ပြည်သူများသို့ လျှပ်စစ်မီးပြတ်တောက်ခဲ့မှုအား အသိပေးပန်ကြားခြင်း

၁။         ယနေ့ ၁၃:၅၅ နာရီအချိန်ခန့်တွင် ၂၃၀ ကေဗွီ မြောင်းတကာ-လှိုင်သာယာ ဓာတ်အားလိုင်း ယာယီအပြစ်ဖြစ်၍ တစ်နိုင်ငံလုံးသို့ ဖြန့်ဝေထားရှိသော နိုင်ငံတော်ဓာတ်အားစနစ်တစ်ခုလုံး (၃၅) မိနစ်ခန့် ဓာတ်အားပြတ်တောက်ခဲ့ပါသည်။

 

၂။         အဆိုပါဓာတ်အားပြတ်တောက်မှု အကြောင်းရင်းအား စစ်ဆေးရာတွင် မြောင်းတကာ စက်မှုဇုန်အတွင်း ဖြတ်သန်းတည်ဆောက်ထားသော ၂၃၀ ကေဗွီ မြောင်းတကာ-လှိုင်သာယာ ဓာတ်အားလိုင်း၏ တာဝါတိုင်အမှတ် ၅ နှင့် ၆ အကြားရှိ တယ်လီဖုန်းတိုင်ကို မော်တော်ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပါသဖြင့် မြောင်းတကာ-လှိုင်သာယာ ဓာတ်အားလိုင်းအောက်ရှိ ၃၃ ကေဗွီ မြောင်းတကာ-စက်မှုဇုန် အမှတ်(၇) ဓာတ်အားလိုင်းအား ရိုက်မိပြီး မီးများပန်းထွက်ကာ ဓာတ်အားလိုင်းအောက်ရှိ မြက်ခြောက်ပင်များကို မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါမီးလောင်မှုကြောင့် ၂၃၀ ကေဗွီ မြောင်းတကာ-လှိုင်သာယာ ဓာတ်အားလိုင်းအား မီးဟပ်၍ ယာယီအပြစ်ဖြစ်ပြီး ဓာတ်အားစနစ်တစ်ခုလုံး ခေတ္တပြတ်တောက်မှု ဖြစ်ပွားခဲ့ပါသည်။ 

 

၃။         ယင်းဓာတ်အားပြတ်တောက်မှုအတွက် ဓာတ်အားအမြန်ရရှိရေးအား လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ဝန်ထမ်းများဖြင့် ဆောင်ရွက်ခဲ့ရာ ၁၄:၃၀ နာရီခန့်တွင် တစ်နိုင်ငံလုံး၏ ၆၆ ရာခိုင်နှုန်းအား ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်ရှိ ဓာတ်အားသုံးစွဲသူပြည်သူများအား ၁၇:၀၅ နာရီခန့်တွင် ၁၀၀ ရာခိုင်နှုန်းအား ဖြန့်ဖြူးပေးနိုင်ခဲ့ပါသည်။

 

၄။         နိုင်ငံတော်ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရန် ထုတ်လုပ်ပေးလျက်ရှိသော်လည်း အဆိုပါ မတော်တဆဖြစ်ပွားမှုကြောင့် လျှပ်စစ်မီး ခေတ္တပြတ်တောက်သွားခဲ့ကာ ဓာတ်အားစနစ်အား ပြန်လည်တည်ငြိမ်စေရန်အတွက် တစ်နိုင်ငံလုံးရှိ ဓာတ်အားပေးစက်ရုံနှင့် ခွဲရုံများကို အဆင့်ဆင့် ဓာတ်အားပို့လွှတ်ပေးခဲ့ရပါသဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုအချိန် အနည်းငယ်မျှ ကြာမြင့်ခဲ့ရခြင်းဖြစ်ပါသည်။

 

၅။        အဆိုပါ ဓာတ်အားပြတ်တောက်မှု အချိန်ကာလအတွင်း အဆင်မပြေမှုများရှိခဲ့ပါက နားလည်ခွင့်လွှတ်ပေးနိုင်ပါရန်နှင့် ဓာတ်အားပြတ်တောက်မှု မဖြစ်စေရေး အထူးဂရုပြု ဆောင်ရွက်လျက်ရှိပါကြောင်း မိဘပြည်သူများထံသို့ အသိပေးပန်ကြားအပ်ပါသည်။

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန