။ အဲဒါ ဘာလဲဆိုတော့ စားအုန်းဆီနဲ့ ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာပဲ တန်ချိန် ၈ သိန်းကျော်သွင်းခဲ့ရပြီးတော့မှ ၈၂၆ သန်းဖိုး သွင်းခဲ့ရတာရှိပါတယ်။ အဲ့ဒီတော့ ခုနက စက်သုံးဆီရယ်၊ စားသုံးဆီရယ် ပေါင်းလို့ရှိ ရင် ၃ ဘီလီယံနီးပါးလောက်ရှိတာကို တွေ့ရပါတယ်။ အဓိက ကျွန်တော်ဆိုလိုချင်တာကတော့ စက်သုံးဆီနဲ့ပတ်သက်ပြီးတော့ အတတ်နိုင်ဆုံး ခြိုးခြံချွေတာသုံးစွဲဖို့ မေတ္တာရပ်ခံ လိုပါတယ်။ အထူးသဖြင့် သွားလာရေးနဲ့ ပတ်သက်လို့ ရှိရင် Public Transportation ဖြစ်တဲ့ မီးရထား၊ ဘက်စ်ကား၊ မြို့ပတ်ရထား၊ ဒါတွေကို အဓိကထား သုံးစွဲမယ်ဆိုလို့ရှိရင် ပိုပြီးတော့ အကျိုးရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ကျွန်တော် မီးရထားလမ်းတွေကိုလည်း တတ်နိုင်သလောက် အကုန်လုံး ကြိုးစားပြီး ဖွင့်လှစ်ပေးပါတယ်။ ဘယ်လောက်ပဲ အဖျက်အမှောင့်လုပ်ငန်းတွေ ရှိနေပါစေ။ တိုင်းပြည်အတွက် အကျိုးရှိတဲ့ လုပ်ငန်းဖြစ်လို့၊ ကျွန်တော်တို့ ဒါကိုကြိုးစားပြီး ဖွင့်လှစ်ပေးနေတာရှိပါတယ်။ ဒါကြောင့် မိဘပြည်သူများအနေနဲ့ ရထားနဲ့ ဘက်စ်ကား အသုံးပြုပြီးတော့ ခရီးသွားလာခြင်းကို အားပေးကြဖို့ ကျွန်တော် မေတ္တာရပ်ခံလိုပါတယ်။ ထို့အတူပဲ ခုနကပြောတဲ့ စားသုံးဆီနဲ့ ပတ်သက်လို့ရှိရင်လည်း မြန်မာနိုင်ငံမှာ  ဆီထွက်သီးနှံတွေ စိုက်ပါတယ်။ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာ၊ ပဲပုပ်၊ ဆီအုန်း စသည်ဖြင့် စိုက်တာပေါ့။ ပြီးခဲ့တဲ့ ကာလအတွင်းမှာ စီးပွားကူးသန်း ဝန်ကြီးဌာနက တင်ပြတဲ့ ကိန်းဂဏန်းအရဆိုလို့ရှိရင် အခုထွက်တဲ့ ဆီထွက်သီးနှံတွေက သာမန် စားသုံးမှုတွေကို ချန်လှပ်ပြီး ဆီကြိတ်ခွဲမှုက တန်ချိန် ၆၆၀၀၀ ကျော်ရတယ်လို့ ကျွန်တော်တို့ တွေ့ရပါတယ်။ ဆိုလိုတာကတော့ အတိုင်းအတာ တစ်ခုတစ်ခုအထိတော့ ကျွန်တော်တို့က ပြည်တွင်းမှာ စားသုံးဆီထွက်ပါတယ်။ ထို့အတူပဲ ပြည်ပကနေ တင်သွင်းတဲ့ စောစောကပြောတဲ့ တန်ချိန် ၈ သိန်းကျော်မှာလည်း ကျွန်တော့်ကိုလည်း တချို့က ပြောပါတယ်။ ဒီဆီတွေက စားသုံးဆီတင်မဟုတ်ဘူး၊ စက်သုံးဆီမှာပါ သုံးတယ်လို့၊ စက်မှုလုပ်ငန်းမှ သုံးတယ်လို့ ပြောပါတယ်။ မည်သို့ပင်ဆိုစေကာမူ ပေါ့ဗျာ။ ကျွန်တော်တို့ ဆီစားသုံးမှုမှာတော့ များနေတာကို သုတေသနပြုချက်အရ တွေ့ပါတယ်။ မိဘပြည်သူများ ဆိုင်တွေမှာ ရောင်းချနေတဲ့ ဆိုင်တွေမှာရောင်းချနေတဲ့ ဟင်းလျာတွေကိုကြည့်ပါ၊ ဆီပြန်ဟင်းတွေ များတာကို တွေ့ရပါလိမ့်မယ်။ အိမ်တွေမှာ ဆိုလို့ရှိရင်လည်း ဆီနိုင်နိုင်ထားပြီးတော့မှ သုံးကြတာလည်း တွေ့ရပါတယ်။ ကျွန်တော်တို့ မြန်မာ့ရိုးရာ မိရိုးဖလာစားတဲ့အထဲမှာ လက်ဖက်တို့၊ ပဲပြုတ်တို့၊ ငါးခြောက်ဖုတ်တို့ တော်တော်များများစားကြတာကို၊ ဒီနေရာမှာလည်း ဆီနိုင်းချင်း လေးနဲ့ စားကြတာကို တွေ့ပါ တယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီအစားအစာတွေ ကြိုက်ပါတယ်။ ဒါကြောင့် ကျွန်တော်ပြောချင်တာကတော့ အတတ်နိုင်ဆုံး ဆီအနည်း ဆုံး ထည့်သွင်းပြီးတော့ အသုံးပြုမယ်ဆိုလို့ရှိရင် ဆီချွေတာရာလည်း ရောက်ပါတယ်။ တိုင်းပြည်အတွက် စားသုံးဆီတင်သွင်းမှုကိုလည်း လျော့နည်းစေမှာဖြစ်ပါတယ်။ ဒါကြောင့် အဓိကအားဖြင့်တော့ စက်မောင်းဆီ အသုံးချမှု လျှော့ချပေးနိုင်ဖို့ရယ်၊ ဒုတိယအနေနဲ့ကတော့ စားသုံးဆီအသုံးချမှု လျှော့ချပေးနိုင်ဖို့နဲ့ တိုင်းပြည်အတွက် အကျိုးရှိ အောင်ဆောင်ရွက်ပေးဖို့အတွက် ကျွန်တော်ပြောလိုပါတယ်။

 

ဆက်လက်ပြီး ကျွန်တော် မြန်မာနိုင်ငံရဲ့ကုန်သွယ်ရေး အခြေအနေနဲ့ ပတ်သက်ပြီး ကျွန်တော် အနည်းငယ် ရှင်းပြလိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်းမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၉၅၈၅.၁၄၉ ရှိခဲ့ပါတယ်။ အဲ့ဒီမှာ     ပင်လယ်ရေကြောင်းက ကုန်သွယ်မှု ပမာဏ ၁၉၈၃၂.၁၃၁ သန်း၊ နယ်စပ်ကနေပြီး တော့ ၉၇၅၃.၀၈၁ သန်းဖြစ်ပါတယ်။ ကုန်သွယ်မှုပမာဏ ဖြစ်ပါတယ်။ အဲ့ဒီမှာ ပို့ကုန်၊ သွင်းကုန် ပြန်ယှဉ်ကြည့်မယ်ဆိုလို့ရှိရင် ပို့ကုန်က ၁၄၉၂၇.၀၆၅ သန်း ဖြစ်ပြီးတော့ သွင်းကုန်က ၁၄၆၅၈.၀၈၄ သန်းဖြစ်တဲ့အတွက်ကြောင့် ကုန်သွယ်မှု ပိုငွေ ၂၆၈.၉၈ သန်း ဖြစ်တာကိုတွေ့ပါတယ်။ ကာလတူမှာ ကုန်သွယ်မှုအနေနဲ့ လိုငွေ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၁၆၃၈.၇၄၉ သန်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်မှာ ကုန်သွယ်မှုနဲ့ပတ်သက်ပြီး အခြေအနေ ကောင်းတယ်လို့ ကျွန်တော်ပြောနိုင်ပါတယ်။ ဒီမှာလည်း ကျွန်တော်တို့ နယ်စပ်ကုန်သွယ်ရေးကလည်း အဓိက ကျတာကို ကျွန်တော်တွေ့ပါတယ်။ မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးမှာ အဓိကကျတဲ့ နိုင်ငံတွေကတော့ တရုတ်၊ ထိုင်း နဲ့ ဘင်္ဂလားဒေ့ရှ့် ပြီးရင် အိန္ဒိယတို့ ဖြစ်ပါတယ်။  အဓိကကတော့ တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံဖြစ်ပါတယ်။ တရုတ်နယ်စပ် ကုန်သွယ်ရေးမှာတော့ ကျွန်တော်တို့နယ်စပ်ဒေသမှာ ကိုဗစ်ဖြစ်ပွားမှုနှုန်း များပြားတဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ ပို့ကုန်တွေကို တရုတ်နိုင်ငံကနေပြီးတော့မှ သူတို့ရဲ့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှု မူဝါဒနဲ့အညီ တချို့နေရာလေးတွေမှာ စည်းကမ်းသတ်မှတ်ခဲ့တာ ရှိတဲ့အတွက်ကြောင့် တချို့ကို ကျွန်တော်တို့ မပို့နိုင်ခဲ့ပါဘူး။ သို့သော်လည်းပဲ အခု ကိုဗစ်ထိန်းချုပ်မှု အားကောင်းလာပြီ ဖြစ်တဲ့အတွက်ကြောင့် နယ်စပ်ကုန်သွယ်ရေး မြှင့်တင်၊ ဖွင့်နိုင်ရေးအတွက်လည်း ကျွန်တော်တို့ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ အဲ့ဒီတော့ နယ်စပ်ဒေသတွေမှာ ရှိနေတဲ့ မြို့နယ်များအနေနဲ့ ကိုဗစ်ရောဂါ ထိန်းချုပ်မှု ကို ယခုထက်ပိုမိုပြီးတော့မှ တင်းတင်းကြပ်ကြပ်  အလေးထားဆောင်ရွက်သွားမယ် ဆိုလို့ရှိရင် နယ်စပ်ကုန်သွယ်ရေးဟာ အရှိန်အဟုန်နဲ့ တိုးတက်လာမှာဖြစ်ကြောင်း ကျွန်တော်ပြောလိုပါတယ်။ အဲ့ဒီတော့ ခုနက ကျွန်တော်ရှင်းပြတဲ့ ဆီ ၂ ဆီကိုလည်း ထိုက်သင့်တဲ့ပမာဏ လျှော့ချပြီးတော့မှ သုံးစွဲမယ်ဆိုလို့ရှိရင် အခုလာမယ့် အောက်တိုဘာ ကနေပြီးတော့မှ မတ်လထိလုပ်မယ့် mini budget အတွင်းမှာလည်း ကုန်သွယ်မှု ပိုငွေရရှိမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော့်အနေနဲ့ ပို့ကုန် ဦးစားပေးတဲ့စနစ်ကို ကျင့်သုံးပါတယ်။ ကုန်ထုတ်လုပ်မှုကို အားပေးပါတယ်။ ပြည်တွင်း တိုင်းရင်းသားများရဲ့ ကုန်ထုတ်လုပ်မှုကို အားပေးပါတယ်။ SME ကို ကျွန်တော်အားပေးပါတယ်။ ဒါတွေကို စနစ်တကျ ဆောင်ရွက်သွားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ပို့ကုန်ပမာဏတွေလည်း ပိုပြီးတော့မှ များပြားလာပြီးတော့မှ ကုန်သွယ်မှုမှာလည်း ရလဒ်ကောင်းတွေ ထွက်လာလိမ့်မယ်ဆိုတာလည်း ပြောလိုပါတယ်။ ဒါကတော့ ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး ပြောတာပါ။

 

အဲ့ဒီတော့ နောက်တစ်ချက် ပြည်သူများကို တိုက်တွန်းလိုတာ တစ်ခု ရှိပါတယ်။ အဲ့ဒါ ဘာလဲဆိုတော့  ကျွန်တော်တို့ စားသုံးမှု ပုံစံပြောင်းလဲရေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံက မိရိုးဖလာအားဖြင့်တော့ ဆန်ကို အဓိကထားပြီး စားတာ ဖြစ်ပါတယ်။ အချို့ နှစ်နှပ် စားတာရှိတယ်။ အချို့ သုံးနှပ် စားတာရှိပါတယ်။ အဲ့ဒီတော့ ဆန်ကို အဓိကထားပြီး စားတဲ့အတွက်ကြောင့် ဆန်ကနေရတဲ့ အာဟာရကတော့ ပိုပြီး ရှိပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့က ဗိုက်ဝဖို့ကို အဓိကဆိုပြီး စားတဲ့အတွက်ကြောင့် အချို့နေရာတွေမှာ ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရကို ပြည့်ပြည့်ဝဝ မရတာ တွေ ရှိပါတယ်။ ဒါကြောင့်မို့ ဆန်စားသုံးမှုကို အနည်းငယ်လျှော့ချပြီးတော့မှ အခြား လိုအပ်တဲ့ အသားတို့၊ ငါးတို့ ဟင်းသီးဟင်းရွက်တို့ ဒါတွေကို ထိုက်သင့်သလို ရရှိအောင် ဖြည့်ဆည်းဆောင်ရွက် စားသွားမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ ကျန်းမာရေး အတွက်လည်း များစွာအထောက်အကူရမယ်လို့ ကျွန်တော်တွေ့မိပါတယ်။ ကျွန်တော် တို့နိုင်ငံဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေး အဓိကထားတဲ့နိုင်ငံ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဆီမှာ စားရေရိက္ခာ အခြေခံအားဖြင့် ရှိပြီးသားဖြစ်ပါတယ်။ ဒါတွေ ပေါများအောင်လည်း ကျွန်တော့်ရဲ့ ရည်မှန်းချက်အတိုင်း ကြိုးစားဆောင်ရွက်လျက်ရှိ ပါတယ်။ ကျွန်တော့်ရဲ့ ရည်မှန်းချက်က တစ်အနေနဲ့ တစ်နိုင်ငံလုံး သာယာဝပြောမှု ရှိရမယ်။ နှစ်အနေနဲ့ကတော့ စားရေရိက္ခာပေါများရမယ်ဆိုပြီး ရည်ရွယ်ပြီး ဆောင်ရွက် နေတာရှိပါတယ်။ ဒါကြောင့် ဒီစိုက်ပျိုးရေးနဲ့ မွေးမြူရေး ထုတ်ကုန်တွေကို ဒီထက်ပိုပြီး တော့ထွက်အောင်လို့ နိုင်ငံတော်အစိုးရအနေနဲ့ နည်းလမ်းပေါင်းစုံကနေ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့နိုင်ငံမှာ မြစ်၊ ချောင်း တွေ ပေါပါတယ်။ မြစ်အတွင်းမှာ ငါးမျိုးတွေ စိုက်ထည့်တာတွေကို နိုင်ငံတော်ကနေ သန်းပေါင်းများစွာ ကျခံပြီးတော့မှ ငါးမျိုးစိုက်ထည့်ပေးလျက်ရှိပါတယ်။ ဒါတွေကို ဖမ်းယူပြီး ရောင်းမယ်ပဲဖြစ်ဖြစ်၊ စားမယ်ပဲဖြစ်ဖြစ် ဒါတွေက ရရှိတဲ့သူအတွက်ကတော့ အကျိုးရှိမယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စားသုံးမှုပုံစံများကို ပြင်မယ်ဆိုလို့ရှိရင် လူမှုကျန်းမာရေးတွေလည်း အများကြီးကို ပြောင်းလဲသွားနိုင်တာကို ကျွန်တော်တို့ တွေ့ရပါတယ်။ သာမန်အားဖြင့် လူတစ်ယောက်က မနက်၊ နေ့လယ် နို့ဆီဗူး တစ်ဗူးစီလောက် စားပါတယ်။ မနက်စောစောစာမှာလည်း ဗူးတစ်ဝက်လောက် စားတဲ့အတွက်ကြောင့် နှစ်ဗူးခွဲလောက်ကုန်တာကို ကျွန်တော်တို့ တွေ့ရပါတယ်။ တပ်မတော်မှာလည်း ဒီတိုင်းပါပဲ၊ ဒီနှုန်းနဲ့ပဲ စားပါတယ်။ ဒါကို ၁၀ ရာခိုင်နှုန်းလောက် လျှော့ချပြီးတော့မှ စားသုံးကြည့်တဲ့အခါမှာ ကျွန်တော်တို့ဘက်က သုတေသနပြုချက်အရ တော်တော်အကျိုးရှိတာကို တွေ့ရပါတယ်။ ဒါကြောင့် ဒါလေးကိုလည်း ထိုက်သင့်သလိုထိန်းသိမ်းပြီးတော့မှ စားသုံးမှုပုံစံမျိုး ပြောင်းလဲသွားမယ် ဆိုလို့ရှိရင် ပြည်သူများရဲ့ ကျန်းမာရေးအတွက်လည်း များစွာ အထောက် အကူရမယ်ဆိုတာလေးလည်း ကျွန်တော် အကြံပြုလိုပါတယ်။ ဒါကြောင့် ပြည်သူများအနေနဲ့ ဒါကို ထည့်သွင်းစဉ်းစားပြီးတော့မှ ဆုံးဖြတ်ဆောင်ရွက်စေ လိုပါတယ်။ နောက် ဆန်မဖူလုံတဲ့ဒေသတွေရှိပါတယ်။ အဲဒီဒေသတွေ ဆန်ဖူလုံရေး အတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ တွန်းအားပေးပြီး ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒါလည်း သက်ဆိုင်ရာ ကာယကံရှင်၊ ပြည်နယ်နဲ့ တိုင်းများကလည်း တစ်ဖက်က ကြိုးစားဆောင်ရွက်သလို တစ်ဖက်စားသုံးမှုပုံစံ ပြောင်းလဲတဲ့အခါမှာလည်း အထောက်အကူရအောင် ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားမယ်ဆိုလို့ရှိရင် အကျိုးရှိမယ်လို့ ကျွန်တော်ပြောလိုပါတယ်။

 

မိဘပြည်သူများအနေနဲ့ ယခုကာလမှာတော့ ကျွန်တော်တို့ဟာ နိုင်ငံကို တိုးတက်အောင်၊ တည်ငြိမ်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကို လည်း နိုင်ငံသူ၊ နိုင်ငံသားတွေ တိုင်းပြည်ကို ချစ်စိတ်နဲ့ ဆောင်ရွက်သွားမယ်ဆိုလို့ရှိရင် မရစရာ အကြောင်းမရှိပါဘူး။ ကျွန်တော်တို့ အပေါ်မှာလည်း နိုင်ငံရေးအရပေါ့ဗျာ။ ဝေဖန်မှုတွေ မျိုးစုံ၊ ကန့်သတ်မှုတွေ မျိုးစုံနဲ့ ကြုံနေရတဲ့ ကာလဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားများဟာ မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုတဲ့ စကား အတိုင်းပဲ ကိုယ့်အားကိုယ် ကိုးပြီးတော့မှ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာရှိတဲ့ အတွက်ကြောင့် ပြည်သူတွေရဲ့အားကို အားကိုးပြီးတော့မှ ဆောင်ရွက်သွားမယ် ဆိုလို့ရှိရင် နိုင်ငံအတွက် များစွာကို တိုးတက် ပြောင်းလဲမှု ရှိနိုင်တယ်ဆိုတာ ကျွန်တော် အပြည့်အဝယုံကြည်ပါကြောင်း ပြောကြားလိုပါတယ်ခင်ဗျာ။

 

အားလုံးကိုကျေးဇူးတင်ပါတယ်၊