ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (၁၉)ကြိမ်မြောက်အစည်းအဝေး ကျင်းပ

နေပြည်တော် ၇ ဇူလိုင်

 

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ (၁၉)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က JMC သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များအား အဓိကလုပ်ဆောင်ရသည့် ပူးတွဲစောင့်ကြည့်ရေးအဖွဲ့ ဖြစ်ပါကြောင်း၊ JMC အနေဖြင့် အစည်းအဝေးမှတ်တမ်းချမှတ်မှုများ၊ လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ရပါကြောင်း၊ ယင်းကိစ္စများအား နှစ်ဘက်ညှိနှိုင်းကာ တိကျသည့် စကားလုံးဖြင့် ဆောင်ရွက်ထားသည့်အတွက် လုပ်ထုံးလုပ်နည်း လမ်းညွှန်ချက်များအား လေးစားလိုက်နာဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း။

 

မိမိတို့နိုင်ငံမှ ပဋိပက္ခများသည် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့ခြင်းဖြစ်ပါကြောင်း၊ ပဋိပက္ခများကို ပြန်ကြည့်ပါက ဘာသာရေး၊ လူမျိုးရေးနှင့် ဂိုဏ်းဂဏတို့ကို အခြေခံကာ ဖြစ်ပွားနေခြင်းများ ရှိပါကြောင်း၊ ပဋိပက္ခဖြစ်သည်နှင့် ယင်းဝန်ထုပ် ဝန်ပိုးအား အမှန်တကယ်ခံစားရသူမှာ ပြည်သူလူထုပင် ဖြစ်ပါကြောင်း၊ အဓိကအားဖြင့် သက်ဆိုင်ရာဒေသတွင်ရှိသည့် ပြည်သူလူထုများ ခံစားရပါကြောင်း၊ ယင်းပဋိပက္ခများ ကြာရှည်လာသည်နှင့်အမျှ လုပ်ငန်းများလည်ပတ်ရန် မြေပေါ်မြေအောက် သယံဇာတများ ထုတ်ယူသုံးစွဲမှုများကြောင့် ဂေဟစနစ်များ ပျက်စီးခြင်းများ ရှိပါကြောင်း။

 

JMC ဖွဲ့စည်းခဲ့သည်မှာ ယခုဆိုလျှင် ၄ နှစ်ရှိပြီဖြစ်ကြောင်း၊ ယင်းသို့ ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းကြောင့် NCA လက်မှတ်ရေးထိုးထားသည့် နယ်မြေများတွင် ပဋိပက္ခများ လျော့နည်းသွားခြင်း၊ ပြည်သူလူထု ခံစားရသည့် ဝန်ထုပ်ဝန်ပိုးများ လျော့ချနိုင်ခြင်းနှင့် ယင်းဒေသများရှိ သယံဇာတများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ထုတ်ယူနိုင်အောင် စနစ်တကျ စီမံဆောင်ရွက်လာနိုင်သည်ကို တွေ့ရှိရပါကြောင်း၊ NCA လက်မှတ်ရေးထိုးထားသည့် ဒေသများတွင် နှစ်ဘက်ညှိနှိုင်းကာ ပြဿနာများကို ဖြေရှင်းလာသည့်အတွက် များစွာလျော့ကျလာသည်ကို တွေ့ရပါကြောင်း၊ ယင်းမှာ NCA ရေးထိုးလိုက်သည့်အတွက် ဖြစ်ပေါ်လာသည့် ရလဒ်ဟု ပြော၍ ရပါကြောင်း။

 

JMC အစည်းအဝေးများ မကျင်းပနိုင်သေးသည့် ကာလများတွင်လည်း အရပ်သား ကိုယ်စားလှယ်များအနေဖြင့် တက်တက်ကြွကြွ သက်ဆိုင်ရာနယ်မြေများသို့ သွားရောက်ကာ ပဋိပက္ခမဖြစ်အောင် တားဆီးဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း တရားဝင်အစည်းအဝေးများ မကျင်းပနိုင်သော်လည်း တစ်ခါတစ်ရံ လူချင်းတွေ့ဆုံ၍ လိုအပ်သည့်ဖြေရှင်းမှုများကို ဆောင်ရွက်နိုင်ခဲ့သည့်အတွက် ကြီးမားသည့် ပဋိပက္ခများမရှိဘဲ သာမန်ပဋိပက္ခများကို နှစ်ဘက်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။

 

JMC တွင် အတည်ပြုပြဋ္ဌာန်းထားသည့် လုပ်ငန်းလမ်းညွှန်များ ရှိပါကြောင်း၊ ယင်းလုပ်ငန်းလမ်းညွှန်ချက်များကို လိုအပ်ပါက ပြန်လည်ညှိနှိုင်းကာ လက်ရှိအချိန်နှင့် ကိုက်ညီအောင် စီမံဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် တစ်ဖက်နှင့် တစ်ဖက် ဝိဝါဒများ ကွဲပြားမှုများ ရှိနိုင်ပါကြောင်း၊ သို့သော်ငြိမ်းချမ်းရေးကို အခြေခံကာ သေသေချာချာ စေ့စပ်ညှိနှိုင်းဆောင်ရွက်သွားရန် အကြံပြုလိုပါကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ စောင့်ကြည့်ရေး လုပ်ငန်းများကို ပိုမိုတည်ငြိမ်စွာ ဆောင်ရွက်နိုင်ရန်အတွက် အဓိကအားဖြင့် ပဋိပက္ခဖြစ်ပွားသည့် နေရာများတွင် ဒေသခံအရပ်သား စောင့်ကြည့်သူများကို ဖွဲ့စည်းရန်လိုအပ်ပါကြောင်း၊ ယင်းနှင့် ပတ်သက်၍လည်း JMC ၏ (၁၀)ကြိမ်၊ (၁၇)ကြိမ်နှင့် (၁၈)ကြိမ်မြောက် အစည်းအဝေးများတွင် စောင့်ကြည့်အဖွဲ့များ ဖွဲ့စည်းရန်အတွက် သဘောတူညီချက် ရရှိထားပြီးဖြစ်ပါကြောင်း။

 

နိဂုံးချုပ်အနေဖြင့် တိုက်တွန်းလိုသည်မှာ မိမိတို့ ဖော်ပြလိုသည့် ပုံရိပ်သည် လက်ရှိအခြေအနေနှင့် အလှမ်းဝေးနေမည်ဆိုပါက ညှိနှိုင်းဆွေးနွေးမှုမှာ ကြန့်ကြာတတ်ပါကြောင်း၊ ညှိနှိုင်းဆွေးနွေးမှုများ ကြန့်ကြာလာသည်နှင့်အမျှ လမ်းကြောင်းလွဲသွားနိုင်ပါကြောင်း၊ ထို့ကြောင့် အနီးစပ်ဆုံး လက်ရှိအခြေအနေများနှင့် ကိုက်ညီပြီး မိမိတို့ ပုံဖော်လိုသည့် ပုံရိပ်ကို ညှိနှိုင်းဆွေးနွေးကြကာ အဆင့်လိုက် ယုံကြည်မှုတည်ဆောက်သွားကြရန်နှင့် အလှမ်းမကွာရန် မိမိအနေဖြင့် အကြံပြုလိုပါကြောင်း၊ JMC လုပ်ငန်းများအား ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် NCA ပါ ဖော်ပြချက်များအတိုင်း စောင့်ကြည့်ရေး၊ စိစစ်အတည်ပြုရေး၊ ပဋိပက္ခဖြေရှင်းရေးတို့ကို ဆောင်ရွက်ကြရမည်ဖြစ်သည့်အတွက် ကော်မတီဝင်များအနေဖြင့် ဘက်လိုက်မှုကင်းခြင်းနှင့် ပွင့်လင်းမြင်သာမှုရှိခြင်းတို့ကို အခြေခံကာ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် JMC-U ဒုတိယဥက္ကဋ္ဌ(၁) စောအိုင်းဇက်ဖိုးက NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများအနေဖြင့် JMC ကို ထူထောင်နိုင်ခဲ့သော်လည်း တစ်ဘက်နှင့် တစ်ဘက်အကြား ယုံကြည်မှုများ တိုးတက်လာမည်ဟု မျှော်လင့်ထားသည့်အပေါ် လက်တွေ့ဖြစ်မလာပါကြောင်း၊ NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများအကြား အထူးစိုးရိမ်ရသည့် အခြေအနေ မဟုတ်သော်လည်း  JMC ၏ တာဝန်ရှိသည့် လုပ်ငန်းများ ကောင်းစွာလည်ပတ်လာနိုင်ခြင်း မရှိသေးသည်ကို အထူးအလေးထား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နှစ်ဘက်တပ်တွေ့ဆုံမှုယန္တရား၊ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ထိပ်တိုက်ရင်ဆိုင်မှုရှောင်ရှားရေးနှင့် တပ်နေရာချထားရေး လုပ်ဆောင်နိုင်ရန် သဘောတူညီမှုရလဒ်များရရှိနိုင်ရေး လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ ယင်းရလဒ်ကို ရရှိရန် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ စောင့်ကြည့်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ပိုမိုထိရောက်သည့် စောင့်ကြည့်လေ့လာမှုများ ပြည်နယ်အဆင့်တွင်ရရှိပြီး အဓိက မဏ္ဍိုင်အဖြစ် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ  စောင့်ကြည့်ရေး ကော်မတီများတွင် ပဋိပက္ခ လက်တွေ့ခံစားရသည့် နယ်မြေခံလူထုများ ပါဝင်လာရေးသည် အရေးအကြီးဆုံးဖြစ်ပါကြောင်း၊ ထို့ပြင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာစိစစ်မှု လုပ်ဆောင်ရာတွင် လွတ်လပ်၍ ဘက်မလိုက်သည့်အဖွဲ့မှ  တာဝန်ယူရမည်ဟု မျှော်လင့်ထားပါကြောင်း ပြောကြားသည်။

 

ယင်းနောက် JMC-U ဒုတိယဥက္ကဋ္ဌ(၂) Rev. စောမက်သယူးအေးက မိမိတို့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား ဘက်လိုက်မှု မရှိဘဲတရားမျှတစွာ ထောက်ပြအကြံပြုရန် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ပါကြောင်း၊ ထို့ပြင် ပဋိပက္ခ ဖြစ်ပွားနေသည့် လက်နက်ကိုင်အဖွဲ့များအကြား ဘက်လိုက်မှုမရှိသည့် အဖွဲ့အစည်း တစ်ခုအဖြစ် ယူဆလျှင်လည်း မမှားပါကြောင်း၊ အချိန်ကြာလာသည်နှင့်အမျှ JMC လုပ်ငန်းများ အဆင့်ဆင့်အရှိန်ရလာပြီး သက်ဆိုင်ရာအဖွဲ့အစည်းများကလည်း အရပ်သားများ၏ ပါဝင်မှုအခန်းကဏ္ဍကို ဦးစားပေးလာကြသည့်အတွက် JMC လုပ်ငန်းများ အကောင်အထည်ဖော်မှု အပိုင်းတွင် အရပ်သားကိုယ်စားလှယ်များ၏ အခန်းကဏ္ဍကို ပိုမိုထည့်သွင်း လာကြသည်ကို တွေ့ရပါကြောင်း၊ ၂ နှစ်နီးပါး ကာလအကြာမှ ပြန်လည်ကျင်းပသည့် JMC အစည်းအဝေးသည် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ဆတက်ထမ်းပိုး ပိုမိုလုပ်ဆောင်နိုင်ရန် အားယူပြင်ဆင်သည်ဟု မိမိအနေဖြင့် ခံယူပါကြောင်း။

 

ငြိမ်းချမ်းရေးခရီးစဉ်အပေါ် ပြည်သူများ စိုးရိမ်ကြောင့်ကြမှု လျော့ပါးရေးအတွက် အရပ်သားများ ဦးဆောင်ပါဝင်သည့် လူထုတွေ့ဆုံပွဲများအပြင် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ တွေ့ဆုံပြီး JMC လုပ်ငန်းများ၊ သင်တန်းများနှင့် ဆွေးနွေးပွဲများကို အဆက်မပြတ် လုပ်ဆောင်ခဲ့ကြပါကြောင်း၊ JMC ဖွဲ့စည်းပြီး နောက်ပိုင်း ပစ်ခတ်တိုက်ခိုက်မှု လျော့ပါးသွားသည်ကို တွေ့ရပါကြောင်း၊ JMC အဆင့်ဆင့် ကော်မတီများအကြားတွင်လည်း ချစ်ကြည်ရင်းနှီးမှုများ ရရှိအောင် တိုးတက်လုပ်ဆောင် နိုင်ခဲ့ပါကြောင်း၊ မိမိတို့၏ အန္တိမ ရည်မှန်းချက်ဖြစ်သည့် အပစ်အခတ်ရပ်စဲရေးနှင့်အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အခြေခံပြည်သူများ ပူးပေါင်းပါဝင်လာရေးကိုလည်း အဓိက ဦးတည်ပါကြောင်း၊ တနည်းအားဖြင့် ပြည်သူများ ပူးပေါင်းပါဝင်မှုသည် ငြိမ်းချမ်းရေး ခရီးစဉ်အတွက် အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ JMC အနေဖြင့် မြန်မာ့ငြိမ်းချမ်းရေး ခရီးစဉ်အတွက် အတူတကွ ပူးပေါင်းပါဝင်လုပ်ဆောင်ရင်း မိမိတို့၏ ခိုင်မာမှုကို တည်ဆောက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယနေ့အစည်းအဝေးတွင် JMC-U တွင် အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်မည့် ကော်မတီဝင်အမည်စာရင်းအား အတည်ပြုခြင်း၊ JMC-U ၏ (၁၈) ကြိမ်နှင့် (၁၉)ကြိမ် အစည်းအဝေး ကြားကာလအတွင်း လုပ်ငန်းအကောင်အထည် ဖော်မှုများအား တင်ပြခြင်း၊ JMC ၏ ရန်ပုံငွေအား No Cost Extension ဖြင့်ဆောင်ရွက်နေမှု အခြေအနေများ ဆွေးနွေးခြင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ရန်ပုံငွေဘတ်ဂျက်ရေးဆွဲနိုင်ရေး ဆွေးနွေးခြင်း၊ အစိုးရဘက်မှ အဆိုပြုခန့်အပ်သော အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး ရာထူးနေရာအတည်ပြုခန့်အပ်ခြင်းနှင့် EAOs ဘက်မှ ဒုတိယအလုပ်အမှုဆောင် ညွှန်ကြားရေးမှူးရာထူး နေရာအတွက် အဆိုပြုခန့်အပ်ရန် ဆွေးနွေးခြင်း၊ အတည်ပြု ပြဋ္ဌာန်းထားပြီးသော JMC ဆိုင်ရာ လုပ်ငန်းလမ်းညွှန် (ToR) နှင့် လုပ်ထုံးလုပ်နည်း (SoP) များကို လိုအပ်ပါက ပြန်လည်သုံးသပ်နိုင်ရေးဆွေးနွေးခြင်း၊ JMC အတွင်း Bilateral များ ဆွေးနွေးသွားနိုင်ရေး အစီအမံနှင့် JMC-S အစည်းအဝေးများ ပုံမှန်ပြန်လည်ကျင်းပနိုင်ရေး ဆွေးနွေးခြင်း၊ ဒေသခံအရပ်သားစောင့်ကြည့်သူ (LCM) များ ဖွဲ့စည်းဆောင်ရွက်နိုင် ရေးဆွေးနွေးခြင်း၊ JMC အဆင့်ဆင့်၏ အရပ်သားကိုယ်စားလှယ်များ မျက်နှာစုံညီ အစည်းအဝေးများမှ မူဝါဒတောင်းခံရန် လိုအပ်သော ဆုံးဖြတ်ချက်များအား တင်ပြခြင်း၊ နဝမအကြိမ် JMC အဆင့်ဆင့်၏ အရပ်သား ကိုယ်စားလှယ်များ မျက်နှာစုံညီအစည်းအဝေးအား ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ကျင်းပခွင့်တင်ပြခြင်း၊ JMC သို့ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ လှူဒါန်းငွေများနှင့် JMC ပိုင်ရန်ပုံငွေများ သုံးစွဲမှုနှင့် လက်ကျန်စာရင်း တင်ပြခြင်းနှင့် နောက်တစ်ကြိမ် ကျင်းပမည့် JMC-U အစည်းအဝေးအတွက် နေ့ရက်နှင့် နေရာသတ်မှတ်ခြင်းတို့ကို ဆောင်ရွက်ကြပြီး JMC-U ၏ (၁၉) ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင် ၂၁ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အစည်းအဝေးသို့ JMC-U အဖွဲ့ဝင်များ ဖြစ်ကြသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်၊ တိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ အရပ်သားကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်း- မျိုးမြင့်၊ ဟန်လင်းနိုင်

ဓာတ်ပုံ- အေးသန့်

 

mdn