ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ကိုဗစ်-၁၉ ကုသရေးဌာန၊ ရန်ကုန် (ဖောင်ကြီး) ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်နေမှုများ

တွေ့ဆုံမေးမြန်း-ညွန့်ကိုကို

ဓာတ်ပုံ-ဇော်မင်းလတ်

 

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ကိုဗစ်-၁၉ ကုသရေးဌာန (COVID-19 Medical Center) ထားရှိရန်အတွက် လမ်းများပြုပြင်ခြင်း၊ လမ်းသစ် ဖောက်လုပ်ခြင်း၊ အဆောက်အအုံများ ပြုပြင်ခြင်း၊ အထူးကြပ်မတ်ကုသဆောင်(ICU)၊ လူဦးရေ ၂၄၀ အထိ အောက်ဆီဂျင်ပေးနိုင်သော အထူးကုသဆောင်၊ လူဦးရေ ၂၄၀ ဆံ့ သာမန် ကိုဗစ်-၁၉ လူနာဆောင်၊ ဆရာဝန်၊ သူနာပြုနှင့် ကျွမ်းကျင်ဝန်ထမ်းများ နေထိုင်ရန် အဆောက်အအုံ၊ ဆေးနှင့်ဆေးပစ္စည်းများ သိုလှောင်ရာဌာန၊ လူနာများအသုံးပြုရန် အောက်ဆီဂျင်ရရှိရေး၊ ဆေးရုံသုံးအမှိုက်စွန့်ပစ်မှုနှင့် အရေးပေါ် မီးရှို့စက်တို့ကို ဧပြီလဆန်းမှစတင်ကာ ဆောင်ရွက်လျက်ရှိသည်။ ယခုအခါတွင် ကိုဗစ်-၁၉ လူနာ ၅၀၀ ထားရှိနိုင်သည့် အဆင့်အထိ ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကာ ဆောင်ရွက်နေမှုများသည် ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်သည်။

 

ထို့ကြောင့် ကိုဗစ်-၁၉ ကုသရေးဌာန၊ ရန်ကုန်(ဖောင်ကြီး) ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကို သိရှိစေရန် တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည် -

 

 

(ယမန်နေ့မှအဆက်)

 

mdn

 

ဒေါက်တာကိုကိုနိုင် (ဆေးရုံအုပ်ကြီး) ကိုဗစ်-၁၉ ကုသရေးဌာန နှင့် မင်္ဂလာဒုံအထူးကုဆေးရုံ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ပထမအဆင့်မှာ ကိုဗစ်-၁၉ လူနာတွေကို ဝေဘာဂီဆေးရုံမှာ စထားတယ်။ အဲဒီမှာ မလုံလောက်ဘူးဆိုရင် ဒုတိယအနေနဲ့ တောင်ဥက္ကလာပ မိခင်နှင့် ကလေးဆေးရုံပါ။ အဲဒါနဲ့ မလုံလောက်တော့ရင် ကိုဗစ်-၁၉ ကုသရေးဌာန(ဖောင်ကြီး) မှာ ထားဖို့ စီစဉ်ဆောင်ရွက်ပါမယ်။ ပြည်သူလူထုနဲ့ အလှမ်းဝေးတဲ့ ဖောင်ကြီးက သီးခြားဖြစ်တယ်။ လူအများကြီးထားနိုင်တဲ့ အဆောင်တွေ၊ အခန်းတွေ အများကြီးရှိတယ်။ ICU လိုမျိုးဆောက်လို့ရတဲ့ စာသင်ဆောင်တွေရှိတယ်။ ဒါကြောင့် ဒီနေရာကို ရွေးချယ်ပါတယ်။ ပထမအဆင့်အနေနဲ့ လူနာ ၅၀၀ ထားလို့ရအောင်ဆောင်ရွက်နေပါတယ်။ ကုသရေးပိုင်းကို စတင်တာဝန် ထမ်းဆောင်တဲ့အခါမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တစ်ခုတည်းတင် မဟုတ်ပါဘူး။ တပ်မတော်ဆေးတပ်ဖွဲ့အနေနဲ့ အင်အား ၄ဝ စီပါတဲ့ အသုတ်နှစ်သုတ်ခွဲပြီး ပြင်ဆင်ထားပါတယ်။ ပုဂ္ဂလိကဆေးရုံတွေက အင်အားတွေလည်း ပါပါတယ်။ သုံးခုပေါင်းပြီး ဆောင်ရွက်နေပါတယ်။

 

ကုသမှုအပိုင်းမှာ ကျွန်တော်တို့က လမ်းညွှန်ချက်တွေ ရှိပါတယ်။ အခုဆိုရင် WHO လမ်းညွှန်ချက်တွေအပြင် ကျွန်တော်တို့နိုင်ငံရဲ့ပုံစံနဲ့ ကုသမယ့် လမ်းညွှန်ချက်တွေရှိပါတယ်။ ဒါတွေကို အမြဲတမ်း Update လုပ်နေတာပါ။ သတ်မှတ်ထားတဲ့ ဆေးဝါးတွေနဲ့ကုသမှာပါ။ CCTV ကတော့ လူနာတွေနဲ့ လိုအပ်ရင် ချက်ချင်းဆက်သွယ်ကြည့်ရှု ကုသနိုင်အောင်ပါ။ နောက် အခြားဆေးဝန်ထမ်းတွေက လူနာတွေဆီ မကြာခဏဝင်ကြည့်စရာ မလိုဘဲတစ်ဦးနဲ့တစ်ဦးကြည့်ပြီး စကားပြောလို့ရအောင် စီစဉ်ထားပါတယ်။ ဆေးကုသမယ့် ဝန်ထမ်းတွေအတွက် ကာကွယ်ရေးဝတ်စုံ၊ PPE ဝတ်နည်း ချွတ်နည်း သင်တန်းတွေပေးပြီးသားပါ။ သန့်ရှင်းမှုဆိုင်ရာ စီမံခန့်ခွဲမှုအတွက် သင်တန်းတွေ၊ ညှိနှိုင်းဆွေးနွေးတာတွေ လုပ်ပြီးသားပါ။ ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးတွေက တာဝန် ယူပြီး အဆင့်ဆင့်ကြီးကြပ်ပြီး ကုသသွားမှာ ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေ စည်းမျဉ်းစည်းကမ်းတွေ အတိုင်းသာ လိုက်နာဆောင်ရွက်မယ်ဆိုရင် ဒီကပ်ရောဂါ ဘေးကနေလွတ်ကင်းပြီး အားလုံးကျန်းမာချမ်းသာစွာ နေထိုင်သွားနိုင်မှာပါ။

 

mdn

 

ဒုတိယရဲမှူးကြီး လှဝေ၊ ရန်ကုန်မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး

 

ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး)မှာ လုံခြုံရေး ရဲတပ်ဖွဲ့ (၃) က တာဝန်ယူထားပါတယ်။ ဖောင်ကြီးနယ်မြေ ရဲစခန်းကတော့ အပြင်စည်း လှည့်ကင်း၊ ပတ်ကင်းများနဲ့ လုံခြုံရေး တာဝန်ယူ ဆောင်ရွက်နေပါတယ်။ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး)မှာ ဂိတ်ပေါင်းလေးဂိတ်ရှိပါတယ်။ ဂိတ် (၁) က ဝန်ထမ်းတွေ ဝင်ထွက်သွားလာမယ့်နေရာပါ။ ဂိတ် (၂) က ဖောင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်မှာနေတဲ့ မိသားစုတွေနဲ့ တာဝန်ထမ်းဆောင်နေတဲ့သူတွေ၊ ဂိတ်(၃)ကတော့ Positive လူနာတွေ ဝင်လာမယ့်နေရာ ဖြစ်ပါတယ်။ ဂိတ် (၄) ကတော့ စွန့်ပစ်ပစ္စည်းတွေ သွားရောက်စွန့်ပစ်မယ့် နေရာပါ။ ဂိတ်(၂)နေရာကလွဲပြီး ကျန်တဲ့ဂိတ်တွေမှာ ကျွန်တော်တို့ တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပါတယ်။ မိသားစုလိုင်းခန်းတွေနဲ့ လူနာတွေ ရောရောထွေးထွေး မဖြစ်အောင်လည်း ဆောင်ရွက်ထားပါတယ်။ common center လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒီအတွင်းထဲမှာ ရှိတဲ့သူတွေ ချိတ်ဆက်လို့ရအောင် CCTV Control Room ကိုလည်း တပ်ဆင်ပြီး ဆောင်ရွက်နေပါတယ်။ CCTV ကတော့ လူနာ တွေနဲ့ ချိတ်ဆက်တာရော၊ လုံခြုံရေးကင်းတွေမှာ ရှိတာရော၊ ဂိတ်လေးလုံးမှာရှိတဲ့  CCTV တွေနဲ့ Control Room ချိတ်ဆက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော် ညွှန်ကြားချက်တွေကို လိုက်နာဖို့လည်း အားလုံးမှာတာဝန် ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ကို ကာကွယ်ဖို့ အခုလိုကြိုတင်ဆောင်ရွက်ထားတာ အင်မတန်မှ ကောင်းမွန်ပါတယ်။

 

mdn

 

ဦးထွန်းဇော်ဝင်း (Executive Director) Vanguard Solution Co.,Ltd

 

ကျွန်တော်တို့အနေနဲ့ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး)မှာ CCTV တပ်ဆင်ခြင်းနဲ့ လုံခြုံရေးနဲ့ပတ်သက်တဲ့ နည်းပညာ အထောက်အကူပြု လုပ်ငန်းတွေကို တာဝန်ယူဆောင်ရွက်ပါတယ်။ လက်ရှိအနေနဲ့ ကင်မရာတပ်ဆင်ခြင်းကို နှစ်ပိုင်းခွဲထားပါတယ်။ လုံခြုံရေးကင်မရာ တပ်ဆင်ခြင်းနဲ့ ကုသရေးပိုင်း အထောက်အကူပြုတဲ့ ကင်မရာတွေ ဖြစ်ပါတယ်။ လုံခြုံရေးကင်မရာပိုင်းမှာ အဝင်၊ အထွက်ဂိတ်တွေနဲ့ လမ်းဆုံလမ်းခွတွေမှာ တပ်ဆင်ထားပါတယ်။ ကုသရေးပိုင်းမှာ ICU (အထူးကြပ်မတ်ကုသဆောင်) နဲ့ လူနာဆောင်တွေမှာ တပ်ဆင်ထားပါတယ်။ ကင်မရာ ၃၁၄ လုံး ဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်က သက်ဆိုင်ရာ ကုသရေးဆရာဝန်တွေက လူနာတွေနဲ့ ထိတွေ့မှုအနည်းဆုံးဖြစ်အောင်၊ လိုအပ်လို့ လူနာတွေနဲ့ ထိတွေ့ရင်မှန်ကန်တဲ့ ကုသမှုတွေ ပေးနိုင်အောင်ပါ။ နောက်ဆရာဝန်အချင်းချင်း Video Conferencing လုပ်နိုင်အောင်ပါ။ ကိုဗစ်-၁၉ ရဲ့ သဘောသဘာဝကိုက လူတွေအချင်းချင်း ထိတွေ့မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်တာ ဖြစ်တဲ့အတွက် ICU မှာလည်း ဆရာဝန်တွေ ခဏခဏ မဝင်ရအောင်ပါ။ အဆောင်အချင်းချင်း မကူးရအောင် ဆက်သွယ်ရေးစနစ်တွေကို တော်တော်လေးလုပ်ထားပေးပါတယ်။

 

လုံခြုံရေးအတွက် အဝင်၊ အထွက် ဂိတ်လေးဂိတ်လုံးမှာ တပ်ဆင်ထားပါတယ်။ အဲဒါတွေကိုတော့ ဖိုင်ဘာဆက်ကြောင်းကတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး common center ကို ပို့ထားပါတယ်။ ကုသရေးပိုင်းက ကင်မရာတွေကတော့ ဖောင်ကြီး Call Center မှာပဲထားပါတယ်။ အဓိကကတော့ ဆရာဝန်ကြီးတွေက ကုသနေတဲ့ ဆရာဝန်တွေကို ထိရောက်တဲ့ အကြံဉာဏ်တွေပေးနိုင်အောင် ICU နဲ့ ဆက်သွယ်ထားပါတယ်။ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) မှာ တော်တော်လေး ပြည့်ပြည့်စုံစုံရှိပါပြီ။ လုပ်ငန်းရှင်တွေကလည်း အများကြီးဝိုင်းပြီး ကူညီပေးပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့တတ်တဲ့ အတတ်ပညာ လုပ်အားဒါနနဲ့ ဝိုင်းပြီးဆောင်ရွက်ပေးနေတာပါ။

 

mdn

 

ဒေါက်တာထင်ပေါ်(ဥက္ကဋ္ဌ) မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း

 

ကိုဗစ်-၁၉ ကုသရေးဌာနကို ရန်ကုန်(ဖောင်ကြီး)မှာ လုပ်တဲ့အခါ စပြီးအကြံဉာဏ် ထုတ်တာတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရပါ။ ဝန်ကြီးချုပ်က ကျွန်တော်တို့ကိုခေါ်ပြီး အစည်းအဝေးလုပ်တဲ့အခါ ကျွန်တော်တို့ကလည်း အဲဒါမျိုးဖြစ်ချင်တယ်။ ဒီလိုကိုဗစ်-၁၉ ရောဂါဖြစ်နေတဲ့သူတွေ ပုဂ္ဂလိကဆေးရုံကို ဝင်လာတဲ့အခါ မကုရင်လည်းခက်၊ ရောပြီးကုရလည်း ခက်တဲ့အခြေအနေပါ။ အဲဒီလိုအခြေအနေမှာ ဒီလိုသီးသန့်ပေါ်လာတော့ တကယ်လည်း ကျွန်တော်တို့ဖြစ်ချင်တာမျိုး ဖြစ်သွားတယ်။ နောက် ရန်ကုန်မြို့နဲ့ မိုင် ၃၀ ခန့် ဝေးတဲ့နေရာမျိုးမှာ လုပ်လိုက်တော့ မြို့နဲ့ သီးသီးသန့်သန့်ဖြစ်သွားတယ်။ ကိုဗစ်-၁၉ နဲ့ မဆိုင်တဲ့ လူနာတွေ မြို့ပေါ်မှာ စိတ်အေး၊ လက်အေးကုသမှု ခံယူနိုင်မယ်။ ဒီဦးတည်ချက်တွေနဲ့ တည်ထောင်ဖြစ်တာပါ။

 

အဲဒီမှာ ကျွန်တော်တို့ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းအနေနဲ့ ဘယ်အခန်းကဏ္ဍက ပါလဲဆိုတော့ ဒီနေရာကြီးက သင်တန်းကျောင်းကြီးတစ်ခုပါ။ ဆောက်လုပ်ရေးကဏ္ဍမှာ ဆောက်လုပ်ရေးပိုင်းက အားတက်သရော လုပ်ကြပေမယ့် ကုသရေးပိုင်းအတွက် အထောက်အကူပစ္စည်း တွေကိုတော့ ဒီလိုအခြေအနေမျိုးမှာ နိုင်ငံတကာကနေ ဝယ်ယူတင်သွင်းဖို့ အင်မတန် အခက်အခဲရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရန်ကုန်မှာရှိတဲ့ ပုဂ္ဂလိကဆေးရုံတွေ တချို့လည်း လှူတယ်။ တချို့လည်း ငှားတဲ့အနေနဲ့ လုပ်ပါတယ်။ ဆေးရုံအသီးသီးကပေးတဲ့ ပစ္စည်းတွေကို စာရင်းဇယားနဲ့ ပေးရတယ်။ ပြန်ယူရင်လည်း စာရင်းဇယားနဲ့ ယူလို့ရအောင်ပါ။ ထာဝရ လိုအပ်ချက်မဟုတ်တဲ့အတွက် ပုဂ္ဂလိက ဆေးရုံတွေကနေ ခုတင်၊ လိုအပ်တဲ့မွေ့ရာ၊ ခေါင်းအုံးကအစ အစုံလိုက် ၃၅၉ ခုတင်ရောက်ပါပြီ။ ICU ခုတင်အတွက်ဆိုလို့ရှိရင်လည်း ၂၈ ခုတင်ရောက်ပါပြီ။ Ventilators အလုံး ၂၀ ရောက်ပါပြီ။ ရောဂါရှာဖွေဖို့အတွက် Digital X-Ray တွေ ပေးတယ်။ CT-scan တွေဆိုလည်း တပ်ဆင်နေပါပြီ။ ဆေးရုံ တစ်ခုတည်းကမဟုတ်ဘဲ ပုဂ္ဂလိကဆေးရုံအသီးသီးက ကူညီနေကြတာပါ။ ကုသရေးပိုင်းမှာ ကျန်းမာရေးဌာနက လာတယ်။ စစ်ဘက်ဆိုင်ရာက လာတယ်။ ပုဂ္ဂလိကက လာကြတယ်။ အခုဆိုရင် ပုဂ္ဂလိကပိုင်းမှာ ဆရာဝန်၊ ဆရာမ၊ ပညာရှင်၊ အုပ်ချုပ်မှုအပိုင်း ပထမအသုတ်စပြီး တာဝန်ထမ်းဆောင်နေကြပါပြီ။ ဆရာဝန်၊ ဆရာမ ဦးရေ ၇၀ ကျော်ပါ။ ရန်ကုန်မှာ ပုဂ္ဂလိက ဆေးရုံ ၅၀ ကျော်ရှိတဲ့အနက် ၄၁ ရုံကနေ ကူညီနေပါတယ်။ ။

 

mdn

 

ဦးမျိုးမြင့် (အထွေထွေအတွင်းရေးမှူးချုပ်) မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ်

ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး (၃) ကိုဗစ်-၁၉ ကုသရေးဌာန ဖြစ်မြောက်ရေးကော်မတီဝင်

 

ကျွန်တော်တို့ မတ်၂၈၊ ၂၉၊ ၃၀မှာ ဆရာဝန်တွေနေမယ့် ဒဂုံဆောင်၊ မြတ်လေးဆောင်၊ ဥတ္တရဆောင်တို့ကို သန့်ရှင်းရေးလုပ်တယ်။ ပထမ Quarantine အတွက်ပဲ ထားမယ်ဆိုလို့ လိုအပ်တဲ့ အိမ်ရာ၊ ရေ၊ မီး ဆောင်ရွက်တယ်။ မတ် ၃၁ ရက်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်တဲ့ ကုသရေးဌာနလုပ်မယ်။ Positive လူနာတွေထားမယ်ဆိုတော့ စာသင်ဆောင်လေးဆောင်နဲ့ ဥက္ကလာဆောင်ဆိုပြီး ငါးဆောင်ရှိတယ်။ ICU (အထူးကြပ်မတ်ကုသဆောင်) လေးဆောင်နဲ့ ဥက္ကလာဆောင်က စီမံခန့်ခွဲရေးဆိုပြီး အဲဒီငါးဆောင်ကို ကျွန်တော်တို့လုပ်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ ခွာညို၊ သရဖီ၊ ခတ္တာ၊ သဇင်၊ ယုဇနငါးဆောင်ကိုလည်း လူနာဆောင်အဖြစ် ကျွန်တော်တို့လုပ်တယ်။ မန္တလာဆောင်အထိ ခြောက်ဆောင်ရှိပေမယ့် သင်္ကြန်ကာလဖြစ်တဲ့အတွက် ငါးဆောင်ကို ပြီးအောင်အရင်လုပ်တယ်။ ဒါကြောင့် လတ်တလော တစ်ဆောင်ကို အခန်း ၁၂၀ ပါတဲ့အတွက်ကြောင့် လူ ၆၀၀ အတွက် အရင်လုပ်ပါတယ်။ ။

 

 

လိုအပ်တဲ့ ရေချိုးခန်းဖွဲ့တာ၊ ဆရာဝန်တွေ ဝင်တဲ့ ထွက်တဲ့အခါ တစ်ကိုယ်ရေသုံး ကာကွယ်ရေးဝတ်စုံ ဝတ်ဖို့၊ ချွတ်ဖို့အခန်း၊ အဲကွန်းတပ်ဆင်ခြင်းလုပ်ငန်း အဲဒါတွေ လုပ်တယ်။ ဆရာဝန်၊ သူနာပြုတွေနေဖို့အတွက်လည်း ဆောင်ရွက်ခဲ့ပါတယ်။ ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်မှာရှိတဲ့ ကုမ္ပဏီတွေ ရှစ်ခု၊ ကိုးခုလောက်က စုပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအဆောက်အဦ ဒီဇိုင်းကို ချက်ချင်းဆွဲ၊ ချက်ချင်း အကောင်အထည်ဖော်ပြီး အချိန်တိုအတွင်း ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ လုပ်သား အင်အား ၆၀၀ လောက်နဲ့ ဆောင်ရွက်ခဲ့တာပါ။ ပုဂ္ဂလိက လုပ်ငန်းကုမ္ပဏီတွေအားလုံးက နိုင်ငံအတွက် လိုအပ်တဲ့ အချိန်မှာ ဝိုင်းဝန်းဆောင်ရွက်ကြတာဖြစ်ပါတယ်။ ကုန်ကျစရိတ်ကို နိုင်ငံတော်ကပေးလို့ ရခဲ့ရင်တောင် အချို့တစ်ဝက်ယူပြီး အချို့တစ်ဝက်လှူမယ်ဆိုတဲ့စိတ်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ ။

 

mdn

 

ဦးထင်လင်းခ (ဒုတိယညွှန်ကြားရေးမှူး) ရေရရှိရေးနှင့် ရေပေးဝေရေးတာဝန်ခံ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေရရှိရေးနှင့် ရေပေးဝေရေး တာဝန်ခံအဖွဲ့အနေနဲ့ ကိုဗစ်-၁၉ ရောဂါ အမှိုက်မီးရှို့စက်မှာ လိုအပ်တဲ့ရေအဝီစိတွင်းတစ်တွင်းနဲ့ ICU (အထူးကြပ်မတ်ကုသဆောင်) အတွက် အဝီစိတွင်းတစ်တွင်း တူးဖော်ပေးခဲ့ပါတယ်။ ရေစတင်ရရှိ ပြီးသုံးစွဲနေပါပြီ။ ရေတွင်းတစ်တွင်းမှာ တစ်နာရီကိုရေဂါလန် ၃၀၀၀ ထွက်ပါတယ်။ WHO ရဲ့ လမ်းညွှန်ချက်အတိုင်း Parameter‌ တွေ အကုန်လုံးစစ်ပြီးတော့ Reliable ဖြစ်တဲ့ သင့်တော်တဲ့ သောက်သုံးရေရရှိအောင် တူးပေးထားပါတယ်။ ရေတွင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေအားလုံး လွှဲပြောင်းပေးပြီးသွားပါပြီ။ ။

 

ကိုဗစ်-၁၉ ကုသရေးဌာန (Medical Center) ကြီးတစ်ခု လိုအပ်နေတဲ့အချိန်မှာ လိုနေတဲ့ကဏ္ဍ အသီးသီးကို အားလုံးက ကူညီပူးပေါင်း ဆောင်ရွက်ကြတဲ့အတွက် အခုလိုအောင်မြင်စွာ ပေါ်ထွက်လာတယ်လို့ ယုံကြည်မိပါတယ်။