ပြည်သူ့အတွက် သတင်းအချက်အလက်နှင့် အသိပညာဗဟုသုတ ဝန်ဆောင်မှုပေးလျက်ရှိသော နိုင်ငံပိုင်သတင်းစာ

မေဦးမိုး

နိုင်ငံပိုင်သတင်းစာဟု ဆိုလိုက်သည်နှင့် မြန်မာ့အလင်း၊ ကြေးမုံ၊  The Global New Light of Myanma သတင်းစာတို့ကို ရည်ညွှန်းကြောင်း အများပြည်သူ သိရှိကြမည်ဟု ထင်ပါသည်။ နိုင်ငံအတွက် ပြည်သူတို့က ရွေးချယ်တင်မြှောက်လိုက်သည့် အစိုးရတစ်ရပ်အနေဖြင့် ပြည်သူ့အကျိုးမျှော်မှန်းပြီး လုပ်ဆောင်လျက်ရှိရာ ထိုသို့ဆောင်ရွက်ချက်များကို ပြည်သူထံ အစီရင်ခံ တင်ပြနေသည့် မီဒီယာပလက်ဖောင်း ဖြစ်ပါသည်။ ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာန၏ မူဝါဒဖြစ်သည့် ပြန်ကြားပေးရန်၊ ပညာပေးရန်နှင့် ဖျော်ဖြေပေးရန်ဟူသည့် ရည်ရွယ်ချက်များကို ဦးတည်ကာ ပြည်သူတို့၏ အကျိုးစီးပွားကို ရည်ရွယ်ထုတ်ဝေ နေသည့် သတင်းစာများပင် ဖြစ်ပါသည်။

ပြည်သူလူထုက တစ်ခဲနက် ရွေးကောက်တင်မြှောက်ထားသည့် အစိုးရ၏ သက်တမ်းသည် တတိယတစ်နှစ်တာပြီးမြောက်ချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါသည်။ ပြည်သူ့အစိုးရ၏ သဘောထားခံယူချက်၊ မူဝါဒရေးရာနှင့် ပြည်သူ့အတွက် ဆောင်ရွက်ချက်များ၊ ပြည်သူကို ကိုယ်စားပြုသည့် လွှတ်တော်အသီးသီးမှ ဆောင်ရွက်ချက်များ၊ တရားရေးဆိုင်ရာများအပြင် သတင်းအချက်အလက် နှင့် အသိပညာဗဟုသုတများ၊ ဖျော်ဖြေရေးဆိုင်ရာများကို အချက်အလက်ပြည့်စုံစွာ၊ အထောက်အထား မှန်ကန်စွာ ဖော်ပြလျက်ရှိသည့် နိုင်ငံပိုင်သတင်းစာများသည် အားမာန်ဝင့်ကာဖြင့် ဆက်လက်ထုတ်ဝေလျက် ရှိနေပါသည်။

1

ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်ကြီးအဖြစ် ရည်မှန်းကြိုးပမ်းနေသည့် ဒီမိုကရေစီအသွင်ကူးပြောင်းစ ယခုအချိန် ကာလတွင် နိုင်ငံပိုင်သတင်းစာများသည် နိုင်ငံအတွက် လိုအပ်ချက်တစ်ခု ဖြစ်နေသကဲ့သို့ ပြည်သူတို့၏ သတင်းအချက်အလက် သိရှိပိုင်ခွင့်အပေါ် တစ်ထောင့်တစ်နေရာမှ အားဖြည့်ပေးသည်ကိုလည်း မြင်တွေ့ရမည် ဖြစ်ပါသည်။

သတင်းစာဟူသည် ပြည်သူတို့၏ နားနှင့် မျက်စိပင်ဖြစ်သည်။ အများပြည်သူကို ကိ်ုယ်စားပြုသည့် နိုင်ငံပိုင်သတင်းစာများသည် ပြည်သူတို့ သိလိုသမျှ၊ ကြားလိုသမျှ သတင်းအချက်အလက်များ၊ ပြည်သူတို့ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရ၏ လှုပ်ရှားမှုခြေလှမ်းများကို ပြည်သူထံ တင်ပြချက်များနှင့်အတူ ပြည်သူ့အတွက် သိသင့်သိထိုက်သည့် မှတ်သားဖွယ်ရာ သုတ၊ ရသအဖုံဖုံတို့ကို ပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက်ရှိရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုလျက် ရှိသကဲ့သို့ နိုင်ငံ့အကျိုးအတွက် ထမ်းရွက်နေခြင်းလည်း ဖြစ်ပါသည်။

ပေါင်းကူးတံတားသဖွယ်
သတင်းစာတိုင်းတွင် သတင်းစာတိုက်၏ ကိုယ်ပိုင်ဟန် ကိုယ်စီရှိနေကြပါသည်။ နိုင်ငံပိုင်သတင်းစာများသည်လည်း အများပြည်သူအကျိုးအတွက် ရှေးရှုမျက်နှာမူသည့် ကိုယ်ပိုင်ဟန်ဖြင့် ရပ်တည်နေသည့် မီဒီယာပလက် ဖောင်းများပင် ဖြစ်ပါသည်။ နိုင်ငံပိုင်သတင်းစာများ၏ မူဝါဒသည် နိုင်ငံတော်၏ မူဝါဒ၊ ပြည်သူ့အစိုးရ၏ မူဝါဒကို အကောင်အထည်ဖော်နေ ခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့်လည်း ပြန်ကြားရေးဝန်ကြီးဌာနရှိ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းတစ်ခုဖြစ်သော သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းသည် နိုင်ငံတော်နှင့် ပြည်သူတို့အကြား ပေါင်းကူးတံတားသဖွယ် ရပ်တည်ကာ ဝန်ဆောင်မှုပေးနေခြင်းပင် ဖြစ်ပါသည်။

ပြည်သူ့အစိုးရ၏ လုပ်ဆောင်ချက်များအပေါ် ပြည်သူကို အစီရင်ခံတင်ပြသည့်နည်းတူ ပြည်သူများ၏ လိုအပ်ချက်ကိုလည်း နိုင်ငံတော် အစိုးရသိရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်။ စာဖတ်ပရိသတ်များနှင့် ဈေးကွက်၏ တောင်းဆို လိုအပ်ချက် အရလည်း သတင်းစာများတွင် အထူးကဏ္ဍများ စဉ်ဆက်မပြတ် ထည့်သွင်းဖော်ပြပေးလျက်ရှိသည်။ ပြည်သူ့အစိုးရ တာဝန်ယူချိန်မှစ၍ သတင်းစာ၏ အသွင်အပြင်နှင့် အနှစ်သာရကို ပြောင်းလဲဆောင်ရွက်နိုင်ခဲ့ပြီး ဆန်းသစ်တီထွင် မှုများဖြင့်လည်း စဉ်ဆက်မပြတ် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါသည်။

ယခုအခါ အနယ်နယ်အရပ်ရပ်မှ ကျောင်းသားလူငယ်များ လက်ရည်သွေးရာ စာမျက်နှာများဖြစ်သည့် မျိုးဆက်သစ်ရင်ပြင် ကဏ္ဍ၊ ကလေးများ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် ဗဟုသုတများ ပိုမိုတောက်ပလာစေမည့် ကာတွန်းကဏ္ဍ၊ ပြည်သူများ၏ သဘောထား များကို ထုတ်ဖော်ရာ ပြည်သူ့သဘောထား စင်မြင့်ကဏ္ဍ၊ ပြည်သူများလိုအပ်ချက်ကို အပေါ်လွင်ဆုံး ဖော်ပြနိုင်သည့် ထင်သာမြင်သာ ပြုပြင်စရာ၊ နိုင်ငံရေးရာ၊ နိုင်ငံတကာရေးရာ၊ ဥပဒေရေးရာနှင့် စီးပွားရေးရာ၊ လူမှုရေးရာ အထူးဆောင်းပါးများ၊ စိုက်မွေးစီးပွား စာမျက်နှာ၊ အနုပညာ မြင်ကွင်းကျယ် စာမျက်နှာနှင့် အားကစားရေးရာ အဖြာဖြာတို့အပြင် အနယ်နယ် အရပ်ရပ်တွင်ရှိသည့် ဒေသခံသတင်းထောက်များမှ ပေးပို့လာသည့် သတင်းများ၊ ဓာတ်ပုံမှတ်တမ်းများ စသည်တို့ကို ဝေဝေဆာဆာဖြင့် နေ့စဉ် ဖော်ပြပေးလျက် ရှိပါသည်။

2

ထို့ပြင် နိုင်ငံတော်၏ ဥပဒေပြုရေးကဏ္ဍ အသီးသီးမှ ရောက်ရှိလာသည့် ဥပဒေများ၊ ဥပဒေကြမ်းများ၊ ထီပေါက်စဉ်များ၊ အလုပ် အကိုင် ခေါ်ယူမှုများ၊ နေ့စဉ် ဈေးကွက်သတင်းများ၊ မိုးလေဝသ သတင်းအခြေအနေများနှင့် ပြည်သူများ ရာသီအလိုက် သတိထားရမည့် အချက်အလက်များ၊ ဆင်ခြင်ဖွယ်ရာများ၊ သိမှတ်စရာများကို စဉ်ဆက်မပြတ် ဖော်ပြပေးလျက်ရှိပါသည်။

 

5

ဒေသပရိသတ်များ၏ အသံစုံလင်စွာပါဝင်
ထို့ပြင် ဒေသအသီးသီးရှိ စာဖတ်ပရိသတ်များအတွက် အထူးကဏ္ဍများကိုလည်း ထည့်သွင်းဖော်ပြပေးလျက် ရှိပါသည်။ ရန်ကုန်သူ ရန်ကုန်သားများအတွက် Today Yangon ယနေ့ရန်ကုန် စာမျက်နှာများကို အချပ်ပိုအဖြစ် ထုတ်ဝေပေးနေပြီး လူမှုဘဝသတင်းများ၊ ဆင်ခြင်ဖွယ်ရာများ၊ သတင်းအချက်အလက်များနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် ဖြည့်ဆည်းပေးလျက် ရှိပါသည်။ ရခိုင်ပြည်နယ်အတွင်းရှိ သွေးချင်းများအတွက် ရခိုင်ရွှေမြေစာမျက်နှာကိုလည်း အပတ်စဉ် အချပ်ပိုအဖြစ် ထုတ်ဝေ ပေးလျက်ရှိပါသည်။ တိုင်းရင်းသားလူမျိုးများအတွက် မွန်ဘာသာ၊ စကောကရင်ဘာသာ၊ ပိုးကရင်ဘာသာ၊ ပအိုဝ်းဘာသာ များဖြင့် သတင်းများကို ရိုက်နှိပ်ဖော်ပြခြင်း၊ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ မပျောက် ကွယ်ရေးအတွက် တိုင်းရင်းသားအချပ်ပို စာမျက်နှာများကိုလည်း ရိုက်နှိပ်ထုတ်ဝေပေးလျက် ရှိပါသည်။ မန္တလေးနှင့် အထက်မြန်မာပြည် အကြောင်းအရာများကို ပိုမိုဝေဆာစွာ ဖတ်ရှုနိုင်ရန်အတွက် ရည်ရွယ်ကာ မန္တလေး စာမျက်နှာကိုလည်း အပတ်စဉ် အချပ်ပို ထည့်သွင်းဖော်ပြ ဝန်ဆောင်မှုပေးနေပါသည်။

ဒစ်ဂျစ်တယ်သတင်းစာမျက်နှာသစ်ဖွင့်
ထို့ပြင် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းသည် ခြေလှမ်းသစ်အဖြစ် Myanmar Digital News ဒစ်ဂျစ်တယ်သတင်းစာသစ်ကို ၂၀၁၈ ခုနှစ်တွင် အောင်မြင်စွာ ထုတ်လွှင့်နိုင်ခဲ့သည်။ အစိုးရ၏ လုပ်ဆောင်ချက်များ၊ အသိပေးလိုသော အချက်များကို အချိန်မဆိုင်း ပြည်သူထံ တင်ပြနိုင်ရန်အပြင် ပြည်သူများအတွက် ဖျော်ဖြေရေးကဏ္ဍ၊ ပညာပေးရေးကဏ္ဍတို့ဖြင့် Myanmar Digital News ၏ News Portal သည် အသွင်သစ်ဖြင့် မီဒီယာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နေပြီ ဖြစ်ပါသည်။ နောက်ဆုံးရ သတင်းများ အပါအဝင်၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုဘဝအရေးများနှင့် တိုင်းရင်းသားရေးရာ သတင်းအချက်အလက် များကို Multimedia အဖြစ် ဖော်ပြပေးနိုင်ခဲ့ပြီ ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ Myanmar Digital News ၏ Digital Newspaper နှင့် News Portal အား အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာအဆင့်မီ ဒစ်ဂျစ်တယ်သတင်းစာအဖြစ် အရည်အသွေးများ ပြောင်းလဲတင်ဆက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

3

ဝင်ငွေခွန်နှင့် နိုင်ငံတော်ထည့်ဝင်ငွေများ ပေးသွင်း
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းသည် နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းများတွင် ပါဝင်ပြီး အမြတ်အစွန်းကို ရှေးရှုဆောင်ရွက်ခြင်း မရှိသော်လည်း သင့်တင့်သောဝင်ငွေဖြင့် လုပ်ငန်းသုံး ရင်းနှီးငွေဖြစ်သည့် Other Account (OA)တွင် စုဆောင်းထား နိုင်ခြင်းကြောင့် လုပ်ငန်း သုံးရင်းနှီးငွေများမှတစ်ဆင့် ဝန်ထမ်းများ၏ လစာငွေ၊ အငြိမ်းစားဝန်ထမ်း ၉၀ဝ နီးပါး၏ ပင်စင်လစာ၊ သတင်းစာထုတ်လုပ်မှု စရိတ်များနှင့် သာမန်အသုံးစရိတ်များ၊ ငွေလုံးငွေရင်း အသုံးစရိတ်များအားလုံးကို ယင်းစုဆောင်းငွေများ ထဲမှပင် သုံးစွဲနိုင်သည့် လုပ်ငန်းကြီးတစ်ခုလည်း ဖြစ်နေပါသည်။

သတင်းစာထုတ်လုပ်ရာတွင် အသုံးပြုရသည့် ကုန်ကြမ်းများ ဝယ်ယူခြင်းမှသည် ပြည်သူ့လက်ဝယ် သတင်းစာရောက်ရှိ သည်အထိ အဆင့်ဆင့်တွင် ပေးဆောင်ရသည့် အခွန်အခများကိုလည်း အခွင့်ထူးခံခြင်းမရှိဘဲ တာဝန်ကျေပွန်စွာ ပေးဆောင် လျက်ရှိပါသည်။ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းသည် ဘဏ္ဍာနှစ်အလိုက် အမြတ်ငွေ၏ ၂၅ ရာခိုင်နှုန်းကို ဝင်ငွေခွန်အဖြစ် လည်းကောင်း၊ ၂၀ ရာခိုင်နှုန်းကို နိုင်ငံတော်ထည့်ဝင်ငွေအဖြစ် လည်းကောင်း နိုင်ငံတော်သို့ နှစ်စဉ် မပျက်မကွက် ပေးဆောင်လျက်ရှိနေပါသည်။

မလွှဲမရှောင်သာ
နိုင်ငံပိုင်သတင်းစာများသည် နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ထုတ်ဝေဖြန့်ချိလျက်ရှိရာ တစ်ကြိမ်တစ်ခါမှ အရှုံးမရှိခဲ့ဘဲ သင့်တင့်မျှတ သော အမြတ်ငွေကိုပင် နိုင်ငံတော်အတွက် ရှာဖွေပေးသွင်းနိုင်ခြင်း ဖြစ်ပါသည်။ အများပြည်သူ အကျိုးစီးပွားအတွက် ကြော်ငြာလုပ်ငန်းဖြင့်လည်း ဝန်ဆောင်မှုပေးလျက်ရှိရာ ၎င်းကြော်ငြာ ဝင်ငွေများကြောင့်လည်း သတင်းစာဈေးနှုန်းကို မူလကျသင့်ငွေထက် သိသိသာသာ လျော့နည်းကာ ခုနှိမ်ရောင်းချပေးနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် သတင်းစာများ ဝယ်ယူဖတ်ရှုနိုင်ခြင်းလည်း ဖြစ်ပါသည်။

သတင်းစာလုပ်ငန်းကို သတင်းစာရောင်းချ ရငွေနှင့် ကြော်ငြာဝင်ငွေတို့အပြင် စက္ကူလုံး ကျန်/လိပ်ခွာရောင်းရငွေ၊ မင်ပုံးခွံ ရောင်းချရငွေ၊ ရိုက်ပျက်စက္ကူရောင်းချရငွေ စသည့် စွန့်ပစ်ပစ္စည်းများ ရောင်းရငွေအပါအဝင် အထွေထွေ အရပ်ရပ်ဝင်ငွေများဖြင့် နိုင်ငံ့ဘဏ္ဍာ အရှုံးမဖြစ် ပေါ်စေရန်နှင့် သင့်တင့်မျှတသော အမြတ်ငွေရရှိ နိုင်ရန် ချင့်ချိန်ဂရုပြုဆောင်ရွက်လျက်ရှိသော် လည်း ယခုအခါ သတင်းစာထုတ်လုပ်မှု၏ အဓိက ကုန်ကြမ်းဖြစ်သော သတင်းစာစက္ကူဈေးနှုန်း ကမ္ဘာတစ်ဝန်းတွင် မြင့်တက်လာမှု၊ နိုင်ငံခြားငွေလဲလှယ်နှုန်း တိုးမြင့်လာမှုတို့ကြောင့် သတင်းစာထုတ်လုပ်မှုစရိတ် မြင့်တက်လာသဖြင့် နိုင်ငံတော် ဘဏ္ဍာငွေ ဆုံးရှုံးမှု မဖြစ်ပေါ်စေရန် မလွှဲမရှောင်သာဘဲ ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်ပြီး ဈေးနှုန်းတိုးမြှင့် ရောင်းချမှုကို ပြုလုပ်ရခြင်း ဖြစ်ပါသည်။

စနစ်တကျ စာရင်းစစ်ဆေးခံယူ
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းသည် နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းတစ်ခု ဖြစ်သည်နှင့်အညီ ငွေကြေးဆိုင်ရာများကို မူဘောင်အတွင်းမှ စနစ်တကျ အသုံးပြုရပြီး အလေအလွင့်မရှိအောင် တာဝန်ရှိသူ အဆင့်ဆင့်မှလည်း စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် ဌာန၏ ရငွေ၊ သုံးငွေ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို ဝန်ကြီးရုံး၏ ဌာနတွင်း စာရင်းစစ်အဖွဲ့မှ လစဉ် စစ်ဆေးခြင်း၊ နှစ်ချုပ်စာရင်းများ ရေးဆွဲပြီးပါက ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် သတင်းစာတိုက် များအလိုက် တည်ရှိသော တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်အဖွဲ့များက စာရင်းစစ်ဆေးမှု စံနှုန်းနှင့်အညီ စနစ်တကျ စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိနေပါသည်။

နိုင်ငံပိုင်သတင်းစာများ၏ အလုပ်ရှင်သည် နိုင်ငံတော်၊ အစိုးရနှင့် ပြည်သူများဟု ခံယူဆောင်ရွက်လျက် ရှိနေပါသည်။ မြန်မာ့အလင်း၊ ကြေးမုံနှင့် Global Direct Link ကုမ္ပဏီနှင့် အကျိုးတူ (Joint Venture) အဖြစ် ပူးပေါင်း ဆောင်ရွက်နေသော The Global New Light of Myanmar သတင်းစာ၊ အွန်လိုင်းမီဒီယာဖြစ်သည့် Myanmar Digital News တို့တွင် တာဝန် ထမ်းဆောင်နေကြသူများသည် သတင်းစာကျင့်ဝတ်များအပြင် နိုင်ငံပိုင်မီဒီယာများအတွက် သီးခြားထုတ်ပြန်ထားသည့် ကျင့်ဝတ်များ၊ လူမှုတာဝန်သိသော မီဒီယာဆိုင်ရာ ကြော်ငြာမူဝါဒများကို လိုက်နာလုပ်ဆောင်ကြရပြီး နိုင်ငံ့ဝန်ထမ်း စည်းမျဉ်း စည်းကမ်းများအတွင်းမှ ပြည်သူနှင့် နိုင်ငံတော်အကျိုးအတွက် ရည်ရွယ်၍ သတင်းမှန်ထုတ်ပြန်ခြင်းကို ဆောင်ရွက်ပေးနေ ခြင်းလည်း ဖြစ်ပါသည်။

ထို့ပြင် ပြည်သူများ သိရှိလိုသည့် ဖြစ်စဉ်ဖြစ်ရပ်များကိုလည်း ရိုးရှင်းသည့် သတင်းချဉ်းကပ်ပုံဖြင့် သတင်းရယူပြီး တိကျသည့်သတင်း အချက်အလက်များ ဖော်ပြမှုဖြင့် ပိုမိုကောင်းမွန်သည့် ပြည်သူ့အကျိုးပြု သတင်းစာများ ဖြစ်လာစေရန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေပါသည်။

6

ခေတ်မီစက်ကို ပြောင်းလဲအသုံးပြု
၂၀ဝ၆ ခုနှစ်က တပ်ဆင်ဝယ်ယူထားခဲ့သည့် ရောင်စုံ ၁၆ မျက်နှာ ပုံနှိပ်နိုင်သော စက်နေရာ၌ ၂၀၁၈ ခုနှစ် မေလ ၈ ရက်တွင် ၃၂ မျက်နှာ တစ်ပြိုင်တည်း ရိုက်နှိပ်နိုင်သည့် အလိုအလျောက် စက္ကူလုံး လဲလှယ်စနစ်ပါရှိသော Goss Community 4 Hi Tower 4 Unit Web offset (with splicer)  ပုံနှိပ်စက်အား ပြောင်းလဲအသုံးပြုနိုင်ခဲ့သည့်အတွက် အရည်အသွေး ကောင်းမွန်သော သတင်းစာများကို စာဖတ်ပရိသတ်လက်ဝယ်သို့ စောစီးစွာ ဖြန့်ချိပေးနိုင်ပြီ ဖြစ်ပါသည်။

ပစ္စည်းများ ဝယ်ယူမှုနှင့် ပတ်သက်ပြီး သတင်းစာရိုက်နှိပ်သည့် ပုံနှိပ်စက်မှစ၍ ကုန်ကြမ်းပစ္စည်းများ၊ ရုံးလုပ်ငန်းသုံးပစ္စည်းများကို ဝယ်ယူရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ နှင့်အညီ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အတွက် ဝန်ကြီးဌာနက ဖွဲ့စည်းထားသည့် ပြည်တွင်း ပြည်ပပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲရောင်းချရေး ကော်မတီဖြင့် ဝယ်ယူခြင်း ဆောင်ရွက်လျက်ရှိပါသည်။ ပစ္စည်းဝယ်ယူရေး အစည်းအဝေးမှတ်တမ်းကို ဗီဒီယိုမှတ်တမ်းများ၊ CCTV မှတ်တမ်းများ ထားရှိပြီး ပွင့်လင်းမြင်သာစွာဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

သိပိုင်ခွင့်အတွက် အခမဲ့ဖြန့်ဝေ
သတင်းစာဖြန့်ချိမှု စနစ်များကို လက်ရှိ အခြေအနေနှင့်အညီ နိုင်ငံတစ်ဝန်း ပျံ့နှံ့ရောက် ရှိနိုင်ရေးအတွက် ကိုယ်ပွား သတင်းစာတိုက်များ ထားရှိဆောင်ရွက်ခြင်း၊ သတင်းစာကိုယ်စားလှယ်များကို စိစစ်ခန့်အပ်ခြင်းတို့ဖြင့် မြန်ဆန်ချောမွေ့သည့် သတင်းစာဖြန့်ချိမှုစနစ် ဖြစ်ပေါ်လာရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

ရခိုင်ပြည်နယ်ရှိ ပြည်သူများ သတင်းအချက်အလက်နှင့် အသိပညာဗဟုသုတ တိုးပွားနိုင်စေရန်အတွက် သတင်းစာများ ဖတ်ရှုနိုင်ရန် မြန်မာ့အလင်းသတင်းစာ စောင်ရေ ၂၀ဝဝ နှင့်  The Global New Light of Myanmar သတင်းစာ စောင်ရေ ၂၅၀ ပြည်သူ့လက်ဝယ်ရောက် အခမဲ့ ဖြန့်ချိပေးလျက်ရှိပါသည်။

စာဖတ်ပရိသတ်၏ ရွေးချယ်ပိုင်ခွင့်
မီဒီယာလုပ်ငန်းတစ်ခု အောင်မြင်ခြင်း၊ ကျရှုံးခြင်းတို့သည် ပြည်သူလူထု လက်ခံအားပေးမှုနှင့် တိုက်ရိုက်အချိုးကျလျက် ရှိသည်ဟု မြင်ပါသည်။ အများပြည်သူအနေဖြင့် မိမိတို့ ယုံကြည်အားကိုးသည့် သတင်းဌာနကို ရွေးချယ်မည်သာ ဖြစ်သကဲ့သို့ ပြည်သူတို့ ယုံကြည်အားထားရသည့် မီဒီယာသည်လည်း ဆက်လက်ရှင်သန်ခွင့် ရလိမ့်မည်ဟု ထင်ပါသည်။ မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာနှစ်စောင်ကိုကြည့်လျှင် စာဖတ်ပရိသတ်မှာ သူ့အကြိုက်နှင့်သူ သီးခြားစီရှိနေကြသည့် အားလျော်စွာ စာဖတ်ပရိသတ်များ ကိုယ်စီလက်ခံနေသမျှ မြန်မာ့အလင်းနှင့် ကြေးမုံဟူ၍ သီးခြားစီ ရပ်တည်နေကြမည်သာ ဖြစ်ပါသည်။ အကယ်၍ စာဖတ်ပရိသတ်၏ ယုံကြည်အားပေးမှု လျော့နည်းမှုကြောင့် ဝင်ငွေ လျော့ကျပြီး နိုင်ငံတော်ဘဏ္ဍာငွေ အရှုံးဖြစ်ပေါ် လာပါက တာဝန်ရှိ အဖွဲ့အစည်းများအနေဖြင့်လည်း ထောက်òန်မှုများ အသီးသီးရှိလာကြမည် ဖြစ်ရာ ၎င်းသတင်းစာများ၏ ရှင်သန်ရပ်တည်နိုင်မှုမှာလည်း အခက်အခဲများ ရှိလာမည်သာ ဖြစ်ပါသည်။ ထိုအချိန်မျိုးတွင် နိုင်ငံပိုင်စီးပွား ရေးလုပ်ငန်းများ အနေဖြင့် ၎င်းတို့ ရှင်သန်ရပ်တည်ရေးအတွက် လျှောက်လှမ်းရမည့် လမ်းကြောင်းများကို ရွေးချယ်ချီတက်ကြရမည်သာ ဖြစ်ပါသည်။

တစ်ထောင့်တစ်နေရာမှ
နိုင်ငံပိုင်သတင်းစာလုပ်ငန်းသည် အမြတ်အစွန်းကို အဓိကထား ဦးတည်ဆောင်ရွက်ခြင်း မရှိသော၊ စီးပွားရေးဆန်ဆန် လုပ်ဆောင်နေခြင်း မဟုတ်သော နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းအဖြစ် ရပ်တည်နေသည့်အပြင် ပြည်သူနှင့် အစိုးရအကြား ပေါင်းကူးပေးနေသည့် ပြည်သူ့အကျိုးပြု သတင်းစာများသာ ဖြစ်ပါသည်။ ပြည်သူ့အပေါ် ဆန့်ကျင်ခြင်း၊ ပြည်သူအတွက် နစ်နာအောင် ပြုလုပ်ခြင်းနှင့် ပြည်သူ၏ ကိုယ်စိတ်နှလုံးကို ညစ်ညူးအောင်ပြုလုပ်ခြင်းများကို ရှောင်ရှားပြီး အများပြည်သူ ဝန်ဆောင်မှုမီဒီယာ၏ လုပ်နည်းလုပ်ဟန်များနှင့်အညီ သတင်းစာကျင့်ဝတ်နှင့် တာဝန်ကို ပြဋ္ဌာန်းလိုက်နာ ဆောင်ရွက်လျက် ရှိနေပါသည်။ ထို့ပြင် ပြည်သူတို့၏ သတင်းသိရှိပိုင်ခွင့်အပေါ် တစ်ထောင့်တစ်နေရာမှ တတ်စွမ်းသမျှ ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက်ပေးမှုဖြင့် အများပြည်သူအတွက် ဝန်ဆောင်မှုပေးလျက် ရှိနေမည်သာ ဖြစ်ပါကြောင်း။     ။