ပြည်သူလိုအပ်ချက်နှင့် အစိုးရဆောင်ရွက်ချက်တို့အကြား ဟန်ချက်ညီရန် ကြိုးပန်းနေသည့် နိုင်ငံပိုင်သတင်းစာများ

ခင်ရတနာ

ပြောင်းလဲလာသည့် ဒီမိုကရေစီခရီးရှည်အတွင်း အရာအားလုံးသည် လိုက်ပါပြုပြင်ပြောင်းလဲမှသာ ခေတ်စနစ်နှင့် အံဝင်ခွင်ကျ ဖြတ်သန်းနိုင်မည်ဖြစ်ရာ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းသည်လည်းခေတ်စနစ်နှင့်အညီ နိုင်ငံပိုင်သတင်းစာများအား အသွင်သစ်၊ အမြင်သစ်၊ ဖန်တီးမှုအသစ်၊ နည်းပညာအသစ်များဖြင့် ကြိုးစားအသွင်ကူးပြောင်းလျက်ရှိသည်။ဒစ်ဂျစ်တယ်သတင်းစာ အစိုးရသက်တမ်း နှစ်နှစ်ပြည့်မြောက်ချိန်တွင်သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းသည် အစိုးရ၏လုပ်ဆောင်ချက်များ၊ ပြည်သူထံ အသိပေးချက်များကိုအချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်ရုံသာမက အဓိကတိုးတက်မှုအနေဖြင့် သတင်းအချက်အလက်များကိုအချိန်မဆိုင်း ပြည်သူထံ အရောက်ပို့ပေးနိုင်သည့်ဒစ်ဂျစ်တယ်သတင်းစာကို ၁၁-၁-၂၀၁၈ ရက်နေ့တွင်အောင်မြင်စွာ ထုတ်လွှင့်နိုင်ခဲ့ပြီဖြစ်သည်။

ပုံနှိပ်မီဒီယာဟာ လက်ရှိမှာ ဈေးကွက်ခိုင်မာဆဲဖြစ်ပေမယ့် အနှေးနဲ့အမြန်ဆိုသလိုပဲ ဒစ်ဂျစ်တယ်ကကျော်တက်သွားမှာပါ၊ ဒါတွေကို အမီလိုက်နိုင်ဖို့အတွက်သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအနေနဲ့ Myanmar Digital News စတင်မိတ်ဆက်နိုင်ခဲ့ပြီး နိုင်ငံတစ်ဝန်းမှာ ဖြစ်ပျက်သမျှ သတင်းစုံနဲ့တကွ အစိုးရရဲ့ထုတ်ပြန်ချက်တွေ၊ အသိပေးချက်တွေ၊ ဖော်ပြချက်တွေအားလုံးကို အချိန်နဲ့တစ်ပြေးညီ တင်ဆက်ပေးဖို့လုပ်ဆောင်နေပါတယ်၊ ဒစ်ဂျစ်တယ်သတင်းစာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့အသံ၊ နိုင်ငံတော်ရဲ့အသံကိုကမ္ဘာတစ်ဝန်းလုံးက သိရှိနိုင်အောင် အချိန်မဆိုင်းတင်ဆက်နိုင်မှာဖြစ်ပါတယ်ဟု သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဒစ်ဂျစ်တယ်သတင်းစာတွင် သတင်းထူး၊ သတင်းဦးများအား အချိန်နှင့်တစ်ပြေးညီ တင်ဆက်လျက်ရှိသည့်နည်းတူ စာမျက်နှာအရဖြစ်စေ၊ အချိန်အကန့်အသတ်အရဖြစ်စေ တင်ဆက်ရန်ခက်ခဲသည့်သတင်းများ၊ ဓာတ်ပုံများ၊ရုပ်သံလှုပ်ရှားမှုများကို အမြန်ဆုံး ဖော်ပြပေးနေကြောင်းသိရပြီး အွန်လိုင်းတွင်ရှိသည့် အခြားပြင်ပမီဒီယာများနည်းတူ အင်တာနက်မှ စာဖတ်ပရိသတ်များအတွက်ရည်ရွယ်ထားကြောင်း သိရသည်။သတင်းစီးဆင်းမှုလမ်းကြောင်းသတင်းနှင့် စာနယ်ဇင်းလုပ်ငန်းသည် သက်တမ်း ၁၀ဝ ကျော် ကြာမြင့်နေပြီဖြစ်သည့် မြန်မာ့အလင်းသတင်းစာ၊ သက်တမ်း ၆၀ ကျော်ခဲ့ပြီဖြစ်သည့် ကြေးမုံသတင်းစာနှင့် Joint Venture အဖြစ် ဆောင်ရွက်သောအင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေလျက်ရှိသည့် The Global New Light of Myanmar သတင်းစာတို့အပြင် ယခုအစိုးရသက်တမ်း နှစ်နှစ်တာအတွင်း ဒစ်ဂျစ်တယ်သတင်းစာဖြစ်သည့် Myanmar Digital News အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။

မကြာမီကာလအတွင်း သတင်းစီးဆင်းမှုလမ်းကြောင်းကိုလည်း ဒစ်ဂျစ်တယ်သတင်းစာ Myanmar Digital News မှ  စတင်စေပြီး နိုင်ငံပိုင်ပုံနှိပ်သတင်းစာများထံ ပြန်လည်စီးဆင်းသည့် နည်းလမ်းကို ကျင့်သုံး၍သတင်းများ အချိန်နှင့်တစ်ပြေးညီ လွှင့်တင်ဖော်ပြနိုင်ရေးအတွက် ပြောင်းလဲကျင့်သုံးနိုင်ရန် ကြိုးစားအကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း MDN တာဝန်ခံဦးဟန်လင်းအောင်က ပြောကြားသည်။

Myanmar Digital News ကို www.mdn.gov.mm အမည်ဖြင့် Online မှ ဖတ်ရှုနိုင်ကြောင်း၊ မိုဘိုင်းဖုန်းများဖြင့်လည်း ဖတ်ရှုနိုင်ရန် Myanmar Digital News အမည်ဖြင့် အခမဲ့ဒေါင်းလုတ်ရယူနိုင်ကြောင်း၊ မြန်မာစာလုံး ယူနီကုတ်နှင့် ဇော်ဂျီ နှစ်မျိုးစလုံးဖြင့် ဖတ်ရှုနိုင်ပြီး http:/bit.ly/MDN Android(Android)နှင့် http:/bit.ly/MDNmobile (iOS) တို့တွင်လည်း လွယ်ကူစွာအသုံးပြုနိုင်ကြောင်း သိရသည်။

Myanmar Digital News အတွက် သတင်းများကို ရွေးချယ်စုဆောင်းနိုင်ရန် အယ်ဒီတာအဖွဲ့က၂၄ နာရီ ကြီးကြပ်ဆောင်ရွက်ခြင်းဖြင့် သတင်းထူးများကိုတင်ဆက်နေကြောင်း သိရသည်။ နောက်ဆုံးရသတင်းကဏ္ဍတွင် မြန်မာနှင့် ကမ္ဘာအရပ်ရပ်ရှိ နောက်ဆုံးရသတင်းများကို ရုပ်သံဖိုင်များ၊ ဓာတ်ပုံများဖြင့် ဖော်ပြထားသည်။ အင်္ဂလိပ်ဘာသာကဏ္ဍတွင်လည်း သတင်းများကိုတင်ဆက်ထားသည့်အပြင် ရုပ်သံကဏ္ဍအဖြစ် သီးခြားရုပ်သံအင်တာဗျူးများ၊ သတင်းများကို တင်ဆက်ပေးလျက်ရှိသည်။

သတင်းစာအရည်အသွေးများ ပြည့်ဝပြီး သတင်းခန်း တာဝန်ယူမှု၊ တာဝန်ခံမှု မြင့်မားရေးနှင့်အရည်အသွေးမြင့်မားသည့် သတင်းများ ရရှိနိုင်ရေးအတွက် သတင်းထောက်များ၊ အယ်ဒီတာများ၊ ဝန်ထမ်းများအတွက် တွေ့ဆုံဆွေးနွေးခြင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး သင်တန်းများပေးခြင်း၊ဟောပြောပွဲများ ကျင်းပခြင်း၊ ပြည်ပသတင်းစာပညာသင်တန်းများသို့ စေလွှတ်ခြင်းများ ပြုလုပ်ပေးနိုင်ခဲ့ပြီးအင်္ဂလိပ်စာအရည်အသွေးတိုးတက်စေရန် ရည်ရွယ်ကာ အင်္ဂလိပ်ဘာသာစကားသင်တန်းများကို လည်းကောင်း၊အိုင်တီနည်းပညာများ တိုးပွားစေရန်အတွက် ကွန်ပျူတာနှင့် နည်းပညာ၊ ဒီဇိုင်းပညာသင်တန်းများကို လည်းကောင်းဌာနတွင်း ဖွင့်လှစ်ပေးနိုင်ခဲ့သည်။

အချိန်နှင့်တစ်ပြေးညီ ဖတ်ရှုနိုင်ရန် ဖော်ပြပေးနိုင်ငံတကာသတင်းများကို ပြည်တွင်းသတင်းများနည်းတူ သုံးသပ်ဝေဖန် ထောက်ပြခြင်းနှင့် သတင်းဦးများအလျင်အမြန်ဆုံးရရှိနိုင်ရေးအတွက် နိုင်ငံတကာသတင်းဌာနကြီးများနှင့်ချိတ်ဆက်ကာ သတင်းများ ဝယ်ယူအသုံးပြုခြင်း၊ အပြန်အလှန် ဖလှယ်၍ အသုံးပြုခြင်းများကိုအစိုးရသစ်သက်တမ်း ဒုတိယ တစ်နှစ်တာအတွင်းပြောင်းလဲဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် နိုင်ငံတကာထူးခြားဖြစ်စဉ်များကိုလည်း သတင်းစာများတွင် ပြည်သူများ အချိန်နှင့်တစ်ပြေးညီ ဖတ်ရှုနိုင်ရန် ဖော်ပြပေးခဲ့ကြောင်း သိရသည်။ နိုင်ငံပိုင် “သတင်းစာတွေဖြစ်တဲ့အတွက် နိုင်ငံအတွက် အကျိုးရှိစေတဲ့ သတင်းတွေ၊ ပြည်သူတွေ သိသင့်သိထိုက်တဲ့ သတင်းတွေနဲ့ အစိုးရက ပြန်လည်သတိထားပြီး ဆောင်ရွက်စေလိုတဲ့ သတင်းတွေကို ဖော်ပြပေးဖို့ ကြိုးစားနေပါတယ်၊ ဒါပေမယ့် ဖော်ပြတဲ့နေရာမှာနိုင်ငံပိုင်သတင်းစာတွေဖြစ်နေတဲ့အတွက် ပဋိပက္ခဖြစ်စေနိုင်မယ့် သတင်းတွေ၊အငြင်းပွားနိုင်မယ့် သတင်းတွေနဲ့ပြည်သူတွေအကြား လိုရာကောက်ချက်ဆွဲနိုင်မယ့် သတင်းအရေးအသားမျိုးမဖြစ်အောင် သတိထားရှောင်ကြဉ်ပြီးအမှားအယွင်းကင်းနိုင်သမျှ အကင်းဆုံးဖြစ်အောင်ကြိုးစားဆောင်ရွက်နေပါတယ်၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းဟာ ပြည်သူနဲ့အစိုးရအကြား ပေါင်းကူးပေးနေပြီးမြန်မာစာ စာလုံးပေါင်းသတ်ပုံ၊ သဒ္ဒါမှန်ကန်မှုနဲ့စကားလုံးရွေးချယ်မှုကအစ သတိထားပြီး အမှားအယွင်းမရှိအောင် ဝန်ထမ်းတိုင်းက ကြိုးစားဆောင်ရွက်နေကြပါတယ်၊ မှန်ကန်တဲ့ သတင်းအချက်အလက်၊ အတွေးအမြင်တွေကို ဖော်ပြခြင်းနဲ့ အများပြည်သူကို ဝန်ဆောင်မှု ပေးနေပါတယ်၊ တစ်ခါတစ်ရံ သတင်းစာမှာ အမှားအယွင်းတွေပါရှိသွားတာကိုလည်း အမြန်ဆုံး ကုစားပြင်ဆင်ဆောင်ရွက်လျက်ရှိပါတယ်ဟု ဦးဟန်လင်းအောင်ကပြောကြားသည်။

ထိုသို့သော မူဝါဒများချမှတ်ကာ ပြုပြင်ပြောင်းလဲခြင်းများ လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် နှစ်နှစ်တာအတွင်းသတင်းစာမျက်နှာများပေါ်တွင် ပြည်သူတို့ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များကို ကဏ္ဍများ ခွဲဝေကာပိုမိုထည့်သွင်းလာနိုင်ခဲ့သည့်အပြင် ထူးခြားသတင်းများ၊စက်ရပ်သတင်းများ၊ သတင်းသုံးသပ်ချက်များ၊ စာဖတ်သူအသံများ၊ သတင်းဆောင်းပါးများနှင့် ပညာပေးဆောင်းပါးများစွာကို ယခုနှစ်များအတွင်း ပိုမိုထည့်သွင်း ဖော်ပြလာနိုင်ခဲ့ကြောင်း သိရသည်။နေ့စဉ် အသိပညာပေး ဆောင်းပါးပေါင်း သုံးပုဒ်မှငါးပုဒ်အတွင်း သတင်းစာများက ဖော်ပြပေးနေကြပြီးသတင်းဆောင်းပါး၊ သုံးသပ်ချက်နှင့် အယ်ဒီတာ့အာဘော်များ၊ ထုတ်ပြန်ချက်များ၊ သတိပေးချက်များ နေ့စဉ်ပါရှိသည့်အပြင် နေ့စဉ် သတင်းပုဒ်ရေ ၄၀ မှ ၆၀ အကြား ဖော်ပြပေးနိုင်သဖြင့် ပြည်သူများ၏ နေ့စဉ် သတင်းလိုအပ်ချက်ကိုဖြည့်တင်းနိုင်သည့် သတင်းစာများ ဖြစ်ကြောင်း သိရသည်။ ကဏ္ဍများစွာစာဖတ်ပရိသတ်များ၏ တောင်းဆိုမှုနှင့် ဈေးကွက်လိုအပ်ချက်အရ ကဏ္ဍများစွာကိုလည်း အစိုးရသက်တမ်း နှစ်နှစ်တာအတွင်း ထည့်သွင်းဖော်ပြထားသည်။

အနယ်နယ်အရပ်ရပ်မှ ကျောင်းသားလူငယ်များအားထားသည့် မျိုးဆက်သစ်ရင်ပြင်ကဏ္ဍ၊ ကလေးများအပတ်စဉ် စောင့်စားဖတ်ရှုကြသည့် တနင်္ဂနွေကာတွန်း၊ ပြည်သူများ မိမိတို့ သဘောထားအမြင်များကို ဖော်ပြနိုင်သည့် ပြည်သူ့သဘောထားစင်မြင့်၊ ဒေသအသီးသီးရှိပြည်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် ထင်သာမြင်သာပြုပြင်စရာနှင့် စာတည်းထံပေးစာ၊ ဥပဒေနှင့်ပတ်သက်သည့် အချက်အလက်များအား ပြည်သူများသတိပြုနိုင်ရန် ဥပဒေအတွေး ရေးပါရစေ၊ တနင်္ဂနွေစာမျက်နှာများဖြစ်သည့် အခွင့်အလမ်းဖွေရှာ ဘဝအတွက်တာ၊ ခရီးသွားဆောင်းပါးနှင့် ရိုးရာအားကစားစာမျက်နှာများ၊ အနယ်နယ်အရပ်ရပ်ရှိ ဒေသများမှစိုက်ပျိုးရေးလုပ်ငန်းများအတွက် စိုက်မွေးစီးပွားစာမျက်နှာ၊ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ အားကစားဝါသနာရှင်များအတွက် လူမှုစီးပွား အားကစားစသည့် အစီအစဉ်များကိုလည်း အပတ်စဉ် ထည့်သွင်းဖော်ပြလျက်ရှိသည်။

အစိုးရသက်တမ်း နှစ်နှစ်တာကာလအတွင်းရန်ကုန်သူ ရန်ကုန်သားများအတွက် သတင်းအချက်အလက်များ၊ ခံစားမှုများ၊ ရင်တွင်းဆန္ဒများနှင့် အခက်အခဲများ၊ ဖွံ့ဖြိုးတိုးတက်မှုများအတွက် Today Yangon ယနေ့ရန်ကုန်အချပ်ပိုစာမျက်နှာကို လည်းကောင်း၊ ရခိုင်ပြည်နယ်အတွင်းရှိ သွေးချင်းများအတွက် ရခိုင်ရွှေမြေအချပ်ပို စာမျက်နှာကိုလည်းကောင်း၊ ရခိုင်ဘာသာဖြင့်ရွှီပြည်ရခိုင်ပုံရိပ်၊ ကချင်ဘာသာ၊ မွန်ဘာသာ၊ စကောကရင်ဘာသာ၊ ပိုးကရင်ဘာသာ၊ ပအိုဝ်းဘာသာများဖြင့်သတင်းများကို ရိုက်နှိပ်ဖော်ပြခြင်းဖြင့်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ မပျောက်ကွယ်ရေးကို ရှေးရှုကာ တိုင်းရင်းသားအချပ်ပို စာမျက်နှာကို လည်းကောင်း၊ မန္တလေးမြို့နှင့်အထက်မြန်မာပြည်အကြောင်းအရာများကို ပိုမိုအလေးပေးထားသည့် မန္တလေးစာမျက်နှာကို လည်းကောင်းအချပ်ပိုများအဖြစ် အပတ်စဉ် ထည့်သွင်းထုတ်ဝေနိုင်ခဲ့ကြောင်း သိရသည်။နိုင်ငံပိုင်သတင်းစာများသည် သတင်းဦးဖော်ပြနိုင်မှုအားနည်းနေသည်ကို တွေ့ရသော်လည်း သတင်းစာဖတ်သူများ၏ အမြင်၊ သတင်းစာအပေါ် ယုံကြည်မှု၊သတင်းစာအပေါ် ခံယူမှုများသည်လည်း မတူညီကြဘဲနိုင်ငံပိုင်သတင်းစာများ၏ ဖော်ပြပါရှိမှု အားလုံးသည်အစိုးရကို ကိုယ်စားပြုသည်ဟူသည့် အမြင်များကိုလည်းတွေ့ရသည်။ နိုင်ငံအတွက် အကျိုးရှိစေမည့် သတင်းများ၊မဖြစ်မနေ ပါဝင်သင့်သည့်သတင်းများကို ဦးစားပေးဖော်ပြလျက်ရှိပြီး အစိုးရ၏လုပ်ဆောင်မှုများနှင့် ရည်မှန်းချက်များ၊ မူဝါဒများ၊ ဌာနဆိုင်ရာများမှ ထုတ်ပြန်ချက်များနှင့် ပြည်သူအတွက် ပြန်ကြားချက်၊ အသိပေးချက်များ၊ ဥပဒေများနှင့် နည်းဥပဒေများ၊ ဥပဒေမူကြမ်းများကိုလည်း တင်ဆက်ပေးလျက်ရှိသည်။နှစ်စဉ်ရရှိတဲ့အမြတ်ငွေသတင်းနှင့်စာနယ်ဇင်းလုပ်ငန်းသည် နိုင်ငံတော်အစိုးရ၏ အောင်မြင်သော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအနက် တစ်ခုလည်းဖြစ်သည်။ “သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းအနေနဲ့ စက္ကူကုန်ကြမ်းတင်သွင်းတာ၊သယ်ယူပို့ဆောင်တာ၊ စက်ပစ္စည်းဝယ်ယူတာ စတဲ့လုပ်ငန်းတွေမှာ အခြားလုပ်ငန်းတွေနည်းတူ ကုန်သွယ်ခွန်၊ ဝင်ငွေခွန် အတိအကျ နိုင်ငံတော်ကို ပေးသွင်းလျက်ရှိပါတယ်၊ လက်ရှိမှာ လုပ်ငန်းသုံး ရင်းနှီးငွေအတွင်းကနေပြန်လည်ထုတ်ယူသုံးစွဲနိုင်တဲ့ ဌာနတစ်ခုဖြစ်လာတဲ့အတွက် ယခင်နှစ်တွေကလို ပြည်ထောင်စုရန်ပုံငွေစာရင်းခေါင်းစဉ်ကနေ ကျခံသုံးစွဲခြင်း မပြုတော့ပါဘူး၊လုပ်ငန်းသုံးရင်းနှီးငွေကိုတော့ နှစ်စဉ်ရရှိတဲ့ အမြတ်ငွေကနေ ၅၅ ရာခိုင်နှုန်းကို လုပ်ငန်းသုံးရင်းနှီးငွေအဖြစ်ပြန်လည်ထည့်ဝင်စုဆောင်းထားတဲ့စနစ်ကို ကျင့်သုံးခြင်းဖြစ်ပါတယ်၊ နိုင်ငံပိုင်သတင်းစာ များဖြစ်သည့်အားလျော်စွာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းမူဝါဒနှင့်အညီ လျာထားငွေများရရှိအောင် ဆောင်ရွက်ခြင်းအပြင်အရှုံးမရှိစေရေးကိုလည်း ဆောင်ရွက်ရပါတယ်ဟု စီမံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ငံပိုင်ပုံနှိပ်မီဒီယာများဖြစ်ကြသည့် မြန်မာ့အလင်း၊ ကြေးမုံနှင့် Joint Venture  အဖြစ် ဆောင်ရွက်

နေသည့် The Global New Light of Myanmar သတင်းစာ၊ နိုင်ငံပိုင်အွန်လိုင်းမီဒီယာဖြစ်သည့် Myanmar Digital News တို့သည် သတင်းစာကျင့်ဝတ်များ၊ နိုင်ငံပိုင်မီဒီယာများအတွက် သီးခြားထုတ်ပြန်ထားသည့်ကျင့်ဝတ်များ၊ နိုင်ငံ့ဝန်ထမ်းများ၏ စည်းမျဉ်းစည်းကမ်းများစွာအတွင်းမှ ပြည်သူများ အချိန်နှင့်တစ်ပြေးညီသတင်းထူး၊ သတင်းဦးများ ဖတ်ရှုနိုင်ရေးနှင့် စိန်ခေါ်မှုများစွာ ပြည့်နှက်နေသည့် မြန်မာ့နိုင်ငံရေးကဏ္ဍအပါအဝင် ကဏ္ဍအသီးသီးအတွက် မှန်ကန်သည့် သတင်းများ၊ ရိုးသားသည့် သတင်းချဉ်းကပ်ပုံများနှင့် တိကျသည့်အချက်အလက်များကို ဖော်ပြပေးလျက်ရှိသည်။ စာမျက်နှာတိုင်း၊ သတင်းတိုင်းသည် ပြည်သူနှင့်နိုင်ငံတော်အတွက် ပြန်ကြားပေးရန်၊ ပညာပေးရန်၊ဖျော်ဖြေပေးရန် ဟူသည့် ပြန်ကြားရေးဝန်ကြီးဌာန၏မူဝါဒအတိုင်း ကြိုးစားအားဖြည့်ပေးလျက် ရှိနေပါကြောင်း။ ။