ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဦးဆောင်သော မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ (၄၁)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ ဖွင့်ပွဲအခမ်းအနားနှင့် ပထမစုံညီအစည်းအဝေးသို့ တက်ရောက်

နေပြည်တော် ၈ စက်တင်ဘာ

 

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ဦးဆောင်သော မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည့် (၄၁)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ ဖွင့်ပွဲအခမ်းအနားနှင့် ပထမစုံညီအစည်းအဝေးသို့ တက်ရောက်ကြသည်။

 

ဖွင့်ပွဲအခမ်းအနားတွင် ဗီယက်နမ်ယဉ်ကျေးမှု အနုပညာ အဆိုအက၊ AIPA Song တို့ဖြင့် တင်ဆက်ဖျော်ဖြေကြပြီး အိမ်ရှင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ၊ ဝန်ကြီးချုပ်နှင့် အာဆီယံ ပါလီမန်များ ညီလာခံ အလှည့်ကျ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Madam Nguyen Thi Kim Ngan တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် အဖွင့်အမှာစကား ပြောကြားကြသည်။

 

ဆက်လက်၍ အထွေထွေညီလာခံ၏ ပထမစုံညီအစည်းအဝေး၌ AIPA အဖွဲ့ဝင် လွှတ်တော်ဥက္ကဋ္ဌများက အလှည့်ကျ မိန့်ခွန်းပြောကြားရာတွင် မြန်မာလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးတီခွန်မြတ်က ယနေ့အချိန်အခါသည် အာဆီယံဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် AIPA အဖွဲ့ဝင် လွှတ်တော်များက ဆက်လက်ကြိုးပမ်းအားထုတ်ရမည့် အချိန်အခါဖြစ်ကြောင်း၊ ဒေသတည်ငြိမ်ရေးနှင့် သာယာဝပြောစည်ပင်ရေးတို့အတွက် နိုင်ငံပေါင်းစုံပါဝင်မှု၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် တရားဥပဒေအား အပြည့်အဝ လေးစားလိုက်နာရေးတို့ကို တိုးမြှင့်လုပ်ဆောင်ကြရန် အရေးကြီးကြောင်း၊ ၂၀၂၅ ခုနှစ် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက် (ASEAN Community Vision 2025) အောင်မြင်ရေးအတွက် အားလုံးပါဝင်ပူးပေါင်းကြရန်လည်း အရေးကြီးကြောင်း၊ ကမ္ဘာလုံးနှင့် ဒေသဆိုင်ရာအခြေအနေများတွင် ရှုပ်ထွေးသည့် အပြောင်းအလဲများကို ထိရောက်စွာ တုံ့ပြန်နိုင်မှသာ အခွင့်အလမ်းများ ပေါ်ပေါက်လာမည်ဖြစ်ကြောင်းနှင့် AIPA အနေဖြင့် နိုင်ငံတကာ ပါလီမန် အဖွဲ့အစည်းများနှင့်လည်း ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် အထူးလိုအပ်ကြောင်းတို့ကို အလေးထား ပြောကြားသည်။ ထို့နောက် ပထမစုံညီအစည်းအဝေးကို မွန်းလွဲ ၁၂ နာရီ၁၀ မိနစ်တွင် ရုပ်သိမ်းခဲ့သည်။

 

ယင်းနောက် အာဆီယံပါလီမန်များညီလာခံ၏ ကော်မတီအစည်းအဝေးများဖြစ်ကြသော AIPA အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး (WAIPA) တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စိုးစိုးကြည်တို့ ပါဝင်တက်ရောက်ကြပြီး အစည်းအဝေးတွင် “Promoting the role of women parliamentarians in securing jobs and income for women workers” အဆိုကို ဆွေးနွေးအတည်ပြုကြသည်။ ဆက်လက်၍ ပထမဆုံးအကြိမ်အဖြစ်ကျင်းပသော AIPA လူငယ်လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးနိုင်ထူးအောင်နှင့် ဒေါက်တာစိုးမိုးသူတို့ ပါဝင်တက်ရောက်ကြပြီး အစည်းအဝေးတွင် The engagement of AIPA young parliamentarians in ASEAN Community building အဆိုကို ဆွေးနွေးအတည်ပြုကြသည်။

 

(၄၁)ကြိမ်မြောက် အာဆီယံပါလီမန်များအထွေထွေညီလာခံကို “Parliamentary Diplomacy for a Cohesive and Responsive ASEAN Community” ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၈ ရက်မှ ၁၀ ရက်ထိ ကျင်းပလျက်ရှိရာ စက်တင်ဘာ ၉ ရက်တွင် ကျန်ရှိသည့် AIPA ကော်မတီ အစည်းအဝေးများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

သတင်းစဉ်