ပြည်သူတွေရဲ့ အကျိုးစီးပွားတွေ၊ အခွင့်အရေးတွေ နစ်နာဆုံးရှုံးမှု မရှိစေရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာကော်မတီကို ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်

ပြည်သူ့လွှတ်တော် တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးမြင့်လွင်

 

ပြည်သူ့လွှတ်တော် တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ

 

mdn

 

ပြည်သူ့လွှတ်တော်သည် ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၇၊ ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၀၆ နှင့် ပြည်သူ့လွှတ်တော်အစည်းအဝေး ဆုံးဖြတ်ချက်တို့အရ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာကော်မတီကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။

 

ကော်မတီသည် တိုင်ကြားစာနှင့် အသနားခံစာများကို လေ့လာစိစစ်ပြီး ပြည်သူများ၏ အခွင့်အရေးနစ်နာမှုမရှိစေရန် အလေးထားဆောင်ရွက်ရသည်။ တိုင်ကြားစာများနှင့် အသနားခံစာများကို လက်ခံရရှိကြောင်းနှင့် မည်သို့ဆောင်ရွက်ထားရှိကြောင်းကို လက်ခံရရှိသည့်နေ့မှ ခုနစ်ရက်အတွင်း ပေးပို့သူထံ အကြောင်းပြန်ကြားရသည်။

 

ထို့ပြင် တိုင်ကြားစာနှင့် အသနားခံစာပေးပို့သူများ၏ တင်ပြချက်များကို ပြန်လည်ရှင်းလင်း အကြောင်းပြန်ကြား နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့ထံမှ ဖြေရှင်းဆောင်ရွက်ပြီး စိစစ်မှုအခြေအနေကို ပြည်သူ့လွှတ်တော်သို့ အကြောင်းကြားလာပါက ပေးပို့သူများထံ အကြောင်းပြန်ကြားရသည်။ တိုင်ကြားစာပါ ကိစ္စရပ်များသည် မှန်ကန်မှုမရှိ ကြောင်းစစ်ဆေးတွေ့ရှိပါက ကော်မတီ၏သဘောတူညီချက်နှင့် တိုင်ကြားစာပါ ကိစ္စရပ်များအား ဆက်လက် ဆောင်ရွက်ခြင်းမပြုဘဲ မှတ်တမ်းတင်သိမ်းဆည်းထားနိုင်ပြီး တိုင်ကြားစာပေးပို့သူထံသို့လည်း ရှင်းလင်း အကြောင်းပြန်ကြားရသည်။

 

ထို့အတူ ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးသည့် အုပ်ချုပ်မှုစနစ်ကို အကောင် အထည်ဖော်မည့် အစိုးရတစ်ရပ် ဖြစ်ပေါ်စေရေးအတွက် လိုအပ်ပါက လွှတ်တော်ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ကော်မတီ၏ စိစစ်တွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်များနှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပေးပို့အသိပေးခြင်း၊ အကြံပြုခြင်းများ ဆောင်ရွက်ရသည်။

 

တိုင်ကြားစာနှင့် အသနားခံစာပါ အကြောင်းအရာများသည် အများပြည်သူဆိုင်ရာတောင်းဆိုချက်များ ဖြစ်ပါက လွှတ်တော်ဝက်ဘ်ဆိုက်တွင် လွှင့်တင်ဖော်ပြနိုင်ရန် ကော်မတီက ဆောင်ရွက်ရသည်။ ထို့ပြင် ပါတီများနှင့်သက်ဆိုင်သော တိုင်ကြားစာဖြစ်ပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးနှင့် သက်ဆိုင်ရာပါတီသို့ လည်းကောင်း၊ လွှတ်တော်၏ ရေးရာကော်မတီတစ်ခုခုနှင့် တိုက်ရိုက်သက်ဆိုင်သောကိစ္စရပ်များဖြစ်ပါက လွှတ်တော်ဥက္ကဋ္ဌ၏ သဘောတူခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာရေးရာ ကော်မတီသို့လည်းကောင်း လွှဲပြောင်းပေးရသည်။ ပြည်သူများကပေးပို့လာသည့် တိုင်ကြားစာများ၊ အသနားခံစာများကို ကြားနာစိစစ်၍ လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် လွှတ်တော်သို့ တင်ပြအစီရင်ခံရသည်။

 

ပြည်သူ့အကျိုးစီးပွားထိခိုက်နေသော ကိစ္စရပ်များ ဖြစ်သည်ကို လေ့လာတွေ့ရှိပါက လွှတ်တော်သို့ မေးခွန်း မေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်းတို့ကို ကော်မတီက ဆောင်ရွက်လျက်ရှိရာ ကော်မတီလုပ်ဆောင်ချက်များနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းဖော်ပြ လိုက်ရပါသည်။

 

mdn

 

ဦးမြင့်လွင်

ပြည်သူ့လွှတ်တော် တိုင်ကြားစာနှင့်

အသနားခံစာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ

(ပုဇွန်တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

 

ကျွန်တော်တို့ တိုင်ကြားစာနှင့်အသနားခံစာ ကော်မတီကို အဖွဲ့ဝင် ၁၆ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ပြည်သူတွေရဲ့ အကျိုးစီးပွားတွေ၊ အခွင့်အရေးတွေ နစ်နာဆုံးရှုံးမှုမရှိစေရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

 

ကျွန်တော်တို့ ကော်မတီကို တိုင်ကြားလာတဲ့ တိုင်ကြားစာတွေကို လေ့လာစိစစ်ပြီး ပြည်သူတွေနစ်နာမှု ရှိလာရင် ဖြေရှင်းပေးရတာ ဖြစ်ပါတယ်။ တိုင်ကြားစာ တစ်စောင်ကို ပြည်သူဆီက လက်ခံရရှိတယ်ဆိုရင် လက်ခံရရှိတဲ့နေ့ကစပြီး ခုနစ်ရက်အတွင်းမှာ ဒီတိုင်ကြားစာ အပေါ်မှာဖြေရှင်းပေးနိုင်တဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ ကော်မရှင် စတဲ့အဖွဲ့အစည်းတွေကို ရွေးချယ်ရပါတယ်။ အဲဒီလိုရွေးချယ်ပြီးတော့မှ ပြည်သူကိုတိုင်ကြားစာရရှိတယ်၊ ဘယ်ဝန်ကြီးဌာနနဲ့တော့ သက်ဆိုင်ပါတယ်ဆိုပြီး အကြောင်းကြားစာကိုပို့ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ကော်မတီရဲ့လုပ်ပိုင်ခွင့်အရ သက်ဆိုင်တဲ့ဝန်ကြီးဌာနကို ဖြေရှင်းပေးဖို့၊ ဒီတိုင်စာကို ရက်သတ္တခြောက်ပတ်၊ အချိန် တစ်လခွဲအတွင်းမှာ အစီရင်ခံစာပြန်လည်တင်သွင်းပေးဖို့ အကြောင်းကြားစာကို ပို့လိုက်ပါတယ်။

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ဝန်ကြီးဌာန စသဖြင့် ပို့လိုက်တဲ့အခါ သူတို့ဆီကစာတွေ ပြန်ဝင်လာ တယ်။ ကျွန်တော်တို့က ဘယ်လိုဖြေရှင်းဆောင်ရွက်ထားတယ်ဆိုတာ စာပြန်ပို့ပေးပါတယ်။ တစ်ခါတလေလည်း တိုင်ကြားစာတွေက အချက်အလက် မမှန်ကန်တာ၊ မပြည့်စုံတာ၊ လိပ်စာမမှန်ကန်တာတွေ တွေ့ရှိရတယ်။ အဲဒီလိုတွေဆိုရင်တော့ တိုင်စာကို ဘယ်မှမပို့တော့ဘဲ မှတ်တမ်းအနေနဲ့ ထားပါတယ်။

 

ပါတီတွေနဲ့ပတ်သက်တဲ့တိုင်စာဆိုရင် ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပို့ပေးတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပတ်သက်တဲ့တိုင်စာဆိုရင် ကိုယ်စားလှယ်တွေကို စီမံခန့်ခွဲတဲ့ လွှတ်တော်ရုံးတွေကို ပို့ရတယ်။ အချို့တိုင်ကြားစာတွေက နည်းပညာအသုံးအနှုန်းတွေ ဥပမာအင်ဂျင်နီယာ ဘာသာရပ်၊ မြေယာတိုင်းတာမှုဘာသာရပ်လို စသဖြင့် ကျွန်တော်တို့ကိုယ်တိုင် မကျွမ်းကျင်တဲ့ ဘာသာရပ်တွေဆိုရင် သက်ဆိုင်ရာပညာရှင်ကိုဖိတ်ကြားပြီး ဆွေးနွေးရတာတွေလည်း ရှိပါတယ်။

 

တိုင်ကြားစာပို့ထားတဲ့ ဝန်ကြီးဌာနတွေက ဖြေကြားလာတာကို မရှင်းလင်းတာ၊ ကျန်နေတာတွေရှိရင် ခေါ်ယူကြားနာဖို့အတွက် လုပ်ပိုင်ခွင့်ပေးထားပါတယ်။ အခုအထိတော့ စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ သိမ်းဆည်းခံလယ်ယာမြေနှင့် အခြားမြေများ စိစစ်ရေးကော်မတီတို့ကို ကျွန်တော်တို့ ခေါ်ယူဆွေးနွေး ညှိနှိုင်းခဲ့ပါတယ်။

 

တိုင်ကြားစာတွေထဲမှာ အများဆုံးကတော့ သိမ်းဆည်းခံ လယ်ယာမြေကိစ္စ ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန၊ တရားစီရင်ရေးစတဲ့ နေရာတွေအပေါ် တိုင်ကြားလာတာလည်း များပါတယ်။ ဒီနေ့အထိဆိုရင် တိုင်ကြားစာပေါင်း ၁၈၀ဝ ကျော် ရရှိနေပါတယ်။ ဌာနဆိုင်ရာကို ပြန်ပို့ပေးတာ ၁၅၅၁ စောင် ရှိပါတယ်။ အကြောင်းပြန်ကြားလာတာ ၉၀ဝ ကျော် ရှိသွားပါပြီ။

 

ကျွန်တော်တို့အလုပ်က အစိုးရရဲ့ စီမံခန့်ခွဲမှု လွဲနေတာ၊ ပြည်သူနစ်နာတာကို ဖြေရှင်းပေးဖို့ တာဝန်ရှိပါတယ်။ အချို့ကိစ္စတွေကျတော့ ဥပမာ- အိမ်ငှားက မဆင်းပေးတာ၊ ခြံထဲကျူးကျော်တာ၊ အကြွေးမရတာ၊ အမွေပြဿနာတွေကို တိုင်ကြားလာရင် ဒီကိစ္စသည် တရားမရှေ့နေငှားပြီး တရားမကြောင်းအရ ရင်ဆိုင်ဖြေရှင်းရမှာဖြစ်ပါတယ်လို့ အကြောင်းပြန်ပေးလိုက်ပါတယ်။ အဲဒီလိုမျိုးတိုင်ကြားစာပေါင်း ၉၃ စောင် ရှိပါတယ်။ လိပ်စာမပြည့်စုံလို့ အကြောင်းမပြန်ဖြစ်တာ ၁၂၆ စောင် ရှိပါတယ်။

 

ကျွန်တော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁ အရ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးစတဲ့ အာဏာသုံးရပ်မှာ ကျွန်တော်တို့က အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကို စောင့်ကြည့်ထိန်းကျောင်းနေတာ ဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ ပြည်သူတွေရဲ့အကျိုးစီးပွားကို ဘယ်လိုကာကွယ်မယ်၊ ဘယ်လိုဖြေရှင်းပေးမယ် စသဖြင့် ပြည်သူတွေ နစ်နာနေတဲ့ကိစ္စတွေကို အကောင်းဆုံး ဖြေရှင်းဆောင်ရွက်ပေးနေပါတယ်လို့ ပြောချင်ပါတယ်။

 

mdn

 

ဦးစောသလေးစော

ပြည်သူ့လွှတ်တော် တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ

ကော်မတီအတွင်းရေးမှူး

(ရွှေကျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

 

ကျွန်တော်တို့ကော်မတီကို ၂၀၁၉ ခုနှစ်မှာမှ စတင်ဖွဲ့စည်းပါတယ်။ လိုအပ်ချက်အရ အခုနောက်ပိုင်းမှ ထပ်ပြီး ဖွဲ့စည်းတယ်။ ပြည်သူတွေအနေနဲ့လည်း တိုင်ကြားမှု ယန္တရားကို ထိထိရောက်ရောက် အသုံးချနိုင်ဖို့ ဒီကော်မတီကို ဖွဲ့စည်းရတာ ဖြစ်ပါတယ်။ တိုင်ကြားစာ ကိစ္စကို အခြားနိုင်ငံတွေမှာဆိုရင် (Ombudsman) လို့ ခေါ်တဲ့ ကော်မရှင်အနေနဲ့ ဝန်ကြီးဌာနအသီးသီးနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေကို ပြည်သူတွေကတိုင်ကြားလာရင် အဲဒါတွေကို ဖြေရှင်းဆောင်ရွက်ပေးတယ်။ National Level အမျိုးသားအဆင့်အနေနဲ့ ဆောင်ရွက်ပါတယ်။

 

လက်ရှိကျွန်တော်တို့ ပြည်သူ့လွှတ်တော် တိုင်ကြားစာ ကော်မတီအနေနဲ့ ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ အစိတ် အပိုင်း ကော်မတီတစ်ရပ်အနေနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သဘောသဘာဝချင်းတော့ မတူဘူး။ လုပ်ကိုင်ဆောင်ရွက်တာတော့ (Ombudsman) ပုံစံမျိုးဆန်ဆန် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

 

သို့သော်လည်း ဥပဒေပြုရေးမဏ္ဍိုင်က တိုင်ကြားစာတွေကို ဖြေရှင်းဆောင်ရွက်နေတဲ့ ကော်မတီဖြစ်တဲ့အတွက် ကျွန်တော်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာရသလို လွှတ်တော်ရဲ့ဥပဒေ၊ နည်းဥပဒေကိုလည်း လိုက်နာရတယ်။ အာဏာသုံးရပ်က သီးခြားစီရပ်တည်တယ်လို့ ပြောလို့ရသလို တစ်ဖက်မှာလည်း အာဏာသုံးရပ်က အပြန်အလှန်ထိန်းကျောင်းတယ်လို့ ပြောတယ်။ အပြန်အလှန် ထိန်းကျောင်းရေးအတွက် တိုင်ကြားစာ ရရှိလာရင် သက်ဆိုင်တဲ့ဝန်ကြီးဌာနကို အကြောင်းကြားစာပို့တယ်။ ကော်မတီအတွင်းမှာ ဆွေးနွေးတယ်။ လိုအပ်ရင် ဝန်ကြီးဌာနတွေကို ခေါ်ယူဆွေးနွေးတယ်။ များသောအားဖြင့် တိုင်ကြားစာတိုင်လာတယ်၊ အကြောင်းပြန်လာတယ်၊ အဲဒီအပေါ်မှာ မကျေလည်တဲ့ ကိစ္စရပ်တွေကို လွှတ်တော်အတွင်းမှာ တွေ့ဆုံမေးမြန်း ခေါ်ယူဆွေးနွေးတာတွေလည်း ဆောင်ရွက်ရပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ တိုင်ကြားစာဆိုရင် စိတ်ထဲက တစ်မျိုးဖြစ်ကြတယ်။ လူတစ်ဦးတစ်ယောက်ကို ဒုက္ခပေးလိုတဲ့ဆန္ဒနဲ့ တိုင်ကြားတယ်လို့ ထင်မြင်ကြတယ်။ ကျွန်တော်တို့ အခြားနိုင်ငံတကာအဖွဲ့အစည်းတွေကကျင်းပတဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေ တက်တဲ့အခါမှာ တိုင်ကြားစာနဲ့ပတ်သက်လို့ အတွေ့အကြုံတွေရလာတယ်။ တိုင်ကြားစာအပေါ် ထားရမယ့် သဘောထား၊ ခံယူချက်တွေကို သိလာတယ်။ အထူးသဖြင့် နယူးဇီလန်နိုင်ငံမှာရှိတဲ့ တိုင်ကြားမှုကော်မတီဆိုရင် ဒီလိုတိုင်ကြားမှုတွေကို တိုင်းတာရတဲ့ အညွှန်းကိန်း တစ်ခုအနေနဲ့ ခံယူတယ်။ ဥပမာ ဆောက်လုပ်ရေးဝန်ကြီး ဌာနနဲ့ပတ်သက်တဲ့ တိုင်စာတွေများနေပြီဆိုရင် အချက်အလက်အပေါ်မှာအခြေခံပြီး ဘယ်နေရာမှာ ဘယ်လိုပြုပြင် သင့်တယ်ဆိုတာ အစိုးရက ဆုံးဖြတ်တယ်။

 

ဘယ်လိုကိစ္စမျိုးတွေမှာ တိုင်ကြားမှုများသလဲ၊ ဘယ်လိုကိစ္စမျိုးတွေက ဖြေရှင်းဖို့လိုအပ်နေတယ်ဆိုတာ အစိုးရကသိရှိနိုင်တယ်။ တစ်နည်းအားဖြင့်ပြောရရင် ဒီတိုင်ကြားစာတွေဟာ တိုင်းပြည်တစ်ခုအတွက် တကယ်အသုံးကျတဲ့ သတင်းအချက်အလက်တွေ ဖြစ်တယ်။ ဒီအပေါ်မှာအခြေခံပြီး တိုင်းပြည်က ဆောင်ရွက်နေတဲ့ကိစ္စရပ်တွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို ဆုံးဖြတ်လို့ရတယ်။ သေချာအသုံးပြုမယ်ဆိုရင် အထောက်အကူ ဖြစ်စေပါတယ်။ တိုင်ကြားစာနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ခံယူချက်တွေလည်း ပြောင်းလဲဖို့ လိုပါတယ်။

 

နောက်တစ်ချက်က ဒီနေ့အထိ ကျွန်တော်တို့လက်ခံ ရရှိတဲ့ တိုင်ကြားစာပေါင်းက ၁၈၀ဝ ကျော်လာပြီ။ ဒီအပေါ်မှာ စီမံခန့်ခွဲရတဲ့ အခက်အခဲတွေလည်း ရှိလာတယ်။ အချက်အလက်တွေ၊ ဝန်ကြီးဌာနအလိုက် ခွဲရတာ၊ ပြဿနာအလိုက်ခွဲရတာတွေ အမျိုးမျိုးရှိပါတယ်။ ကျွန်တော်တို့တာဝန်က ပြည်သူဆီက တိုင်ကြားစာ ရောက်ရှိလာပြီဆိုရင် ခုနစ်ရက်အတွင်း ပြည်သူဆီကို ပြန်ကြားပေးရတယ်။ ဝန်ကြီးဌာနတွေကို ပြန်ပို့ပေး တယ်။ ရက်သတ္တခြောက်ပတ်အတွင်း အကြောင်းပြန်တယ်။ စာအဝင်၊ စာအထွက်၊ ပြဿနာတွေအလိုက်၊ ဝန်ကြီးဌာနအလိုက် ပြန်ခွဲတဲ့အခါ အခက်အခဲတွေ ရှိလာတယ်။

 

အဲဒီအတွက် ICT အကူအညီနဲ့ စီမံခန့်ခွဲဖို့ ရှေ့ဆက်လက်လုပ်ဆောင်ဖို့ကိုလည်း ဆောင်ရွက်နေတယ်။ လွှတ်တော်အတွင်းမှာလည်း UNDP က အိုင်တီနဲ့ ပတ်သက်လို့ ကော်မတီဝန်ထမ်းတွေကို သင်တန်းပေးနေတာတွေလည်းရှိပါတယ်။ ကွန်ပျူတာ၊ နည်းပညာနဲ့ ပတ်သက်ပြီး ကူညီပေးနေတာတွေလည်း ရှိပါတယ်။ ဒီလိုလုပ်ဆောင်နိုင်လာပြီဆိုရင် ကျွန်တော်တို့က နည်းပညာကို အသုံးပြုပြီး Graphic တွေနဲ့ ပြလို့ရမယ်၊ Pie chart တွေနဲ့ ပြလို့ရလာမယ်ဆိုရင် တိုင်ကြားစာ အခြေအနေကိုခန့်မှန်းပြီး တိုင်းပြည်ရဲ့ မူဝါဒတွေ ချမှတ်လာနိုင်မှာ ဖြစ်ပါတယ်။ ။

 

နန္ဒာဝင်း