ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)သို့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်)မှ ဖျော်ဖြေရေးအဖွဲ့ လာရောက် ဖျော်ဖြေမည်

နေပြည်တော် ၁၆ ဒီဇင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)၌ ဒီဇင်ဘာ ၂၁ ရက် စနေနေ့တွင် ဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)၌ ဖျော်ဖြေရေးအစီအစဉ်များ အဆင့်မြှင့်တင်လျက်ရှိရာ အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)မှ ဖျော်ဖြေရေးအဖွဲ့ဝင် ၄၅၀ က ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်)အတွင်း လာရောက်အပန်းဖြေသူ မိဘပြည်သူများအား ဒီဇင်ဘာ ၂၁ ရက် စနေနေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ နန်းမြင့်မျှော်စင်ရှေ့ မြက်ခင်းပြင်တွင် ဂီတသဘင် ပညာဌာနများမှ Orchestra+Choir Bands များအပါအဝင် အဆိုအက တင်ဆက်မှု အစီအစဉ်၊ ပန်းချီပညာ ဌာနမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ ပန်းချီကား ၇၀ ပြသခြင်း၊ ခဲပုံတူပန်းချီ ရေးဆွဲပေးခြင်း၊ လက်အလှပန်းချီ ရေးဆွဲပေးခြင်းနှင့် ပို့စကတ်ရေးဆွဲပေးခြင်း၊ ပန်းပုပညာဌာနမှ ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူများ ထုလုပ်ထားသော ပန်းပု ရုပ်တုများ ပြသခြင်းနှင့် လက်တွေ့ မိုလောင်း၍ ပန်းပုရုပ်တုများ ထုလုပ်ပြသခြင်း၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာဌာနမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏လက်ရာ ဓာတ်ပုံကား ၈၀ ပြသခြင်းနှင့် Fuji Myanmar Co,Ltd မှ Photo Booth ပြုလုပ်၍ ဓာတ်ပုံရိုက်ကူးပေးခြင်း စသည့် အနုပညာများဖြင့် ဖျော်ဖြေ တင်ဆက်ပေးကြမည့်အပြင် စီမံရေးရာဌာနက သက်သာသော နှုန်းထားဖြင့် အစားအသောက်များ ရောင်းချပေးခြင်းတို့ကို ပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနမှ သိရသည်။

 

(သတင်းစဉ်)