ပြည်သူ့တို့၏ သတင်းသိရှိပိုင်ခွင့်နှင့် အသိပညာဗဟုသုတတိုးပွားကြိုးပမ်းဆောင်ရွက်နေသည့် ပြန်/ဆက်ဦးစီးဌာန

အောင်သူ (ရွှေတိုးမြေ)

ယနေ့ မိမိတို့နိုင်ငံအနေဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို ဦးတည်ဖော်ဆောင်လျက်ရှိရာ နိုင်ငံ၏ ဒီမိုကရေစီရေချိန် မြင့်မားရေးအတွက် နိုင်ငံအတွင်းရှိ နိုင်ငံသူနိုင်ငံသားများ၏ ပညာရေချိန် မြင့်မားမှုရှိရန်မှာ အရေးပါသော အချက်တစ်ချက်ဖြစ်သည်။

 

နိုင်ငံသူနိုင်ငံသားများ၏ ပညာရေချိန် မြင့်မားလေလေ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးလုပ်ငန်း များတွင် ပြည်သူများက အမှား၊ အမှန်ခွဲခြားသိမြင်နိုင်သည့် အသိဉာဏ်ပညာဖြင့် ပိုမိုပေါင်းစပ်ပါဝင်ကာ အထောက်အပံ့ပြုနိုင်ခြင်းဖြင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးအဖြစ် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လာနိုင်မည်ဖြစ်သည်။

 

နိုင်ငံသူ နိုင်ငံသားများ၏ အသိပညာမြင့်မားလာရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူလူထုအတွင်း နီးနီးကပ်ကပ်ဆက်ဆံကာ ပြည်သူလူထု၏ လိုအပ်ချက်များအား နိုင်ငံတော်အစိုးရ သိရှိရန်နှင့် နိုင်ငံတော်အစိုးရ၏ လုပ်ဆောင်ချက်များအား ပြည်သူလူထုထံ အသိပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပါသည်။ ထို့အတူ အများပြည်သူ အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ခြင်းဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှုတွင် အရေးပါသည့် နိုင်ငံသူနိုင်ငံသားများ၏ အသိပညာ ရေချိန်ကို တစ်ဖက်တစ်လမ်းက မြှင့်တင်ဆောင်ရွက် ပေးလျက်ရှိပါသည်။ ထိုသို့ အသိပညာပေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်ရာတွင် ယခင်က စာကြည့်တိုက် လုပ်ငန်းများ၊ နံရံကပ်စာစောင်၊ လက်ကမ်းစာစောင်၊ ဟောပြောပွဲများ စသည်တို့ဖြင့်သာ ဆောင်ရွက်ခဲ့ သော်လည်း အစိုးရသစ် နှစ်နှစ်တာကာလအတွင်း လူထုဆက်သွယ်ရေး နည်းလမ်းအသစ်များဖြင့် တိုးချဲ့ ဆောင်ရွက်လျက်ရှိပါသည်။

 

လူထုအခြေပြုလုပ်ငန်းများဆောင်ရွက်

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ရုံးစာကြည့်တိုက်များကို အများပြည်သူ အလွယ်တကူ ဝင်ထွက်သွားလာနိုင်သည့်နေရာ၊ အများပြည်သူအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် တိုင်ပင်နှီးနှောရာနေရာ၊ အသိပညာနှင့် အတတ်ပညာ ဆိုင်ရာ သင်တန်းများ လာရောက်လေ့လာနိုင်သည့်နေရာ၊ အနုပညာနှင့် အားကစားဆိုင်ရာ လှုပ်ရှားမှုများဖြင့် အပန်းဖြေနိုင်သည့် နေရာအဖြစ် ပြည်သူများ အသုံးပြု လာနိုင်စေရန် လူထုအခြေပြုဗဟိုဌာန (Community Centre)အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ပါသည်။

 

ယင်းသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကော့မှူးမြို့နယ်၊ အင်းစိန်ခရိုင်၊ နတ်မောက်မြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ မြစ်ကြီးနားခရိုင်၊ မန္တလေးခရိုင်နှင့် ဘားအံခရိုင်ရုံးများကို ပြည့်စုံသည့် လူထုအခြေပြုဗဟိုဌာန များအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။

 

နိုင်ငံတစ်ဝန်းရှိ ရုံးများတွင်လည်း လူထုအခြေပြုဗဟို ဌာနလုပ်ငန်းများဖြစ်သည့် ပြပွဲများ၊ ပြိုင်ပွဲများ၊ သင်တန်းများ၊ စာဖတ်ဝိုင်းများ၊ စာပေနှီးနှောဖလှယ်ပွဲများ၊ အားကစားလှုပ်ရှားမှုများစသည်တို့ကို အင်တိုက်အားတိုက်ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထုကို ဝန်ဆောင်မှုပေးလျက်ရှိသည်။ တစ်နည်းအားဖြင့် ဒေသနေ ပြည်သူများအတွက် လူမှုရေးဆိုင်ရာ၊ ပညာရေးဆိုင်ရာနှင့် အပန်းဖြေမှုဆိုင်ရာ လှုပ်ရှားမှုများဖြင့် ပြည်သူများကို ဝန်ဆောင်မှုပေးကာ ဒေသဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြု ဝန်ဆောင်မှုပေးနေခြင်းပင် ဖြစ်ပါသည်။

 

ဖွင့်လှစ်ထားရှိသည့် လူထုအခြေပြုဗဟိုဌာနများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် Community Activities များ အရှိန်အဟုန်မပျက် လည်ပတ်ဆောင်ရွက်နိုင်ရေး အတွက် စာအုပ်၊ စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club) အမျိုးသမီးအသင်း (Woman Club)နှင့် လူငယ်အသင်း (Youth Club) စသည့် အသင်း သုံးခုကို ခရိုင် အဆင့် ရုံး ၇၂ ရုံးတွင် ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ပါသည်။

 

ယင်းအသင်းများက စာပေစကားဝိုင်းများ၊ စာပေ နှီးနှောဖလှယ်ပွဲများ၊ စာအုပ်၊ စာစောင် ဝေဖန်သုံးသပ်ပွဲ များ ပြုလုပ်ခြင်း၊ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး နှင့် အသိပညာ ဗဟုသုတ မြင့်မားစေရေး၊ အမျိုးသမီး အခွင့်အရေးနှင့် ကာကွယ်ရေးလိုအပ်ချက်များ ကူညီဆောင်ရွက်ပေးခြင်း၊ လူငယ်များ အသိဉာဏ်ပညာ မြင့်မားရေး၊ မိမိကိုယ်ကို ယုံကြည်မှုရှိစေရေး၊ ရပ်ရွာအရေးကိစ္စများတွင် ကူညီဆောင်ရွက်ပေးခြင်းများ ဆောင်ရွက်နိုင်ရန် ဦးတည်ဖော်ဆောင် ဖွဲ့စည်းဆောင် ရွက်ခြင်းဖြစ်သည်။

 

စာအုပ်စာစောင်များ ဝယ်ယူဖြည့်ဆည်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ မြို့ရုံးစာကြည့်တိုက်များတွင် နိုင်ငံသူ နိုင်ငံသားများ အသိပညာဗဟုသုတများကို အလွယ်တကူ ရှာမှီးနိုင်ရေး ရည်ရွယ်၍ သုတ၊ ရသစာအုပ်များ၊ မဂ္ဂဇင်း၊ ဂျာနယ်များကို ဝယ်ယူ ဖြည့်တင်းပေးလျက်ရှိပါသည်။ အစိုးရသက်တမ်း နှစ်နှစ်တာကာလ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်း စာအုပ် ၁၆၆၆၆၄ အုပ်၊ တန်ဖိုးငွေ ၃၀၆၂၀ဝ၇၈၇ ကျပ်ကို လည်းကောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်းစာအုပ် ၁၈၅၂၃၇ အုပ် တန်ဖိုးငွေကျပ် ၃၅၇၀၁၆၄၀၄ ကျပ်ကို လည်းကောင်း ဦးစီးဌာနရုံးများရှိ ပြည်သူ့စာကြည့်တိုက်များသို့ ဝယ်ယူ ဖြည့်ဆည်းပေးနိုင်ခဲ့ပါသည်။

 

စာကြည့်တိုက်သို့ လာရောက်ရန် အချိန်မပေးနိုင် သူများအတွက် စာပေရေချမ်းစင်များကို ခရိုင်အဆင့် မြို့ကြီးများရှိ လူစည်ကားရာနေရာများဖြစ်သည့် လေဆိပ်၊ ဘူတာရုံ၊ ကားဂိတ်၊ သင်္ဘောဆိပ်၊ ဈေး စသည့်နေရာများတွင် စာပေရေချမ်းစင် ၁၁၈ ခုကို စင်ဖွင့်ထားရှိပေးခဲ့ပါသည်။

 

ယင်းစာပေရေချမ်းစင်များတွင် နေ့စဉ်ထုတ်သတင်းစာ လေးစောင်၊ လစဉ်ထုတ်မဂ္ဂဇင်း ငါးအုပ်၊ နောက်ဆုံး ထွက်ရှိသည့် ဝတ္ထုစာအုပ် သုံးအုပ်၊ ရုပ်ပြစာအုပ် သုံးအုပ်၊ သုတရသစာအုပ် ၁၀ အုပ်၊ ရက်အလိုက်ထုတ်ဝေသည့် ဂျာနယ် သုံးစောင်တို့အား ဝယ်ယူထားရှိ ပေးထားပါသည်။

 

ပညာရပ် ၁၂ မျိုး၊ တစ်မျိုးလျှင် သုံးအုပ်နှုန်းဖြင့် လစဉ် ထည့်သွင်းထားသည့် နံရံကပ် စာပေရေချမ်းစင် အိတ် ၃၀ဝ၀ ကိုလည်း မြို့ပြလူစည်ကားရာနေရာများတွင် ထားရှိကာ နိုင်ငံသူ နိုင်ငံသားများအတွက် အသိပညာ ဗဟုသုတများ အလွယ်တကူ ရှာဖွေနိုင်ခွင့်ရရှိစေရန် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

 

ပြည်သူ့စကားဝိုင်းများ ကျင်းပ

 

ဒီမိုကရေစီအင်္ဂါရပ်များနှင့်အညီ အစိုးရနှင့် ပြည်သူအကြား ဆွေးနွေးတိုင်ပင်ရမည့် အကြောင်းကိစ္စ များကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးနိုင်ရန်၊ ပြည်သူလူထု၏ စဉ်းစားတွေးခေါ် မှုများ မြင့်မားလာစေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပြည်သူ့စကားဝိုင်း (Public Talk) များကို စီစဉ်ကျင်းပပေးလျက်ရှိပါသည်။

 

လူငယ်နှင့် လူမှုမီဒီယာ၊ လူငယ်ထုကို ပိုမိုခြိမ်းခြောက် လာနေသော မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့် အလုပ်အကိုင် အခွင့်အလမ်း၊ လူငယ်နှင့် စာကြည့်တိုက် စသည်ဖြင့် ဒေသအခြေအနေနှင့် ကိုက်ညီမည့် ခေါင်းစဉ် များဖြင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်သူများဖြင့် ပြည်သူ့စကားဝိုင်းများကို ကျင်းပပေးလျက်ရှိပါသည်။

 

နံရံကပ်စာစောင်များပြသ

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးများရှိ နံရံကပ်ဘုတ်များတွင် နိုင်ငံတော်အစိုးရ၏ ထူးခြားသော ဆောင်ရွက်ချက်များ၊ နိုင်ငံတော်အကြီးအကဲ များ၏ ဆောင်ရွက်ချက်များကို ရုံးချုပ်ရှိ မှတ်တမ်းဓာတ်ပုံများမှ နယ်ရုံးများသို့ပေးပို့ခြင်းဖြင့် တစ်လ နှစ်ကြိမ် အသစ် လဲလှယ်ပြသနိုင်ရေး ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့အပြင် နံရံကပ်ဘုတ်များတွင် အသိပညာဗဟုသုတနှင့် သတင်း အချက်အလက်များ၊ အထိမ်းအမှတ်နေ့များနှင့် သက်ဆိုင်သည့် မှတ်တမ်းဓာတ်ပုံများ၊ အလုပ်အကိုင် အခွင့်အလမ်း များအား ပြည်သူများသိရှိနိုင်စေရေး လစဉ်လဲလှယ်ပြသ ဆောင်ရွက်လျက်ရှိပါသည်။

 

လက်ကမ်းစာစောင်များ ထုတ်ဝေဖြန့်ချိ

 

နိုင်ငံတော်၏ အထိမ်းအမှတ်နေ့များ၊ နေ့ထူး၊ နေ့မြတ်များနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ လက်ကမ်းစာစောင်များ ထုတ်ဝေဖြန့်ချိလျက် ရှိပါသည်။

 

နှစ်စဉ် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့၊ အမျိုးသားနေ့၊ လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တပ်မတော်နေ့နှင့် အာဇာနည်နေ့စသည့် အထိမ်းအမှတ်နေ့များတွင် လက်ကမ်းစာစောင် စောင်ရေ နှစ်သိန်းစီ ထုတ်ဝေဖြန့်ချိ နိုင်ခဲ့ပါသည်။

 

ဒို့ကျေးရွာဂျာနယ်ထုတ်ဝေဖြန့်ချိ

 

ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာရေးနှင့် ပြည်သူများ အကျိုးဖြစ်ထွန်း စေမည့် အကြောင်းအရာများ၊ သတင်းအချက်အလက်များ ဖြန့်ဝေပေးနိုင်ရန်ရည်ရွယ်၍ ဒို့ကျေးရွာဂျာနယ်ကို တစ်လလျှင် နှစ်ကြိမ်နှုန်းဖြင့် တစ်ကြိမ်လျှင် စောင်ရေ ၃၄၀ဝ၀ ခန့်ဖြင့် ထုတ်ဝေဖြန့်ချိလျက်ရှိရာ နှစ်နှစ်တာ ကာလအတွင်း ဒို့ကျေးရွာဂျာနယ်စောင်ရေ စုစုပေါင်း ၁၆၅၉၉၃၀ ထုတ်ဝေဖြန့်ချိနိုင်ခဲ့ပါသည်။ လက်ရှိတွင် ဒို့ကျေးရွာဂျာနယ်အား ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ စာမျက်နှာအားလုံး ရောင်စုံစာမျက်နှာများဖြင့် ပြောင်းလဲ ထုတ်ဝေလျက်ရှိပါသည်။

 

အသိပညာပေးဇာတ်လမ်းများ ရိုက်ကူးထုတ်လွှင့်

ပြည်သူလူထုအသိပညာပေး ဇာတ်လမ်းများအဖြစ် လူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ် အသိပညာ ပေးနိုင်မည့်သူငယ်ချင်း သုံးယောက်ရှိလေသည်ဇာတ်လမ်းအား လည်းကောင်း၊ လောကနီတိနှင့် ပတ်သက်၍ ပြည်သူများအား အသိပညာပေးနိုင်မည့်အမှိုက် ကစဇာတ်လမ်းအား လည်းကောင်း၊ သဘာဝ ပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးတတ်စေရန် ပညာပေးနိုင် မည့်စူပါမင်းလည်း မကယ်နိုင်ဇာတ်လမ်းအား လည်းကောင်း ၂၀၁၆ ခုနှစ်အတွင်း ရိုက်ကူးထုတ်လွှင့် ပြသနိုင်ခဲ့ပါသည်။

 

ဒီမိုကရေစီကျင့်စဉ်နှင့် စံနှုန်းများအား ပြည်သူ လူထု လက်ခံကျင့်သုံးလာစေရန် ပညာပေးနိုင်မည့်ဟိုဘက်အိမ်က မီးထိန်ထိန်ဇာတ်လမ်းကို ၂၀၁၇ ခုနှစ်တွင် လည်းကောင်း၊ ပြည်သူများစာဖတ်သည့် အလေ့အထနှင့် စာဖတ်ခြင်းဖြင့် လူမှုဘဝများ တိုးတက် ပြောင်းလဲသွားနိုင်သည့် ပညာပေးဇာတ်လမ်းဖြစ်သည့်ပြောင်းလဲပါဇာတ်လမ်းကို ၂၀၁၈ ခုနှစ်တွင် လည်းကောင်း ရိုက်ကူးပြသနိုင်ခဲ့ပါသည်။

 

စာပေပွဲတော်များ ကျင်းပ

 

စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ ရာသက်ပန် ပညာရှာမှီးသူများ ဖြစ်လာစေရန်၊ ပွဲတော်၌ ပျော်ရွှင်စွာ ဆင်နွှဲရင်း စုပေါင်းအလုပ်များတွင် ဝိုင်းဝန်းပါဝင် တတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန်၊ ပညာဗဟုသုတရော လူရည်လူသွေးပါ ပြည့်ဝ၍ အနာဂတ်တွင် တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနိုင် သူများ ဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် ကလေးစာပေပွဲတော်များကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့ကြီးများတွင် နိုင်ငံတော်အဆင့် ကလေးစာပေပွဲတော် ခြောက်ကြိမ်နှင့် ခရိုင်အဆင့် ၂၆ ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါသည်။

 

မြန်မာလူငယ်များအချင်းချင်း အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုးများ အချင်းချင်း မျှဝေပေးနိုင်ရန်နှင့် အနာဂတ် မြန်မာ့လူ့ဘောင်အဖွဲ့ အစည်းအား ၎င်းတို့၏ အတွေးအမြင် ကောင်းများဖြင့် အကောင်အထည်ဖော် တည်ဆောက်နိုင်ရန်ရည်ရွယ်၍ လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကို ရန်ကုန်မြို့တွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက ကျင်းပပေးနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်း မန္တလေးမြို့တွင် ဆက်လက်ကျင်းပ နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

 

တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက် ရမည်ဟူသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ နှင့်အညီ တိုင်းရင်းသား တို့၏ စာပေနှင့် ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိုင်းရင်းသား လူမျိုးစုများ၏ စာပေနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးရေးပွဲတော်ကို ၂၀၁၈ ခုနှစ် မတ်လအတွင်းက ရှမ်းပြည်နယ်တွင် ကျင်းပပေးနိုင်ခဲ့ ပါသည်။

 

မိမိတို့နိုင်ငံအနေဖြင့် မတူကွဲပြားသည့် ဘာသာ စကားအသီးသီးရှိကြသော တိုင်းရင်းသားလူမျိုးများစွာ အတူတကွ စုပေါင်းနေထိုင်သည့် နိုင်ငံဖြစ်သည့် အလျောက် အသီးသီးသော ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ထိန်းသိမ်းမြှင့်တင်ခြင်းများ ဆောင်ရွက်ပေးရန် တာဝန်ရှိသည်ဟု ခံယူလျက် ယင်းသို့သော ပွဲတော်များ ကျင်းပပေးခြင်းပင်ဖြစ်ပါသည်။

 

ဆက်လက်ပြီး ယင်းပွဲတော်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျင်းပပြီး နိုင်ငံတော်အဆင့် ပွဲတော်ကြီးတစ်ခုကိုလည်း ကျင်းပသွားရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

 

သုတေသနစာတမ်းများပြုစု

သုတေသနနှင့် သတင်းအချက်အလက်ဌာနခွဲ (ရန်ကုန်) ရုံးကို မြန်မာရေးရာလေ့လာရေးစင်တာ (Center for Myanmar Affairs Studies) အဖြစ် ၂၀၁၆ ခုနှစ် ဇွန်လတွင် ပညာရှင်များဖြင့် ဖွဲ့စည်းကာ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ စာတမ်းများ ပြုစုခြင်း၊ မြန်မာရေးရာ စာစောင်ကို သုံးလတစ်ကြိမ် ပုံမှန်ထုတ်ဝေခြင်း၊ Myanmar Bulletin Englishနှင့် Myanmar တို့ကို ထုတ်ဝေခြင်းများ ဆောင်ရွက်လျက် ရှိပါသည်။

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံတွင် တင်သွင်းခဲ့သောစာတမ်း ၇၂ စောင်အပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာချက်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လေ့လာချက်စာတမ်းနှင့် တရုတ်ပြည်ဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေး လေ့လာသုံးသပ်ချက် စာတမ်းတို့အား သုတေသနပြုစု ထုတ်ဝေနိုင်ခဲ့ပါသည်။

 

သတင်းပြန်ကြားရေးလုပ်ငန်းများ

 

ပြည်သူများကို အချိန်နှင့်တစ်ပြေးညီ သတင်း အချက်အလက်များ ပေးပို့နိုင်ရန်အတွက် နေ့စဉ်ထုတ် နိုင်ငံပိုင်သတင်းစာများမှသာမက တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးများမှလည်း သက်ဆိုင်ရာအစိုးရအဖွဲ့များ၏ သတင်းများ၊ ဒေသတွင်းသတင်းများ၊ ထူးခြားဖြစ်စဉ် များ၊ သဘာဝဘေးအန္တရာယ်သတင်းများကို ဝန်ကြီးဌာန Webportal တွင် အချိန်နှင့်တစ်ပြေးညီ လွှင့်တင်ဆောင် ရွက်လျက်ရှိပါသည်။

 

ပြည်သူများအတွက် သဘာဝဘေးအန္တရာယ်

 

ကြိုတင်အသိပေးကြေညာချက်များ၊ ကူညီကယ်ဆယ်ရေး ဆိုင်ရာ သတင်းများကို သိရှိနိုင်စေရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနနှင့် ပူးပေါင်း၍ Myanmar Rehabilitation News Facebook Page အားလည်းကောင်း၊ ပြည်တွင်းသတင်းများ၊ ထူးခြားဖြစ်စဉ်သတင်းများ၊ မိုးလေဝသသတင်းများ၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သော အချက်အလက်များကို ပြည်သူများ နားဆင်နိုင်ရန်နှင့် မေးမြန်းနိုင်ရန် Blue Ocean Operating Management Co., Ltd. နှင့် ပူးပေါင်း၍ Call Center Hotline 1883 အားလည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များ၊ ပြုပြင်ပြောင်းလဲမှုများကို ပြည်တွင်း သာမက နိုင်ငံတကာမှ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန် Media နည်းလမ်းပေါင်းစုံမှ သတင်းအချက်အလက်များ ပေးနိုင်ရေးအတွက် Myanmar information အမည်ဖြင့် Twitter အကောင့်တစ်ခု ဖွင့်လှစ်၍ လည်း ကောင်း၊ MOI Myanmar အမည်ဖြင့် Viber Public Chat တစ်ခုအား ဖွင့်လှစ်၍ လည်းကောင်း သတင်း ပြန်ကြားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

 

စာနယ်ဇင်းကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများ

 

ယခင်က ပုံနှိပ်သူ၊ ထုတ်ဝေသူလုပ်ငန်းရှင်များ အနေဖြင့် မိမိထုတ်ဝေသောစာအုပ်၊ စာစောင် လေးစောင် နှင့် Electronic Document တို့အား ဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်လျက်ရှိရာမှ ယခုအခါ ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများကို ပြင်ဆင် ထုတ်ပြန်နိုင်ခဲ့ပြီး Electronic Document ကို ပေးအပ်ရန် မလိုတော့ဘဲ စာအုပ်၊ စာစောင် ခြောက်အုပ်သာ ပေးအပ်ရတော့သည်။ အစိုးရနှစ်နှစ်တာကာလအတွင်း ပုံနှိပ်ခြင်းလုပ်ငန်း ၁၄၉၇ ခု၊ သတင်းစာ ထုတ်ဝေခြင်း လုပ်ငန်း ၄၅ ခု၊ ဂျာနယ်ထုတ်ဝေခြင်းလုပ်ငန်း ၈၂၅ ခု၊ မဂ္ဂဇင်းထုတ်ဝေခြင်းလုပ်ငန်း ၄၃၂ ခု၊ အထွေထွေ ထုတ်ဝေခွင့်လုပ်ငန်း ၁၃၂၃ ခုနှင့် သတင်းအေဂျင်စီ လုပ်ငန်း ၉၈ ခုတို့ကို ခွင့်ပြုပေးနိုင်ခဲ့ပါသည်။

စာနယ်ဇင်းကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် သတင်းမီဒီယာဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများ၊ စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေကြမ်းရေးဆွဲရေးလုပ်ငန်းများ၊ နိုင်ငံသားများ သတင်းအချက်အလက် သိပိုင်ခွင့်နှင့် ပတ်သက်၍ သတင်းအချက်အလက်ရပိုင်ခွင့်ဥပဒေ မူကြမ်းရေးဆွဲရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။

 

ရုပ်ရှင်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

ရုပ်ရှင်ရုံများအား Digital စနစ်ဖြင့်ပြသသည့် အဆင့်မြင့်ရုပ်ရှင်ရုံများအဖြစ် ပြောင်းလဲရေးအားပေး ဆောင်ရွက်မှုအနေဖြင့် အစိုးရနှစ်နှစ်သက်တမ်းအတွင်း Digital စနစ်ဖြင့်ပြသသည့် ရုပ်ရှင်ရုံ ၅၉ ရုံ တိုးတက်ဆောင်ရွက်နိုင်ခဲ့ပြီး ယနေ့အချိန်အထိ စုစုပေါင်း ၉၉ ရုံ ရှိပြီဖြစ်သည်။

 

နိုင်ငံတကာရုပ်ရှင်ပွဲတော်များသို့ မြန်မာရုပ်ရှင် ဇာတ်ကားများ ပေးပို့ပြသနိုင်မှု ရှစ်ကြိမ်၊ မြန်မာနိုင်ငံတွင် လာရောက်ကျင်းပသည့် နိုင်ငံတကာရုပ်ရှင်ပွဲတော် ကိုးကြိမ်၊ ဇာတ်ကားပေါင်း ၁၂၈ ကားကို ပြသနိုင်ခဲ့ပါသည်။

 

ထို့အတူ ရှေးဟောင်းမြန်မာရုပ်ရှင်ဇာတ်ကားကြီးများ၊ သတင်းမှတ်တမ်းကားများ ရေရှည်တည်တံ့စေရန် ဖလင် ပိဋကတ်အား အဆင့်မြှင့်တင်ဆောင်ရွက်ရေးအတွက် ပြည်ပအကူအညီများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

 

ယနေ့အချိန်သည် ရုပ်ရှင်ကဏ္ဍ၏ ရွှေခေတ်အဖြစ် တင်စားနိုင်လောက်အောင် ရုပ်ရှင်ဇာတ်ကားများ ထုတ် လုပ်မှုမြင့်မားသည့် ကာလတစ်ခုဖြစ်လာခဲ့ပြီး အစိုးရနှစ်နှစ်တာကာလအတွင်း မြန်မာရုပ်ရှင် ဇာတ်လမ်း ၃၇၃ ပုဒ်၊ မြန်မာရုပ်ရှင်ဇာတ်ကား ၂၆၁ ကား၊ နိုင်ငံခြား ရုပ်ရှင်ဇာတ်ကား ၂၁၄ ကား၊ မြန်မာဗီဒီယိုဇာတ်ကား ၁၈၄၃ ကား စစ်ဆေးခွင့်ပြုပေးနိုင်ခဲ့ပါသည်။

 

ရုပ်ရှင် အနုပညာ၊ အတတ်ပညာနားလည် တတ်ကျွမ်းသည့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွက် လာရေး သင်တန်းများစေလွှတ်ခြင်း၊ နိုင်ငံခြား ရိုက်ကူးရေး ခရီးစဉ်များတွင် ဆက်သွယ်ရေးအရာရှိ၊ တာဝန်ခံများ လိုက်ပါ၍ ကူညီဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

 

ရိုက်ကူးရေးစတူဒီယို ငှားရမ်းပေးခြင်း၊ ရိုက်ကူးရေးသုံး ကင်မရာနှင့် ဆက်စပ်ပစ္စည်းများ ငှားရမ်းပေးခြင်း၊ ရုပ်ရှင်စတူဒီယို အဆောက်အအုံ တည်ဆောက်မွမ်းမံ ဆောင်ရွက်ခြင်း၊ ဆင်ဆာမူဝါဒလျှော့ချရေး၊ ရုပ်ရှင် ဥပဒေရေးဆွဲရေး၊ နည်းဥပဒေ ပြင်ဆင်ရေး၊ ခိုးကူးခွေ ပပျောက်ရေးအတွက် ပြစ်မှုပြစ်ဒဏ်များ ပြင်ဆင် သတ်မှတ်ရေး၊ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း တို့ကို ဆောင်ရွက်လျက်ရှိသည်။

 

အသိပညာရေချိန်မြင့်မားတိုးတက်လာ

 

နိုင်ငံသူနိုင်ငံသားတို့၏ အသိပညာ ရေချိန်မြင့်မားစေရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား အပြန်အလှန် ပြန်ကြားဆက်ဆံပေးခြင်း၊ အသိပညာ ဗဟုသုတများကို ပြည်သူ့ဆက်ဆံရေးနည်းလမ်းများ ဖြင့် ဖြန့်ဝေပေးခြင်း၊ ဖျော်ဖြေရေးလုပ်ငန်းများအဖြစ် အသိပညာပေး ဇာတ်လမ်းများ ရိုက်ကူးထုတ်လွှင့် ပြသခြင်း၊ ရုပ်ရှင်ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ခြင်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။

 

နိုင်ငံသူနိုင်ငံသားများ၏ အသိပညာရေချိန်မြင့်မား တိုးတက်လာအောင် ဆောင်ရွက်ခြင်းဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းများ အပေါ် နိုင်ငံသူနိုင်ငံသားများ၏ အထောက်အပံ့ ပိုမို ရရှိလာမည် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် နိုင်ငံသူ နိုင်ငံသားတို့၏ အသိပညာ ရေချိန်မြင့်မားလာမှုနှင့်အတူ နိုင်ငံသူ နိုင်ငံသားများက အသိပညာနှင့်ယှဉ်သော ပေါင်းစပ်ကူညီမှုများဖြင့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုများ ပိုမိုဖြစ်ထွန်းအောင်မြင် လာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

 

အောင်သူ(ရွှေတိုးမြေ)