ပြည်သူ့အတွက် ပြန်ကြားဆက်ဆံ

မောင်ငြိမ်းအေး

 

သတင်းစာဆရာသည် နိုင်ငံရေးသမားကဲ့သို့ နက်နဲကျယ်ဝန်းပြီး တွေးခေါ်မြော်မြင်မှုမြင့်မားသည်။ သတင်းစာဆရာအလုပ်ကိုမလုပ်လျှင်အဆိုပါ သတင်းစာဆရာ၏ တတ်သည့်ပညာဖြင့် ပြည်သူ့ဆက်ဆံရေးအလုပ်ကို လုပ်ကိုင်နိုင်သည်။ ထို့ကြောင့် ပြည်သူ့ဆက်ဆံရေးအလုပ်ကို လုပ်ကိုင်ကြသူတို့သည်သတင်းစာဆရာကဲ့သို့ အသိအမြင်များရှိရမည်ဖြစ်ပြီး ပြည်သူလူထုနှင့်တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့် အရေးကြီးသော ဆက်ဆံရေးမှူးများဖြစ်သည်။

ပြည်သူလူထုနှင့်ဆက်ဆံရေးကို Public Relations ဟုခေါ်ပြီး အလွန်အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်သည်။ ပြည်သူ့ဆက်ဆံရေးဟုဆိုရာ၌ပြည်သူလူထုနှင့်ဆက်ဆံသည့်နေရာတွင် နိုင်ငံရေးသဘောအသွင် ဆက်ဆံမှုတစ်မျိုး၊ သတင်းသမားအသွင် ဆက်ဆံမှုတစ်မျိုးဖြစ်၍ အရေးကြီးသည်ဟုဆိုရသည်။ ပြည်သူ့ဆက်ဆံရေးအရာရှိများကို ကမ္ဘာ့နိုင်ငံတိုင်းရှိ လုပ်ငန်းများတွင်ထားလေ့ရှိသည်။ မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးလွှမ်းခြုံ၍ ပြည်သူလူထုနှင့်ဆက်ဆံနိုင်ရန်အတွက် မြို့နယ်တိုင်းတွင် ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများရှိသည်။ ယင်းတို့မှာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဟုခေါ်တွင်သည့် ပြည်သူ့ဝန်ထမ်းများပင်ဖြစ်သည်။

့့့

 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနသည် ခေတ်အဆက်ဆက်ပြည်သူလူထုဘဝနယ်ပယ်တွင် ရှည်လျားစွာဖြတ်သန်းလာခဲ့သည်။ ယခင်ကစာကြည့်တိုက်ဖွင့်လှစ်ခြင်း၊ အစိုးရ၏ဆောင်ရွက်ချက်များကို ပြန်ကြားအသိပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာမှ ယခုအစိုးရသစ် တစ်နှစ်တာကာလတွင် ပြည်သူလူထုနှင့် ဆက်ဆံမှု နယ်ပယ်သစ်များကို တိုးချဲ့ဆောင်ရွက်နိုင်ခဲ့သည်။ ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေသော ကာလတွင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူလူထုနှင့်ထဲထဲဝင်ဝင်ထိတွေ့ဆက်ဆံမှု လုပ်ငန်းများတိုးချဲ့ဆောင်ရွက်လာနိုင်သည်မှာ ကောင်းသောလက္ခဏာဖြစ်သည်။

ပြည်သူလူထုနှင့်အနီးကပ်ဆက်ဆံပြီး ပြည်သူလူထု၏လိုအပ်ချက်များအားနိုင်ငံတော်အစိုးရသိရှိနိုင်ရန်နှင့် နိုင်ငံတော်အစိုးရ၏လုပ်ဆောင်ချက်များအားပြည်သူလူထုထံ တိုက်ရိုက်ပို့ဆောင်ပေးခြင်းသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး၏ အဓိကပင်မတာဝန်ပင်ဖြစ်သည်။ နိုင်ငံတော်အစိုးရ၏ နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲဆောင်ရွက်မှုများသည် ပြည်သူလူထု၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေးအတွက် ဖြစ်၍ နိုင်ငံတော်အစိုးရကိုယ်စား၊ ပြည်သူလူထုကိုယ်စား တိုက်ရိုက်ထိတွေ့ဆက်ဆံဆောင်ရွက်ပေးရသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးလုပ်ငန်းသည် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်လာသည်။ ထိုမျှသာမက ပြည်သူလူထု အသိအမြင်တိုးတက် မြင့်မားစေရေးမှာ အထူးလိုအပ်သဖြင့် အသိပညာမျှဝေရေးလုပ်ငန်းများကိုပါ ချဲ့ထွင်လုပ်ကိုင်လာသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးသည် ပြည်သူလူထုနှင့်ထိတွေ့ ဆက်ဆံရုံသာမက ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ်ထိတွေ့ဆက်ဆံနေရသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အားဖြည့်ဆောင်ရွက်ပေးသည်။ အစိုးရသစ်၏ပထမနှစ်ဝက်ကာလအတွင်း လုပ်ဆောင်မှုများကို အများပြည်သူသိရှိနိုင်ရန် မီဒီယာများမှတစ်ဆင့်အသိပေးနိုင်ရန်အတွက် အမြဲတမ်းအတွင်းဝန်များနှင့်ဆွေးနွေးပွဲ၊ ဝန်ကြီးဌာနအလိုက် ပြောရေးဆိုခွင့်ရှိသူများနှင့် မီဒီယာအဖွဲ့အစည်းများဆွေးနွေးပွဲ၊ ပြောရေးဆိုခွင့်ရှိသူများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ပြည်တွင်း၊ ပြည်ပသတင်းစာပညာရှင်များနှင့်ဆွေးနွေးပွဲ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့်ပူးပေါင်းပြီး သတင်းရယူမှုနှင့်ပတ်သက်သည့်စိန်ခေါ်မှုများဆွေးနွေးပွဲ၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း (MJA)နှင့်ပူးပေါင်းပြီး Article 19 ဆွေးနွေးပွဲ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့်ပူးပေါင်းပြီး မဏ္ဍိုင်လေးရပ် အလုပ်ရုံဆွေးနွေးပွဲစသည့် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ်ထိတွေ့ဆက်ဆံမှုများသည် နိုင်ငံနှင့် ပြည်သူအကျိုးစီးပွားအတွက် သတင်းအချက်အလက်များလွယ်ကူချောမွေ့စွာစီးဆင်းရေးအတွက် ပေါင်းကူးဆက်သွယ်ပေးခြင်းဖြစ်သည်။

 

််ျျ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူလူထု အသိအမြင် တိုးတက်မြင့်မားစေရေးအတွက် ပြည်သူများအတွက်အသုံးဝင်မည့် (Community Centre ) များ၊ စာကြည့်တိုက်အဆင့်မြှင့်ဝန်ဆောင်မှု၊ သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ၊ ကလေးစာပေပွဲတော်များ၊ ကလေးစာဖတ်ခန်းများ၊ ဝန်ထမ်းအရည်အသွေးမြင့်မားရေးသင်တန်းများ၊ ပြင်ပဌာနများမှဖွင့် လှစ်သည့်သင်တန်းများသို့သင်တန်းသားစေလွှတ်မှုများ၊ Civial Service သင်တန်းများ၊ အသိပညာပေးဗီဒီယိုရိုက်ကူးရေး၊ နိုင်ငံတော်အစိုးရ၏ဆောင် ရွက်ချက်များအား သတင်းအချက်အလက်ထုတ်ပေးခြင်း၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းများ၊ ဆင်ဆာမူဝါဒစိစစ်ခြင်းနှင့် ခွင့်ပြုခြင်း၊ နိုင်ငံတကာရုပ်ရှင်ပွဲတော်များနှင့် ရုပ်ရှင်ရုံများ တိုးချဲ့ဖွင့်လှစ်ခြင်းလုပ်ငန်းများကို အစိုးရသစ်တာဝန်ယူသည့် တစ်နှစ်တာကာလအတွင်း ဆောင်ရွက်နိုင်ခဲ့သည်။

ထို့အပြင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစာကြည့်တိုက်များတွင်ဟောပြောပွဲများ၊ ပုံပြောပြိုင်ပွဲများ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲများ၊ ပန်းချီဆွဲ၊ကဗျာဖွဲ့သင်တန်းများ၊ လက်မှုအနုပညာသင်ကြားခြင်းများ၊ အရပ်ဘက်အဖွဲ့ အစည်းများနှင့်အစည်းအဝေးပွဲများ ပြုလုပ်နိုင်ခြင်းသည် ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံ ပူးပေါင်းဆောင်ရွက်နိုင်မှုများဖြစ်သည်။ ထိုမျှသာမက သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေထုတ်ဝေရေး၊ သတင်းအေဂျင်စီနှင့် ပုံနှိပ်ခြင်းလုပ်ငန်းများလုပ်ကိုင် ထုတ်ဝေမှု အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေး လုပ်ငန်းများကိုပါ ဆောင်ရွက်နိုင်ခဲ့သည်။

 

ါျ်ျ

ူးုါ်

 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထုအကျိုးစီးပွားအတွက် အဆိုပါလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည့်အပြင် မူလရည်မှန်းချက်ဖြစ်သည့် ပြန်ကြားပေးရန်၊ ဖျော်ဖြေပေးရန်၊ ပညာပေးရန်လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။ ပြန်ကြားပေးရန်တွင် သတင်းအချက်အလက်များ ဖွံဖြိုးရေး၊ ပြန့်ပွားရေး၊ စီးဆင်းရေးတို့ကို ဆောင်ရွက်ခဲ့ပြီးပညာပေးရန်နှင့်ဖျော်ဖြေပေးရန် လုပ်ငန်းများကိုလည်း တွဲဖက်ဆောင်ရွက်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအနေဖြင့် မူလက စာကြည့်တိုက်နှင့် နံရံကပ်စာစောင်လုပ်ငန်းများလောက်ကိုသာ လုပ်ကိုင်ဆောင်ရွက်ခဲ့ရာမှ အစိုးရသစ် ပထမတစ်နှစ်တာကာလအတွင်းမှာပင် အစိုးရနှင့်ပြည်သူ ပေါင်းကူးဆက်သွယ်ပေးသည့် ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများကို တိုးတက်ထိရောက်စွာ လုပ်ကိုင်ဆောင်ရွက်လာနိုင်သည်မှာအထင်အရှားဖြစ်သည်။

ိ‌ေိ

 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြန်မာနိုင်ငံ၏ အပြောင်းအလဲများတွင် ပြည်သူလူထုနှင့်နိုင်ငံတော်၊ ပြည်သူလူထုနှင့်အဖွဲ့အစည်း၊ ပြည်သူလူထုနှင့်ပြည်သူလူထုတို့ကြား ထဲထဲဝင်ဝင်ထိတွေ့ဆက်ဆံနေသည့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းစစ်စစ်ဖြစ်လာသည်မှာ အမှန်ဖြစ်သည်။

ဆက်လက်၍လည်း နိုင်ငံတစ်နိုင်ငံ၏ အဓိကမျက်နှာ၊ အဓိကအားထားရာဖြစ်သည့် ပြည်သူလူထု၏ အသိရေချိန်မြင့်မားလာရေးနှင့် ပြည်သူလူထု လိုအပ်သည့် သတင်းအချက်အလက်များ ရရှိပြန့်ပွားရေးအတွက် အစွမ်းကုန်ကြိုးပမ်းအားထုတ်နေမည့် ပြည်သူလူထု ယုံကြည်အားထားသော ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းကောင်းများအဖြစ် ဆက်လက်ရပ်တည်နေမည်ဟု ယုံကြည်ပါသည်။

ျ်‌ေ်‌ေ