ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲများကျင်းပ

နေပြည်တော် ၇  အောက်တိုဘာ 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ရေးဆွဲဆောင်ရွက်လျက်ရှိသည့် မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော်မှုနှင့် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ သုံးသပ်ခြင်း၊ ဆိုက်ဘာ ဘေးကင်းလုံခြုံရေးနှင့် ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံမည့်အစီအစဉ်များ ဆွေးနွေးခြင်း၊ စေ့စပ်ညှိနှိုင်ရေးကော်မတီများ၏ လုပ်ထုံးလုပ်နည်းများ ပြုစုခြင်းနှင့် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းဆိုင်ရာ မှတ်တမ်းတင်စနစ် ( Case Tracking System ) လက်စွဲပြုစုခြင်းတို့နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲများကျင်းပခြင်း ဖွင့်ပွဲအခမ်းအနား ကို  ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပရာ  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးလှသိန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်သည့်  International Foundation for Electoral Systems (IFES) အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

ေ

 


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို ချမှတ်ထားသည့် စံ (၅) ချက်နှင့်အညီ အောင်မြင်စွာ ကျင်းပ နိုင်ရန် မဟာဗျူဟာ စီမံကိန်း (၂၀၁၉−၂၀၂၂) ကို လုပ်ငန်းစဉ်များအလိုက် အချိန်ဇယား (Timeline) များ သတ်မှတ်ရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊  လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို စောင့်ကြည့်၍ စိစစ်သုံးသပ်ရေးအဖွဲ့က ပုံမှန် အစီရင်ခံ တင်ပြမှသာ ကော်မရှင်က ပြန်လည်သုံးသပ်နိုင်မည် ဖြစ်ပါကြောင်း၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်က မိမိတို့ တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအလိုက် စနစ်တကျ အစီရင်ခံ တင်ပြကြရန် ပြောကြားလိုပါကြောင်း၊ ရွေးကောက်ပွဲတစ်ခု ကျင်းပရန်အတွက် ယခင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲများ၏ အချက်အလက်များအပေါ် အခြေခံ၍ လျာထားစီမံ ဆောင်ရွက်ကြရပါ ကြောင်း၊ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲတစ်ခု ကျင်းပပြီးစီးပြီးပါက ရွေးကောက်ပွဲ ဆိုင်ရာ အချက်အလက်များကို ပြည်သူလူထုသိရှိနိုင်ရန် ထုတ်ပြန်ကြေညာခြင်း ၊ Website မှ လွှင့်တင် ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကော်မရှင်အဖွဲ့ခွဲများအနေဖြင့် လုပ်ငန်း များအလိုက် အချက်အလက်များကို စနစ်တကျ မှတ်တမ်းထားရှိရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော် တွင် e-Government စနစ်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည့်အတွက် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် Internet ကွန်ရက်ချိတ်ဆက် အသုံးပြုရခြင်းကြောင့် ဆိုက်ဘာတိုက်ခိုက်မှုများ ရှိလာနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကြိုတင်ကာကွယ်ခြင်းနှင့် အရေးပေါ်တုံ့ပြန်မှုများ ဆောင်ရွက် နိုင်ရန် Cyber လုံခြုံရေးဆိုင်ရာ မူဝါဒများ၊ လမ်းညွှန်ချက်များ သိရှိနားလည်ထားရန် လိုအပ် ပါကြောင်း၊ ရွေးကောက်ပွဲတစ်ခု အောင်မြင်စွာကျင်းပနိုင်ရန် ရွေးကောက်ပွဲဆိုင်ရာကဏ္ဍစုံမှ ပါဝင် ပတ်သက်သူများအားလုံး၏ ပူးပေါင်းပါဝင်ကူညီမှုလိုအပ်ပါကြောင်း၊ ကဏ္ဍစုံမှပါဝင်ပတ်သက်သူ များနှင့် ပုံမှန်တွေ့ဆုံဆွေးနွေးမှုရှိမှသာ သက်ဆိုင်ရာဒေသ၏ အခြေအနေများကို သိရှိပြီး ရွေးကောက်ပွဲဆိုင်ရာ ကူညီထောက်ပံ့မှုများကို အကျိုးရှိရှိ အသုံးချသွားနိုင်မည်ဖြစ်ပါကြောင်း။


ကျင်းပပြီးစီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုဖြစ်စဉ်များ လျော့နည်းခဲ့ခြင်းသည် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်း ဆောင်ရွက်ခဲ့ခြင်းကြောင့်ဟု သုံးသပ်ပါကြောင်း၊ ကော်မတီအဆင့်ဆင့်အနေဖြင့် ဖြစ်ပေါ်လာသည့် ပြဿနာရပ်များကို ဖြေရှင်းရာတွင် အဖွဲ့ဝင်များ ပါဝင်သည့် စုံညီအစည်းအဝေး ပြုလုပ်ပြီး ဥပဒေနှင့်အညီ ဘက်လိုက်မှုကင်းစွာ ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ စေ့စပ်ညှိနှိုင်းရေး ကော်မတီများဆိုင်ရာ လုပ်ထုံးလုပ်နည်းများပြုစုရာတွင်လည်း ယခင်အတွေ့အကြုံများအပေါ် မူတည်၍ စနစ်တကျပြုစုသွားကြရန်မှာကြားလိုပါကြောင်း၊ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်းဆိုင်ရာနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်များ ထုတ်ပြန်ခြင်း၊   ကြည့်ရှုသုံးသပ် ခြင်းတို့တွင်  ရှင်းလင်းမှုရှိပြီး  နားလည်လွယ်စေရန် လိုအပ်ပါကြောင်း၊ Case Tracking System ကို အသုံးပြုခြင်းဖြင့် ကိန်းဂဏန်းအချက်အလက်များကို အလွယ်တကူ မှတ်တမ်းတင်နိုင်ပြီး သရုပ်ဖော် ပုံများဖြင့် ဖော်ပြနိုင်သည့်အတွက် ပိုမိုရှင်းလင်းမြင်သာ၍ ပြည်သူလူထုအနေဖြင့် စိတ်ဝင်စားမှု မြင့်မားလာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် Case Tracking System  ဆိုင်ရာ လက်စွဲပြုစုရာတွင် IFES အဖွဲ့၏ နည်းပညာပံ့ပိုးမှုဖြင့် စနစ်တကျ ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။


ထို့နောက် အခမ်းအနားတက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ပထမနေ့အစီအစဉ်ပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့သည်။ အဆိုပါ လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် International Foundation for Electoral Systems (IFES) အဖွဲ့တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး အောက်တိုဘာ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ (၄) ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။    


(သတင်းစဉ်)