ပြည်သူ့အတွက် စတုတ္ထ(၁)နှစ်တာ

နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားအတွက် နိုင်ငံတော်၏ပုံရိပ်ကို မြှင့်တင်ပေးရန် ဦးစားပေးဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားရေး၀န်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၀န်ကြီးဌာန


ပြည်သူတို့ ယုံကြည်စွာ ရွေးကောက်တင်မြှောက်မှုဖြင့် တာဝန်ကျေပွန်လျက်ရှိသည့် ပြည်သူ့အစိုးရသည် စတုတ္ထ(၁)နှစ်တာကို ဖြတ်ကျော် ခဲ့ပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဆီ ဦးတည်လျှောက်လှမ်းကြချိန် အသွင်ကူးပြောင်းစမို့ အခက်အခဲများ၊ စိန်ခေါ်မှု များကို ညီညွတ်ခြင်းတရား၊ စုပေါင်းအင်အားဖြင့် ဖြတ်ကျော်နေကြချိန်လည်း ဖြစ်ပါသည်။ နိုင်ငံတော်အကျိုးအတွက် နိုင်ငံ၏ရှေ့တန်းမျက်နှာစာမှ နိုင်ငံတကာသို့ ထိုးဖောက်ကာ မြန်မာနိုင်ငံပုံရိပ်မြင့်မားရေးအတွက် ဦးတည်ကြိုးပမ်းနေသည့် ဝန်ကြီးဌာနသည် နိုင်ငံခြားရေးဝန်ကြီးဌာနပင် ဖြစ်ပါသည်။

ထို့အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာနသည်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်အတူ လက်တွဲကာ ရှေ့တန်းမျက်နှာစာမှ သံတမန်နည်းအရ ရင်ဆိုင်ဖြေရှင်းနေရသည့် ဝန်ကြီးဌာနတစ်ခု ဖြစ်ရာ စတုတ္ထ(၁)နှစ်တာ၏ ပုံရိပ်များကို ပြည်သူများသိရှိနားလည် ခံစားနိုင်စေရန် အတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်‌ထောင်စု ဝန်ကြီး ဦးကျော်တင်အား တွေ့ဆုံမေးမြန်းထား သည်ကို ပြန်လည်တင်ပြလိုက်ရပါသည်-


မေး။ ။ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာနတို့အနေနဲ့ နိုင်ငံတော်နဲ့ ပြည်သူများရဲ့ အကျိုးစီးပွား အတွက် ဘယ်လိုမူဝါဒတွေနဲ့ ချမှတ်ဆောင်ရွက် နေလဲဆိုတာ သိပါရစေ။


ဖြေ။ ။ နိုင်ငံခြားရေးမူဝါဒဆိုတာ ပြည်တွင်းပြည်ပရဲ့ အခြေအနေတွေပေါ်မှာ မူတည်ပြီးတော့ မိမိနိုင်ငံနဲ့ ပြည်သူများရဲ့ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်ဖို့ မျှော်မှန်း ချက်ထားပြီး ချမှတ်ဖော်ဆောင်ရတာဖြစ်ပါ တယ်။ တစ်နည်းအားဖြင့် ပြည်တွင်းမှာ ချမှတ် ထားတဲ့ မူဝါဒနဲ့ ရည်မှန်းချက်တွေ ပေါက်မြောက်အောင်မြင်အောင် နိုင်ငံတကာနဲ့ ဆက်ဆံခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပံ့ပိုးပေးရတဲ့တာဝန် ဖြစ်ပါတယ်။ မိမိတို့ဌာန အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်း ရေးနဲ့ ပြည်သူများရဲ့ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုး တိုးတက်ရေးဆိုတဲ့ နိုင်ငံတော်အစိုးရဲ့ မျှော်မှန်း ချက်တွေကို ပြည့်မြောက်အောင် နိုင်ငံတကာ ဆက်ဆံရေးဘက်က ပံ့ပိုးဆောင်ရွက်ပေးလျက် ရှိပါတယ်။


အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေနဲ့ လည်း နိုင်ငံတကာဆက်ဆံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေ၊ အထူးသဖြင့် ဒေသ ဆိုင်ရာနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ မှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကိုယ်စား ပါဝင်တက်ရောက်ကာ ပံ့ပိုး ဆောင်ရွက်ပေးနေပါတယ်။
မိမိတို့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အတိုင်း လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက် သော မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ကျင့်သုံးလျက်ရှိပါတယ်။ သို့သော် မိမိတို့ အစိုးရလက်ထက်မှာ ပြည်တွင်းမူဝါဒနဲ့ ရည်မှန်းချက်တွေ ပြောင်းလဲလာတဲ့အတွက် နိုင်ငံခြားရေးမူဝါဒကျင့်သုံးရာမှာ ချဉ်းကပ်ပုံ ပြောင်းလဲခဲ့ပါတယ်။ သံတမန်တွေအနေနဲ့ မိမိနိုင်ငံရဲ့ အကျိုးစီးပွားအတွက်သာမက ဒေသရဲ့ အကျိုးစီးပွားကိုလည်း ပံ့ပိုးပေးရေး၊ မိမိတို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး သာမက ကမ္ဘာ့နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက်ပါ ကူညီပံ့ပိုးပေးရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကိစ္စကို အ‌လေး ထားရေးနဲ့ မိမိတို့နိုင်ငံရဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာ ပြည်တွင်းအမြင်ကို အလေးပေးရုံ သာမက ပြည်ပရဲ့အမြင်ကိုပါ ထည့်သွင်းစဉ်းစား ရေးဆိုတဲ့ ပုံစံမျိုးကို ချဉ်းကပ်ဆောင်ရွက်လျက် ရှိပါတယ်။

 

့ြ‌ေ့ု်ြ့


ကမ္ဘာ့နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရန်ကြိုးပမ်း

လွတ်လပ်ရေးရပြီးစကာလမှာ မြန်မာ နိုင်ငံဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံအားလုံးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့ သလို မိမိတို့အစိုးရလက်ထက်မှာလည်း ကမ္ဘာ့ နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးမှု မြှင့်တင် ရာမှာ ဟန်ချက်ညီညီဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ ချစ်ကြည်ရင်းနှီး တဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ ဆက်ဆံရေးကို ပိုမို ကျစ်လျစ်ခိုင်မာစေသလို ရပ်နီးရပ်ဝေးမှ ကမ္ဘာ့ နိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ရေး အတွက်လည်း ဆောင်ရွက်လျက်ရှိပါတယ်။

နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ဆက်ဆံရေးဟာ အဝေးကနိုင်ငံ တွေနဲ့ ဆက်ဆံရေးထက် ပိုမိုသိမ်မွေ့ပါတယ်။ ကမ္ဘာတည်သရွေ့ အတူယှဉ်တွဲနေထိုင်ကြရ မှာဖြစ်တဲ့အတွက် အိမ်နီးချင်းနိုင်ငံတွေအားလုံး နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅)ချက်နဲ့အညီ အိမ်နီးချင်းကောင်းဆက်ဆံရေး ခိုင်မာအောင် အလေးထားကြိုးပမ်းဆောင်ရွက် ခဲ့ပါတယ်။ (၄)နှစ်အတွင်းမှာ ရလဒ်အားဖြင့် လည်း အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံနိုင်ငံ တွေ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား ကဲ့သို့သော ဒေသတွင်းနိုင်ငံကြီးတွေနဲ့ ဆက်ဆံရေး သိသိသာသာ တိုးတက်လာခဲ့ပါ တယ်။

ထို့အပြင် မြန်မာနိုင်ငံဟာ အာဆီယံ၊ ဘင်းမ်စတက် စတဲ့ဒေသတွင်းအဖွဲ့အစည်း များနဲ့ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကို လည်း အလေးထားဆောင်ရွက်နေပါတယ်။ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ရေးဟာ အချို့ကိစ္စများမှာ စိန်ခေါ်မှုတွေရှိနေသော် လည်း မြန်မာ့နိုင်ငံခြားရေးမူဝါဒရဲ့ အဓိက မဏ္ဍိုင်တစ်ခုအဖြစ် တည်ရှိနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့နိုင်ငံရဲ့ ပကတိအခြေအနေနဲ့ ဦးစားပေးလိုအပ်ချက်များနဲ့အညီ ၂၀၃၀ အာဂျင်ဒါနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုရည်မှန်း ချက်တွေ အောင်မြင်ရရှိရေးအတွက် ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

နှစ်နိုင်ငံချစ်ကြည်ရေး ရေရှည်ခိုင်မြဲဖို့ ဆိုရင် ပြည်သူချင်းဆက်ဆံရေး ကောင်းမွန်ဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် ပြည်သူဗဟိုပြု သံတမန်ရေးချဉ်းကပ်မှုနဲ့အညီ နှစ်နိုင်ငံ ဆက်ဆံရေးမြှင့်တင်ရာမှာ အစိုးရအချင်းချင်း ဆက်ဆံရေးအပြင် ပြည်သူများအချင်းချင်း ဆက်ဆံရေး၊ အပြန်အလှန် ယုံကြည်မှုရရှိရေး တို့ကိုပါ ဦးစားပေးဆောင်ရွက်လျက် ရှိပါတယ်။

ပြည်သူဗဟိုပြု မူဝါဒနဲ့အညီ ပြည်ပရောက် မြန်မာနိုင်ငံသားတွေသာမက မြန်မာနိုင်ငံသား ဟောင်းတွေရဲ့ အကျိုးစီးပွား ကာကွယ်မြှင့်တင် ရေးကို ဦးစားပေးဆောင်ရွက်နေတဲ့အပြင် ပြည်ပရောက် နိုင်ငံသားတွေရဲ့ အင်အားကိုရယူ ပြီး နိုင်ငံတော်ရဲ့ အကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက် လာခဲ့ပါတယ်။


မေး။ ။ ဝန်ကြီးဌာနအနေနဲ့ ပြည်သူ့အစိုးရ စတုတ္ထ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ ဦးစားပေးလုပ်ငန်းများကို သိပါရစေ။
ဖြေ။ ။ နိုင်ငံတကာဆက်ဆံရေး မြှင့်တင်ရာမှာ အဓိကအတားအဆီးကတော့ ရခိုင်ပြည်နယ်မှ အလုံးအရင်းနဲ့ နေရပ်စွန့်ခွာမှု ဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ အပေါ် အထင်အမြင်လွဲမှားကာ နိုင်ငံ့ပုံရိပ် ထိခိုက်နေတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ဒါကြောင့် စတုတ္ထနှစ်မှာ သံတမန်တွေအတွက် အဓိက ဦးစားပေးလုပ်ငန်းက နိုင်ငံတော်ရဲ့ပုံရိပ် ပြန်လည်မြှင့်တင်ရေးဟာ ပထမ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်ရဲ့ ရည်မှန်းချက်တွေ ဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး၊ ပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်တွေအတွက် နိုင်ငံတကာနဲ့ ဒေသတွင်းအဖွဲ့အစည်းများထံမှ အကူအညီတွေရရှိရေးနဲ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ကြိုးပမ်းဖြေရှင်းတဲ့နေရာမှာ နိုင်ငံတကာအသိုက်အဝန်းရဲ့ နားလည်မှုနဲ့ အပြုသဘောဆောင်တဲ့ ကူညီပံ့ပိုးမှုတွေရရှိရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးလုပ်ငန်းစဉ် တွေမှာ နိုင်ငံတကာအသိုက်အဝန်းရဲ့ အားပေး ထောက်ခံမှုတွေ၊ ကူညီပံ့ပိုးမှုတွေ ဆက်လက် ရရှိအောင် ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ ပြည်သူများရဲ့ လူမှုစီးပွားဘဝတိုးတက်ရေး အတွက်လည်း မိမိတို့ဝန်ကြီးဌာနအနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုရရှိရေး၊ ကုန်သွယ်မှု မြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနဲ့ နိုင်ငံတကာက ငွေကြေးနှင့် နည်းပညာ အကူ အညီများ ရရှိရေးအတွက် ဦးစားပေးဆောင်ရွက် ကြဖို့ လမ်းညွှန်မှာကြားထားခဲ့ပါတယ်။

ဒီရည်မှန်းချက်တွေဟာ နိုင်ငံတော်ရဲ့ပုံရိပ် မြင့်တက်လာတာနဲ့အမျှ အလိုအလျောက် ရရှိ လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ် ကိစ္စနဲ့ပတ်သက်တဲ့ စိန်ခေါ်မှုတွေကို ကျော်လွှား နိုင်အောင် ဖြေရှင်းရန်ကိစ္စကို နိုင်ငံတော်ရဲ့ ပုံရိပ်မြှင့်တင်ရေးအတွက် ထိပ်တန်းဦးစားပေး လုပ်ငန်းအဖြစ် ထားရှိနေရခြင်း ဖြစ်ပါတယ်။


မေး။ ။ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုများကို မြှင့်တင်ဖို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်တွေ စီစဉ်ဆောင်ရွက် ပေးခဲ့တဲ့ကိစ္စတွေ သိပါရစေ။

ဖြေ။ ။ မိမိတို့ နိုင်ငံခြားရေးမူဝါဒကို ဖော်ဆောင်ရာမှာ နှစ်နိုင်ငံချင်း ဆက်ဆံရေး၊ ဒေသတွင်းဆက်ဆံရေးနဲ့ နိုင်ငံတကာဆက်ဆံရေး နည်းလမ်းတွေနဲ့ ဖော်ဆောင်လျက်ရှိပါတယ်။ မိမိတို့ဌာနရဲ့ တာဝန်ဟာ နိုင်ငံတော်အကြီးအကဲတွေရဲ့ ချစ်ကြည်ရေးခရီးစဉ်တွေ အောင်မြင်ရေး အတွက် စီစဉ်ဆောင်ရွက်ရတာတွေ၊ ဆွေးနွေး မယ့်အချက်တွေ ပြုစုရတာတွေ၊ ပူးတွဲကြေညာ ချက်တွေ ညှိနှိုင်းပြင်ဆင်ပေးတာတွေ ဆောင်ရွက်ပေးခဲ့ရပါတယ်။ အစိုးရရဲ့ စတုတ္ထ (၁)နှစ်အတွင်း နိုင်ငံတော်သမ္မတကြီးဟာ ဗီယက်နမ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ကုလသမဂ္ဂဗုဒ္ဓနေ့ အခမ်း အနားကို တက်ရောက်ခဲ့ပါတယ်။ ဒါ့အပြင် သမ္မတကြီးအနေနဲ့ ဝန်ကြီးချုပ် မစ္စတာ နာရန်ဒရာမိုဒီရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့တဲ့ အပြင် အိန္ဒိယနိုင်ငံသမ္မတရဲ့ ဖိတ်ကြားချက် အရ တရားဝင် ချစ်ကြည်ရေးခရီးအဖြစ်လည်း ဒုတိယအကြိမ် သွားရောက်ခဲ့ပါတယ်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် လည်း အလုပ်သဘောခရီးစဉ်များအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယား သမ္မတနိုင်ငံတို့ကို သွားရောက်ခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ ရပ်ဝန်းနှင့်ပိုးလမ်းမ ဖိုရမ်၊ ထိုင်းနိုင်ငံမှာ (၃၄)ကြိမ်မြောက်နဲ့ (၃၅)ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအဝေးများ တက်ရောက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံ ခရီးစဉ် အတွင်း ဂျပန်ဧကရာဇ် နာရူဟီတိုရဲ့ ထီးနန်း တက်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကိုရီးယားခရီးစဉ်မှာ အာဆီယံ-ကိုရီးယား ထိပ်သီးအစည်းအဝေးနဲ့ ကိုရီးယား-မဲခေါင် ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ခဲ့ ပါတယ်။ ခရီးစဉ်အသီးသီးမှာ သက်ဆိုင်ရာ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဟာ ဥရောပအလယ်ပိုင်း ဒီမိုကရေစီ အသွင် ကူးပြောင်းရေး အတွေ့အကြုံကောင်းတွေရှိတဲ့ နိုင်ငံတွေဖြစ်တဲ့ ချက်သမ္မတနိုင်ငံနဲ့ ဟန်ဂေရီ နိုင်ငံတို့သို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခဲ့ပြီး သက်ဆိုင်ရာ နိုင်ငံအကြီး အကဲများနဲ့တွေ့ဆုံ၍ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စများ ဆွေးနွေး ခြင်း၊ တက္ကသိုလ်များ၌ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှု အတွေ့အကြုံ များ ဟောပြောပို့ချခြင်း၊ မြန်မာနိုင်ငံ၌ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင် နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးဖိုရမ်များ ကျင်းပခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကြောင့် ဒီနှစ်မှာ ခရီးစဉ်အချို့ကို ရွှေ့ဆိုင်း ဖျက်သိမ်းတာတွေ လုပ်ခဲ့ရပါတယ်။
ဒုတိယသမ္မတ ဦးမြင့်ဆွေရဲ့ တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၊ စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက် ရန်အတွက် တရုတ်နိုင်ငံခရီးစဉ်ကို အောင်မြင် စွာ စီစဉ်ပေးနိုင်ခဲ့ပါတယ်။ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအနေနဲ့ အင်ဒိုနီးရှား အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား သို့ တက်ရောက်နိုင်ရေးနဲ့ ကမ္ဘောဒီးယားနိုင်ငံနဲ့ ကိုရီးယားသမ္မတနိုင်ငံတို့မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူသားတိုးတက်မှု ဆိုင်ရာ ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်နိုင်ရေးအတွက်ကိုလည်း စီစဉ်ပေး နိုင်ခဲ့ပါတယ်။

 

့ု့‌ေ့်ြ‌ေု်


မေး။ ။ မြန်မာနိုင်ငံသို့ လာရောက်ကြတဲ့ပြည်ပနိုင်ငံများမှ နိုင်ငံအကြီးအကဲ များ၊ အဆင့်မြင့်ပုဂ္ဂိုလ်များရဲ့ ချစ်ကြည်ရေး ခရီးစဉ်များကိုလည်း သိပါရစေ။

ဖြေ။ ။ စတုတ္ထ(၁)နှစ်တာကာလအတွင်းမှာ ကိုရီးယားသမ္မတနိုင်ငံ သမ္မတနဲ့ဇနီး၊ နီပေါနိုင်ငံသမ္မတ၊ ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်၊ တရုတ်နိုင်ငံသမ္မတတို့က မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်များ အသီးသီးလာရောက် ခဲ့ကြပါတယ်။ ဒါ့အပြင် ဆေးရှဲလ်သမ္မတနိုင်ငံ ဒုတိယသမ္မတ၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်၊ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီး ချုပ်၊ ဆားဘီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်တို့ရဲ့ တရားဝင်ခရီးစဉ်များကိုလည်း စီစဉ်ပေးနိုင်ခဲ့ ပါတယ်။
ထိုင်း၊ နော်ဝေ၊ ပိုလန်၊ အမေရိကန်၊ မလေးရှား၊ သီရိလင်္ကာ၊ နီပေါ၊ ဖိလစ်ပိုင်၊ တီမောလက်စ်တေ၊ ဗင်နီဇွဲလား၊ ဂျပန်နဲ့ တရုတ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများလည်း တရားဝင်ခရီးစဉ်များ လာရောက်ခဲ့ကြပြီး တစ်နှစ်တာအတွင်း ပြည်ပ မိတ်ဖက်နိုင်ငံများမှ အစိုးရအဖွဲ့အကြီးအကဲ များနဲ့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး အဆင့် အလုပ်သဘောခရီးစဉ်ပေါင်း ၃၀ ခန့် ကို အောင်မြင်စွာစီစဉ်ပေးနိုင်ခဲ့ပါတယ်။

 

မေး။ ။ အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်များက နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ပေးနိုင်ပြီး မိမိတို့ နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာနဲ့ ဖွံ့ဖြိုးရေး အထောက်အပံ့များကို ဆောင်ကြဉ်း ပေးနိုင်တယ်လို့ သိထားပါတယ်။ အဲ့ဒီအကျိုး ရလဒ်တွေထဲက အနည်းငယ်ကို ပြောပြပေးပါ ဦးရှင့်။

ဖြေ။ ။ ခရီးစဉ်တိုင်းက နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေပြီး နိုင်ငံတော်နဲ့ ပြည်သူအတွက် အကျိုးကျေးဇူး ကောင်းတွေကို ဖြစ်ပေါ်စေပါတယ်။ အဲ့ဒီထဲက မှ ရလဒ်အချို့ကို နမူနာအဖြစ် ဖော်ထုတ် ပြောကြားလိုပါတယ်။


နိုင်ငံတော်သမ္မတရဲ့ အိန္ဒိယနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာနဲ့ သဘောတူညီချက် ၁၀ ခု လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဒီလို လက်မှတ်ရေးထိုးရာမှာ အကျိုးဖြစ်ထွန်းမှု မြန်ဆန်မယ့် စီမံချက်များကို အကောင်အထည် ဖော်ရန် အိန္ဒိယနိုင်ငံမှ အကူအညီပေးရေးနဲ့ ကျန်းမာရေးသုတေသန၊ ဆက်သွယ်ရေး၊ ရေနံ ထွက်ပစ္စည်းများ၊ လူကုန်ကူးမှုကာကွယ်ရေး စတဲ့ကဏ္ဍတွေ ပူးပေါင်းဆောင်ရွက်ရေးတို့ ပါဝင်ပါတယ်။ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အောက်မှ ဒေသဖွံ့ဖြိုးရေးစီမံကိန်း များကို ပံ့ပိုးဆောင်ရွက်ပေးဖို့နဲ့ မြန်မာနိုင်ငံမှ ပဲတန်ချိန် လေးသိန်းအထိ တင်ပို့ခွင့်ရရှိရေးကိစ္စ များလည်း ပါရှိပါတယ်။ ဒါကြောင့် နိုင်ငံတော် သမ္မတရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုတိုးတက်လာ စေပြီး သမိုင်းမှာအရေးပါတဲ့ မှတ်တိုင်တစ်ရပ် ဖြစ်ပါတယ်။


နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သဘောတူညီချက် သုံးခုကို လက်မှတ် ရေးထိုးနိုင်ခဲ့ပါတယ်။ အဲ့ဒါတွေကတော့ စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက် ရေး၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် (၂၀၁၉-၂၀၃၀)နဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက် ရန်အတွက် (၅)နှစ်ဖွံ့ဖြိုးမှုအစီအစဉ် ရေးဆွဲရေး တို့ဖြစ်လို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အရှိန်ကို မြှင့်တင်ပေးနိုင်မယ့် တွန်းအားများ ဖြစ်ပါတယ်။
ကိုရီးယားနိုင်ငံသမ္မတရဲ့ ချစ်ကြည်ရေး ခရီးစဉ်အတွင်းမှာ နှစ်နိုင်ငံအကြား စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး အတွက် ချေးငွေများဆိုင်ရာ မူဘောင်သဘောတူ စာချုပ်နဲ့ ကုန်သွယ်ရေးနဲ့ စက်မှု၊ သိပ္ပံနဲ့ နည်းပညာ၊ စီးပွားရေးလုပ်ငန်းသစ်များနဲ့ တီထွင်ဆန်းသစ်မှုစတဲ့ကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွက် လှူဒါန်းတဲ့ ကျောင်းကား အစီး ၆၀ အား လွှဲပြောင်းပေးအပ်ခဲ့တဲ့အပြင် မြန်မာ-ကိုရီးယားစက်မှုဇုန် တည်ထောင်မှု ဖွင့်လှစ်ပွဲ အခမ်းအနားနဲ့ မြန်မာ-ကိုရီးယား စီးပွားရေးဖိုရမ်တို့ကို ကျင်းပနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှ အလုပ်သမားများအား တိုးမြှင့် ခေါ်ယူရေး မေတ္တာရပ်ခံခဲ့တဲ့အပေါ် ကိုရီးယား နိုင်ငံမှ သဘောတူခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှစတင်၍ မြန်မာအလုပ်သမားဦးရေ ၇၀၀၀ ခန့်အထိ တိုးမြှင့်ခေါ်ယူသွားရန်ရှိပါတယ်။

ဗီယက်နမ်နိုင်ငံဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီးတွင်လည်း လယ်ယာစိုက်ပျိုး ရေးနဲ့ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ နှစ်နိုင်ငံအကြား ဘက်စုံပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အကောင် အထည်ဖော်ဆောင်ရေး လုပ်ငန်းအစီအစဉ် (၂၀၁၉-၂၀၂၄)နဲ့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဌာနအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ကို လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံပြည်သူများ ကူးလူးဆက်ဆံသွားလာမှု ပိုမိုမြှင့်တင်ရေး အတွက် နှစ်နိုင်ငံမှ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် ဗီဇာကင်းလွတ် ခွင့်ကို ၁၄ ရက်ကနေ ၃၀ ရက်အထိ တိုးမြှင့်ဖို့ သံတမန်စာကိုလည်း လဲလှယ်နိုင်ခဲ့ပါတယ်။

မြန်မာ-တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံ ရေး တည်ထောင်တဲ့ နှစ်(၇၀) ပြည့်မြောက်တဲ့ ယခုနှစ်မှာ တရုတ်နိုင်ငံသမ္မတရဲ့ မြန်မာနိုင်ငံ သို့ လာရောက်ခဲ့တဲ့ ချစ်ကြည်ရေးခရီးဟာ ၁၉ နှစ်တာကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ်လာရောက်တဲ့ တရုတ်နိုင်ငံ သမ္မတအဆင့် ခရီးစဉ်ဖြစ်ပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေးမှာ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုအဆင့်မှ နှစ်ဦး နှစ်ဖက်အကျိုးရှိပြီး သာတူညီမျှရှိတဲ့ ပူးပေါင်း ဆောင်ရွက်မှုအပေါ်အခြေခံတဲ့ မြန်မာ- တရုတ် အေးအတူပူအမျှအသိုက်အဝန်း တည်ထောင် ရေးအဆင့်သို့ မြှင့်တင်သွားဖို့ သဘောတူညီမှု ကို ရရှိခဲ့ပါတယ်။

ခရီးစဉ်အတွင်း သဘောတူညီချက်၊ နားလည်မှုစာချွန်လွှာနဲ့ စာလွှာစုစုပေါင်း ၃၃ ခုတို့ကို လက်မှတ်ရေးထိုး လဲလှယ်နိုင်ခဲ့တဲ့ အတွက် နှစ်နိုင်ငံအကြား ကဏ္ဍစုံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမို ကျယ်ပြန့်စေခဲ့တဲ့ ချစ်ကြည်ရေးခရီး ဖြစ်ပါ တယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံအား ဖွံ့ဖြိုး ရေးအကူအညီ ထောက်ပံ့ငွေ တရုတ်ယွမ်ငွေ လေးဘီလီယံပေးအပ်ဖို့ ကြေညာသွားခဲ့ပါတယ်။


မေး။ ။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်၊ နိုင်ငံခြားရေးဆွေးနွေးမှု ယန္တရားများ၊ ဖိုရမ်များမှတစ်ဆင့် နှစ်နိုင်ငံချင်း ဆက်ဆံရေးတိုးတက်အောင် ဆွေးနွေး ဆောင်ရွက်နေမှုများကို သိပါရစေ။

ဖြေ။ ။ ကမ္ဘာ့နိုင်ငံတွေနဲ့ နှစ်နိုင်ငံချင်း ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု မြင့်တင်ရေးအတွက် နှစ်နိုင်ငံအကြား ညှိနှိုင်း ဆွေးနွေးပွဲ ယန္တရားများကို ပိုမိုတိုးချဲ့ တည်ထောင်နိုင်ခဲ့ပါတယ်။ ယခင်က အဆိုပါ နှစ်နိုင်ငံနိုင်ငံခြားရေး ဆွေးနွေးပွဲတွေကို များသောအားဖြင့် အိမ်နီးချင်းနိုင်ငံများနဲ့သာ ရှိခဲ့သော်လည်း မိမိတို့ အစိုးရလက်ထက်မှာ ဩစတြေးလျ၊ ဆွစ်ဇာလန်၊ နော်ဝေ၊ ပိုလန်၊ နယူးဇီလန်၊ လစ်သူယေးနီးယားစတဲ့ အနောက် နိုင်ငံတွေနဲ့ပါ တိုးချဲ့တည်ထောင်နိုင်ခဲ့ပါတယ်။
စတုတ္ထ(၁)နှစ်တာကာလအတွင်း မြန်မာ-တရုတ် နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် အကောင်အထည်ဖော်မှုဆိုင်ရာ အစည်းအဝေး အပြင် ကာလအတန်ကြာ ရပ်တန့်နေခဲ့တဲ့ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ် နိုင်ငံတွေနဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ပူးတွဲကော်မရှင် အစည်းအဝေးတွေကို ပြန်လည်ကျင်းပပေးနိုင်ခဲ့ပါတယ်။

အလားတူ အိန္ဒိယ၊ နော်ဝေး၊ ဩစတြေးလျ၊ တောင်အာဖရိက၊ လစ်သူယေးနီးယား နိုင်ငံ တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလည်း ကျင်းပနိုင်ခဲ့တဲ့အပြင် အာရှ-ဥရောပဆွေးနွေးပွဲ (အေဆမ်)၏ ဝန်ကြီးအဆင့်အစည်းအဝေးနဲ့ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး တွေကိုလည်း ပါဝင်တက်ရောက်ခဲ့ပါတယ်။ ဒီလိုဆွေးနွေးမှုယန္တရားတွေကို တိုးချဲ့ တည်ထောင်နိုင်ခဲ့တာကြောင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးနိုင်တဲ့အပြင် မိမိတို့နိုင်ငံရဲ့ အသွင်ကူးပြောင်းဆဲကာလမှာ ကြုံတွေ့နေရတဲ့ သိမ်မွေ့နက်နဲပြီး ရှုပ်ထွေးတဲ့ စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီး ရှင်းလင်း ပြောကြားနိုင်ခဲ့ပါတယ်။


မေး။ ။ နိုင်ငံတကာဆက်ဆံရေး တိုးတက်အောင် မိတ်ဖက်သစ်နိုင်ငံများနဲ့ သံတမန်ဆက်ဆံရေး တိုးချဲ့ခဲ့တာကိုလည်း ပြောကြားပေးစေလိုပါတယ်။
ဖြေ။ ။ နိုင်ငံတကာမျက်နှာစာမှာ ကမ္ဘာ့နိုင်ငံအများအပြားနဲ့ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ဖို့နဲ့ အပြန်အလှန်ပံ့ပိုးမှုများ ပိုမို ဆောင်ရွက်နိုင်ဖို့အတွက် မိတ်ဖက်သစ်နိုင်ငံ များနဲ့ သံတမန်အဆက်အသွယ်ကို တိုးချဲ့ ထူထောင်လျက်ရှိပါတယ်။ နိုင်ငံတော်အစိုးရရဲ့ စတုတ္ထ(၁)နှစ် တာကာလအတွင်း အာဖရိက နိုင်ငံတွေနဲ့ ချစ်ကြည်ရေးတိုးမြှင့်ဖို့ ဆောင်ရွက် ခဲ့ရာမှာ ဘီနင်သမ္မတနိုင်ငံနဲ့ တိုဂိုသမ္မတနိုင်ငံ တို့နဲ့ သံတမန်အဆက်အသွယ် တိုးချဲ့ထူထောင် နိုင်ခဲ့ပါတယ်။ မိမိတို့အစိုးရရဲ့ (၄)နှစ်တာ ကာလအတွင်း မိတ်ဖက်သစ်နိုင်ငံ ကိုးနိုင်ငံနဲ့ သံတမန်ဆက်သွယ်မှုများ တိုးချဲ့ထူထောင်နိုင်ခဲ့ တဲ့အတွက် ယခုအခါ ကမ္ဘာ့နိုင်ငံ ၁၉၃ နိုင်ငံ အနက် နိုင်ငံပေါင်း ၁၂၃ နိုင်ငံနဲ့ သံတမန် ဆက်သွယ်ထားရှိပြီး ဖြစ်ပါတယ်။


၂၀၁၉ ခုနှစ်အတွင်း ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့နဲ့ ကျူးဘားသမ္မတနိုင်ငံ ဟာဗားနား မြို့တို့မှာ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့တာကြောင့် လက်ရှိတွင် မြန်မာသံရုံး ၃၇ ရုံး၊ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး သုံးရုံး၊ မြန်မာ ကောင်စစ်ဝန်ချုပ်ရုံး ခြောက်ရုံး စုစုပေါင်း ၄၆ ရုံး ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါတယ်။


မေး။ ။ အာဆီယံနဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းတွေမှာ တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်နေတာနဲ့ပတ်သက်ပြီး သိပါရစေ။
ဖြေ။ ။ မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်းနိုင်ငံများနဲ့ ဆက်ဆံရေးမြှင့်တင်နိုင်ဖို့ အတွက် အာဆီယံ၊ ဘင်းမ်စတက်နဲ့ မဟာ မဲခေါင်ဒေသခွဲပူးပေါင်းဆောင်ရွက်မှု အစီအစဉ် များစတဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းများမှာ လည်း အလေးထားပြီး ပါဝင်ဆောင်ရွက်လျက် ရှိပါတယ်။ စတုတ္ထ(၁)နှစ်တာကာလအတွင်း အာဆီယံထိပ်သီးအစည်းအဝေး၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး၊ အာဆီယံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး၊ ဆွေးနွေးဖက်ဆက်ဆံရေးနိုင်ငံများနဲ့ အစည်း အဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ အပါအဝင် အစည်းအဝေးများသို့ ပါဝင်တက်ရောက်ခဲ့ ပါတယ်။

အာဆီယံ ထိပ်သီးအစည်းအဝေးများသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဦးဆောင်တက်ရောက်ခဲ့ပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေး ခဲ့ပါတယ်။ ဒါ့အပြင် အာဆီယံစီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဆွေးနွေးပွဲသို့ ပါဝင် တက်ရောက်ခဲ့တဲ့အပြင် ဒေသတွင်းရှိ လုပ်ငန်း ရှင်များအား မြန်မာနိုင်ငံရဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှုများ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း ကောင်းများကို ရှင်းလင်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။ အာဆီယံ-ကနေဒါ ဆွေးနွေး ဖက် ဆက်ဆံရေးညှိနှိုင်းရေးမှူး နိုင်ငံအဖြစ် လည်း တာဝန်ယူလျက်ရှိပါတယ်။ ရခိုင် ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်‌စေရေး အတွက် ပတ်ဝန်းကျင်ကောင်းဖန်တီးရေးမှာ အာဆီယံကလည်း စီမံချက် (၇)ခုဖြင့် ကူညီပံ့ပိုး လျက်ရှိပါတယ်။

အာဆီယံ-ကိုရီးယား ထိပ်သီးအစည်း အဝေးနဲ့ မဲခေါင်-ကိုရီးယား ထိပ်သီးအစည်း အဝေးများသို့တက်ရောက်ရန် သွားရောက်ခဲ့တဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကိုရီးယား သမ္မတနိုင်ငံ ခရီးစဉ်အတွင်းမှာ မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား ကဏ္ဍစုံဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်မြှင့်တင်ရေး အတွက်လည်း အကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်မှာလည်း ပါဝင်လျက်ရှိပြီး ယခုနှစ် မှာ မြန်မာနိုင်ငံအတွက် စီမံကိန်း (၂၂)ခု အကောင်အထည်ဖော်ဖို့အတွက် ဒေါ်လာ (၆ ဒသမ ၈) သန်းခန့် လက်ခံရရှိခဲ့ပါတယ်။


မေး။ ။ ပြည်ပရောက် မြန်မာနိုင်ငံသားများအကျိုး ကာကွယ်ရေးလုပ်ငန်းတွေနဲ့ ကောင်စစ်ရေးရာလုပ်ငန်းများနဲ့ပတ်သက်ပြီး သိပါရစေ။

ဖြေ။ ။ မိမိတို့အစိုးရအနေနဲ့ ပြည်သူရွေးချယ်တင်မြှောက်တဲ့ အစိုးရဖြစ်လာတဲ့ အလျောက် ပြည်သူတွေရဲ့ အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေး၊ ဝန်ဆောင်မှု ပိုမို ကောင်းမွန်စွာပေးရေးကို အလေးထားတဲ့ ပြည်သူကိုဗဟိုပြုတဲ့ သံတမန်ဆက်ဆံရေး နည်းလမ်းကို ကျင့်သုံးလျက်ရှိပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသားများသာမက နိုင်ငံသားဟောင်းတွေရဲ့ အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးအတွက် အထူး အလေးထား ဆောင်ရွက်ပေးကြဖို့နဲ့ အဂတိ လိုက်စားမှုကင်းရှင်းစွာနဲ့ ဆောင်ရွက်ကြဖို့ မြန်မာသံရုံးတွေကို ညွှန်ကြားထားခဲ့ပါတယ်။ ကဏ္ဍပေါင်းစုံမှာ ဖြေလျှော့ဆောင်ရွက်မှုတွေ၊ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့တာကြောင့် ပြည်ပမှာ အကြောင်းအမျိုးမျိုးနဲ့ ဒုက္ခ ရောက်လျက်ရှိတဲ့ မြန်မာနိုင်ငံသားများရဲ့ အခက်အခဲပြဿနာများကို လူအင်အား၊ ငွေကြေးအရင်းအမြစ်အင်အား နည်းပါးတဲ့ ကြားက ပိုမိုထိရောက်စွာ ကူညီပေးနိုင်ခဲ့ပါ တယ်။ အလုပ်လုပ်ကိုင်နေစဉ် အကြောင်း အမျိုးမျိုးကြောင့် သေဆုံး/ထိခိုက်ဒဏ်ရာ ရရှိသူ မြန်မာအလုပ်သမားများရဲ့ လျော်ကြေး ငွေများရရှိအောင်လည်း မြန်မာသံရုံးတွေအနေနဲ့ ကူညီဖြေရှင်း ဆောင်ရွက်ပေးခဲ့ရတာတွေ ရှိပါတယ်။

နယ်စပ်ဒေသမှာ တည်ငြိမ်အေးချမ်းမှုတွေ တိုးတက်လာတဲ့အတွက် မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ရှိ ယာယီဒုက္ခသည်စခန်းများမှ ဆန္ဒ အလျောက် ပြန်လာလိုသူ မြန်မာနိုင်ငံသားတွေ ကို ပြန်လည်စိစစ်လက်ခံရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား ပူးတွဲလုပ်ငန်းကော်မတီကို ၂၀၁၆ ခုနှစ်ကတည်းက ဖွဲ့စည်းကာ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။ ယနေ့အထိ နေရပ် ပြန်လိုသူ ၁၀၄၁ ဦးအား ပြန်လည်စိစစ်လက်ခံ နိုင်ခဲ့ပြီး ၎င်းတို့အတွက် လိုအပ်တဲ့ အကူအညီ များပေးအပ်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန တွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။

 

‌ြေု့်‌ေ


နိုင်ငံတော်ဝင်ငွေကိုလည်း တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းရှာဖွေ

မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံး များအနေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားများ အတွက် ကောင်စစ်ရေးရာ ဝန်ဆောင်မှုလုပ်ငန်း များ ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော် အတွက် ဝင်ငွေကို တစ်ဖက်တစ်လမ်းက ရှာဖွေ ပေးလျက်ရှိပါတယ်။ ပြည်ဝင်ဗီဇာ၊ ဝင်ငွေခွန်၊ နိုင်ငံကူးလက်မှတ်ဆောင်ရွက်ခနဲ့ အခြား ဆောင်ရွက်ပေးမှုတို့မှ မိမိတို့အစိုးရ စတုတ္ထ (၁)နှစ်အတွင်း ကျပ်သန်းပေါင်း ၃၄၃၂၉ (အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၂၆ သန်း) ခန့် ရရှိခဲ့ပါတယ်။
ဒါ့ပြင် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အတွက် ဗီဇာစည်းမျဉ်း ဖြေလျှော့မှုတွေကို သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။ ဂျပန်၊ ကိုရီးယား၊ မကာအို၊ ဟောင်ကောင်တို့က ကမ္ဘာလှည့်ခရီးသည်တွေ ကို ဗီဇာကင်းလွတ်ခွင့်ပြုခဲ့ပါတယ်။ တရုတ် ပြည်သူ့သမ္မတနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့အပြင် အီတလီ၊ စပိန်၊ သြစတြေးလျ၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ ရုရှား၊ ဟန်ဂေရီ၊ ချက်သမ္မတနိုင်ငံ၊ သြစတြီးယား၊ လူဇင်ဘတ်နဲ့ နယူးဇီလန် နိုင်ငံသားများအတွက် ဆိုက်ရောက်ဗီဇာများကို ခွင့်ပြုပေးနိုင်ခဲ့ပါတယ်။ ဒီလို ဖြေလျှော့မှုတွေ ကြောင့် ကိုဗစ်-၁၉ ပြဿနာမပေါ်ချိန်အထိ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသည်ဦးရေ ထူးထူးကဲကဲ တိုးတက်လာခဲ့ပါတယ်။


မေး။ ။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပါဝင်ဆောင်ရွက်ကြဖို့ ပြည်ပ ရှိ မိမိတို့ နိုင်ငံသားတွေကို ဖိတ်ခေါ်ထားတာတွေ ကို သိပါရစေ။

ဖြေ။ ။ မိမိတို့နိုင်ငံရဲ့ ရည်မှန်းချက်တွေဖြစ်တဲ့ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာမှာ ပြည်သူများရဲ့အင်အားနဲ့ ပါဝင်ပံ့ပိုးမှုဟာ လွန်စွာအရေးကြီးတဲ့အလျောက် မိမိတို့ နိုင်ငံတော်ရဲ့ အကျိုးပြုလုပ်ငန်းတွေမှာ ပြည်ပ ရောက် မြန်မာနိုင်ငံသားများ၊ နိုင်ငံသားဟောင်း များအနေနဲ့ မိမိတို့ တတ်သိကျွမ်းကျင်တဲ့ ပညာ၊ အတွေ့အကြုံတွေနဲ့ တတ်အားသမျှ ပါဝင်ကူညီပံ့ပိုး အကျိုးပြုကြဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ပြည်ပခရီးစဉ်များအတွင်း ဖိတ်ခေါ်ခဲ့ပါတယ်။ နိုင်ငံတော်အတွက် ပါဝင် ကူညီပံ့ပိုး အကျိုးပြုလိုပါက သက်ဆိုင်ရာ မြန်မာသံရုံး/ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံး/ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့သို့ ဖြစ်စေ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဖြစ်စေ ဆက်သွယ်စာရင်းပေးထားကြဖို့ ဖိတ်ခေါ်ထား ပါတယ်။ မိမိတို့ဌာနအနေနဲ့ ဒီကိစ္စကို တိုက်ရိုက်ဆောင်ရွက်ပေးဖို့ ဌာနတစ်ခုကို သီးသန့်တာဝန်ပေးထားပြီး ကူညီပံ့ပိုးလိုတဲ့ နယ်ပယ်နဲ့ ကဏ္ဍရပ်များအပေါ်မူတည်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ နဲ့ ညှိနှိုင်းချိတ်ဆက် ဆောင်ရွက်ပေးလျက် ရှိပါတယ်။


မေး။ ။ ရခိုင်ပြည်နယ် အရေးကိစ္စအတွက်စိန်ခေါ်မှုတွေကို နိုင်ငံတကာ မျက်နှာစာမှာ တုံ့ပြန်ဆောင်ရွက်နေတဲ့ အခြေ အနေတွေကို သိပါရစေ။

ဖြေ။ ။ ရခိုင်ပြည်နယ်မှာရှိတဲ့ မတူညီတဲ့ လူမှုအသိုက်အဝန်းများအကြား ပဋိပက္ခ များဟာ ၂၀၁၂ ခုနှစ်က တစ်ကျော့ပြန် စတင် ဖြစ်ပွားခဲ့ပါတယ်။ လက်ရှိအစိုးရ တာဝန်ယူတဲ့ အချိန်ကစပြီး ရခိုင်ပြည်နယ်အရေးကို ရေရှည် တည်တံ့တဲ့ ဖြေရှင်းမှုရရှိရေးအတွက် နိုင်ငံခြား ရေးမူဝါဒမှာ ဦးစားပေးလုပ်ငန်းအဖြစ် ချမှတ် ဆောင်ရွက်ခဲ့ပါတယ်။
အစိုးရတာဝန်ယူပြီး နောက်တစ်လမှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟို ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့သလို နိုင်ငံ တကာကလေးစားတဲ့ ဒေါက်တာကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးကော်မရှင်ကို ၂၀၁၆ ခုနှစ် စက်တင်ဘာလမှာ တာဝန်ပေးခဲ့ပါတယ်။ ဒီလိုအပြုသဘော တိုးတက်မှုတွေကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာကအပြုသဘော တုံ့ပြန်ခဲ့ကြပါတယ်။ ဒါ့ကြောင့် လွန်ခဲ့တဲ့ (၂၅) နှစ်ဆက်တိုက် အီးယူက နှစ်စဉ်တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အဆိုမူကြမ်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တင်သွင်းမှုမပြုဘဲ ရပ်ဆိုင်းလိုက်ပါ တယ်။ တစ်ဆက်တည်းမှာပဲ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဝါရှင်တန်သို့ သွားရောက် တဲ့ခရီးစဉ်အပြီးမှာ အမေရိကန်ကလည်း မြန်မာနိုင်ငံအပေါ် စီးပွားရေးကန့်သတ် ပိတ်ပင်မှုတွေ အားလုံးကို လုံးဝဖယ်ရှားပေးခဲ့ ပါတယ်။ ဒါဟာ မြန်မာနိုင်ငံသံတမန်ရေးရာမှာ ထူးခြားတဲ့ အောင်မြင်မှုတစ်ရပ်ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလိုတိုးတက်မှုတွေရလာချိန်မှာ ရခိုင်ကိစ္စကို နိုင်ငံတကာက ပြန်လည်အာရုံ စိုက်လာအောင် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်မှာ တစ်ကြိမ်၊ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်မှာတစ်ကြိမ် ARSA အကြမ်းဖက်အဖွဲ့က နယ်ခြားစောင့်ရဲစခန်းအများအပြားကို စတင် တိုက်ခိုက်ခဲ့ရာမှ နေရပ်စွန့်ခွာတိမ်းရှောင်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် ဝေဖန်မှုတွေ ပြန်လည် မြင့်မားလာခဲ့ရခြင်း ဖြစ်ပါတယ်။

ဖိအားလျော့ပါးစေရေးအတွက် သံတမန်နည်းဖြင့်ဆောင်ရွက်
ဒီဖိအားတွေ လျော့ပါးစေဖို့ သံတမန်နည်း အရ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာမှာ နှစ်နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့်နှင့် နိုင်ငံတကာမျက်နှာစာအဆင့်မှာ ပူးပေါင်း ဆောင်ရွက်ခြင်းနည်းလမ်းတွေနဲ့ ဆောင်ရွက် နေပါတယ်။ အထူးကိုယ်စားလှယ်စေလွှတ်တာ တွေလည်း ပြုလုပ်ခဲ့ပါတယ်။

ဒါ့ပြင် နှစ်နိုင်ငံဆွေးနွေးပွဲများမှတစ်ဆင့် လည်း ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားမှုများ ပြုလုပ်လျက်ရှိပါ တယ်။ မြန်မာ-အီးယူ လူ့အခွင့်အရေး ဆွေးနွေး ပွဲကို (၅)ကြိမ်၊ မြန်မာ-ဂျပန် လူ့အခွင့်အရေး ဆွေးနွေးပွဲကို (၇)ကြိမ်နဲ့ မြန်မာ-အမေရိကန် လူ့အခွင့်အရေးဆွေးနွေးပွဲကို (၂)ကြိမ် ကျင်းပ ခဲ့ပြီးဖြစ်ပါတယ်။ ဥရောပသမဂ္ဂနဲ့လည်း ကုန်သွယ်မှုအခွင့်အရေး GSP ရုပ်သိမ်းမှု မပြုရေးအတွက် ဆွေးနွေးပွဲများကို (၄)ကြိမ် ကျင်းပခဲ့ပြီး ရခိုင်ကိစ္စအပါအဝင် လူ့အခွင့် အရေး ကာကွယ်မြှင့်တင်ရေးအတွက် မြန်မာ အစိုးရရဲ့ ဆောင်ရွက်မှုများကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေး၊ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကဲ့သို့ သော ဒေသအဆင့် အစည်းအဝေးများတွင် လည်းကောင်း၊ နိုင်ငံတကာမျက်နှာစာတွင် လည်းကောင်း၊ သံတမန်များအနေနဲ့ နိုင်ငံတကာ ဖိအားများကို ရှေ့တန်းကနေ ရပ်တည်ဖြေရှင်း ပေးလျက်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ပကတိ အခြေအနေကို သိရှိနားလည်စေဖို့ အထွေထွေ ညီလာခံ တတိယကော်မတီ၊ လုံခြုံရေးကောင်စီ၊ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးများသို့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ပြီး ရှင်းလင်းပြောကြားခြင်း၊ မြန်မာနိုင်ငံအပေါ် နားလည်မှုရှိပြီး အပြုသဘော ထိတွေ့ဆက်ဆံ လိုတဲ့ မိတ်ဆွေနိုင်ငံများကိုသာမက အမြင် မကြည်လင်တဲ့နိုင်ငံများကိုပါ ချဉ်းကပ်မှုများ ကိုလည်း ဆောင်ရွက်နေပါတယ်။


မြန်မာနိုင်ငံဟာ ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်မှုမှာ စိန်ခေါ်မှုများရှိသော်လည်း ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ၏ရုံးကို နေပြည်တော်မှာ ဖွင့်လှစ်ခွင့်ပေးထားပြီး ပူးပေါင်းဆောင်ရွက် လျက်ရှိပါတယ်။ ဒါ့ပြင် မိမိတို့ နိုင်ငံရဲ့ လူ့အခွင့် အရေး ကာကွယ်မြှင့်တင်ရေးအတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ဘာသာရပ် ဆိုင်ရာ အထူးကိုယ်စားလှယ်အချို့နဲ့လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ် ဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် တို့ရဲ့ မြန်မာနိုင်ငံခရီးစဉ်များကို လက်ခံစီစဉ် ပေးခဲ့ပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။


မိမိတို့ရင်ဆိုင်နေရတဲ့ သိမ်မွေ့ရှုပ်ထွေးတဲ့ အခြေအနေတွေကို ကျယ်ပြန့်စွာသိရှိနိုင်စေဖို့ အတွက် နိုင်ငံတကာမျက်နှာစာမှာ ကြိုးပမ်း ဆောင်ရွက်နေသလို အသိုက်အဝန်းများ အကြား တင်းမာမှုတွေလျော့ပါးစေဖို့၊ လူ့အခွင့် အရေး ချိုးဖောက်မှုတွေရှိပါက ပြည်တွင်း ဥပဒေနဲ့အညီ အရေးယူဖို့၊ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး အောင်မြင်ဖို့နဲ့ ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရေရှည်တည်တံ့တဲ့ အဖြေတစ်ရပ် ပေါ်ထွက်ဖို့အတွက်လည်း သက်ဆိုင်ရာဌာနများနဲ့ ပြည်တွင်းမှာလည်း ညှိနှိုင်းကြိုးပမ်းဆောင်ရွက်နေပါတယ်။
မိမိတို့အနေနဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို အတတ်နိုင်ဆုံး အကောင်အထည်ဖော်လျက် ရှိသလို နေရပ်စွန့်ခွာသူတွေကို ပြန်လည် လက်ခံနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ လက်မှတ်ရေးထိုးထားတဲ့ နှစ်နိုင်ငံ သဘော တူညီချက် (၃)ခုနဲ့အညီ နှစ်နိုင်ငံချင်း ဖြေရှင်း ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်နေ ပါတယ်။ ဒါပေမယ့် တစ်ဖက်နိုင်ငံကတော့ နှစ်နိုင်ငံချင်း သဘောတူညီချက်အတိုင်း ဖြေရှင်းရေးထက် နိုင်ငံတကာက ဖိအားပေးတဲ့ နည်းနဲ့ဖြေရှင်းဖို့ ကြိုးစားနေတဲ့အတွက် ပြဿနာဖြေရှင်းရေးမှာ ရှေ့မတိုးနိုင်တာကို တွေ့ရပါတယ်။ ပြန်လည်လက်ခံရေးလုပ်ငန်း စဉ်အတွက် ပတ်ဝန်းကျင်ကောင်း ဖန်တီးပေး နိုင်ဖို့အတွက်လည်း UNDPUNHCR နဲ့ အာဆီယံနဲ့ မိတ်ဖက်နိုင်ငံများနဲ့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။


ဘက်ပေါင်းစုံဖြင့်ကြိုးပမ်း၍ဖော်ထုတ်ပြသ
ထို့ပြင် ရခိုင်ပြည်နယ်အရေးကိစ္စကို ဖြေရှင်းရာမှာ လူသားချင်းစာနာထောက်ထားမှု လုပ်ငန်းများမှာ ဒေသတွင်းအဖွဲ့ရဲ့အင်အားကို ရယူအသုံးပြုဖို့ အာဆီယံနဲ့ AHA Centre အားပါဝင်ဆောင်ရွက်ခွင့်ပြုခဲ့ပါတယ်။ ပြည်တွင်းရှိ နေရပ်စွန့်ခွာသူတွေရဲ့ ယာယီစခန်းတွေကို စနစ်တကျပိတ်သိမ်းဖို့ မဟာဗျူဟာကိုလည်း ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ရေရှည်တည်တံ့တဲ့ အဖြေတစ်ရပ်ပေါ်ထွက်ဖို့ ဆောင်ရွက်ရာမှာ အသိုက်အဝန်းများအကြား သဟဇာတဖြစ်ဖို့က ပဓာနကျတဲ့ အလျောက် မောင်တောဒေသမှာ အသိုက်အဝန်းများ အကြား ညီညွတ်စေရေး စီမံချက်တစ်ရပ် အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။


လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိပါက လည်း တာဝန်ခံမှု၊ တာဝန်ယူမှုရှိစေဖို့အတွက် အစဉ်တစိုက် အလေးထားဆောင်ရွက်လျက် ရှိပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှ သံအမတ်ကြီး Manalo ဦးဆောင်တဲ့ လွတ်လပ်သော စုံစမ်း စစ်ဆေးရေးကော်မရှင် (ICoE)ကို တည်ထောင် ပေးခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၀ ရက်မှာ ယင်းကော်မရှင်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတ ထံသို့ အပြီးသတ်အစီရင်ခံစာကို ပေးအပ်ခဲ့ပြီး ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနဲ့ တရားစွဲဆိုမှုများ ပြုလုပ်သွားဖို့ ကော်မရှင်ရဲ့ အစီရင်ခံစာအပြည့်အစုံကို နိုင်ငံတော်သမ္မတ က ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံသို့ ပေးပို့ခဲ့ပြီး ဖြစ်ပါတယ်။
မိမိတို့ရဲ့ ဒီလိုဘက်ပေါင်းစုံမှ အားထုတ် ကြိုးပမ်းနေမှုကြောင့် မြန်မာနိုင်ငံအပေါ် အရေးယူဆောင်ရွက်နိုင်ဖို့ နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံ လုံခြုံရေး ကောင်စီမှာ မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့ ကြိုးပမ်းနေမှုများကို ယနေ့ထိ ဟန့်တားထား နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အပြည်ပြည် ဆိုင်ရာတရားရုံး(ICJ)၌ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား လူမျိုးသုဉ်းမှုတားဆီးရေး ဆိုင်ရာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် ဖိအား ပေးလာခဲ့ခြင်း ဖြစ်ပါတယ်။
ယင်းကိစ္စနဲ့ပတ်သက်ပြီး သည်ဟိဂ်မြို့ရှိ ICJ ၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း ကြားနာပွဲပြုလုပ်ခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေဖြင့် ဦးဆောင် တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ်အရေးကိစ္စ ပကတိ အခြေအနေမှန်များကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။ မိမိတို့ ဝန်ကြီးဌာနအနေနဲ့ ICJ က ချမှတ်ထားတဲ့ ယာယီအစီအမံများနဲ့ ပတ်သက်လို့ အစီရင်ခံစာ တင်သွင်းရေးကိစ္စ၊ တရားစီရင်မှုရင်ဆိုင်ရေးကိစ္စတို့မှာ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနကို လိုအပ်တဲ့ ကူညီ ပံ့ပိုးမှုများ ပေးလျက်ရှိပါတယ်။


မေး။ ။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာစာချုပ်များနဲ့ နိုင်ငံတကာအဖွဲ့ အစည်းများမှာ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက် နိုင်ခဲ့မှုအခြေအနေများကို သိပါရစေ။


ဖြေ။ ။ မိမိတို့အစိုးရအနေနဲ့ လူ့အခွင့်အရေးမြှင့်တင်ရေးနဲ့ ပတ်သက်လို့ နိုင်ငံ တကာနဲ့ တက်ကြွစွာ လက်တွဲဆောင်ရွက်နိုင် ရေးအတွက် နိုင်ငံတကာစာချုပ်စာတမ်းတွေမှာ တိုးမြှင့်ပါဝင်ဖို့ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လက်နက်ကိုင် ပဋိပက္ခများအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုမှာ ကလေးသူငယ်များရဲ့ အခွင့်အရေးများဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ် (OPAC-CRC) သို့ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်မှာ အတည်ပြုပါဝင်ခဲ့ ပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုး ရန် ကျန်ရှိသော စာချုပ်များအနက် အရပ်ဘက်နဲ့ နိုင်ငံရေးအခွင့်အရေးများဆိုင်ရာ အပြည်ပြည် ဆိုင်ရာ သဘောတူစာချုပ်(International Covenant on Civil and Political Rights - ICCPR)သို့ လက်မှတ်ရေးထိုး ပါဝင်နိုင်ရေး အတွက်လည်း စာချုပ်အား လေ့လာခြင်း၊ အသိပညာပေးရေး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းတွေကို ဆောင်ရွက်လျက်ရှိ ပါတယ်။


ဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ မြန်မာသံရုံး/အဖွဲ့ရုံးတွေက မြန်မာနိုင်ငံနဲ့ ရင်းနှီးတဲ့နိုင်ငံ များသို့ သံတမန်နည်းအရ စည်းရုံးချဉ်းကပ်မှု တွေ ပြုလုပ်နိုင်ခဲ့တာကြောင့် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား ယူနက်စကိုရဲ့ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်စေရေး အတွက် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါ တယ်။ ၂၀၁၉-၂၀၂၃ ခုနှစ်သက်တမ်းအတွက် အာရှပစိဖိတ်အုပ်စုအတွင်း အလုပ်အမှုဆောင် အဖွဲ့ဝင်ရွေးကောက်ပွဲသို့ မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာလည်း မဲပေးပိုင်ခွင့် ရှိတဲ့ အဖွဲ့ဝင်(၁၈၀)နိုင်ငံအနက် (၁၄၂) နိုင်ငံရဲ့ ထောက်ခံမှုဖြင့် အလုပ်အမှုဆောင်အဖွဲ့ဝင် အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

 

ု့ု‌ြေ်


မေး။ ။ နယ်နိမိတ်ကိစ္စတွေမှာ ဆောင်ရွက်ပေးနိုင်ခဲ့တာတွေကို သိပါရစေ။

ဖြေ။ ။ နောင်လာမယ့် မျိုးဆက်သစ်များအားကောင်းမွန်တဲ့ အမွေအနှစ်တွေ ချန်ထားရစ်နိုင်ဖို့အတွက် ယခင်အစိုးရ အဆက်ဆက်က ပြီးပြတ်အောင် မဆောင်ရွက် နိုင်ခဲ့တဲ့ နယ်နိမိတ် တိုင်းတာသတ်မှတ်ရေး ကိစ္စများကို ယခုကဲ့သို့ အိမ်နီးချင်းနိုင်ငံများနဲ့ဆက်ဆံရေး အကောင်းဆုံးအချိန်မှာ ဦးစားပေး ဆောင်ရွက်ဖို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က လမ်းညွှန်မှုပေးထားခဲ့ပါတယ်။ နှစ်နိုင်ငံ အကြား နယ်နိမိတ်ပီပြင်ရှင်းလင်းအောင် ဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံအကြား နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုဖြစ်ရပ်တွေကို ကာကွယ်တားဆီးသွားနိုင်မှာ ဖြစ်ပါတယ်။
မိမိတို့အစိုးရလက်ထက်မှာ မြန်မာနဲ့ ထိုင်းနိုင်ငံအကြား မဲဆိုင်-မဲဟောက်ချောင်း ပုံသေနယ်နိမိတ်တစ်လျှောက်မှာ လူနေထူထပ် လာမှုကြောင့် ကျူးကျော်ပြဿနာများ ထပ်မံ ဖြစ်ပေါ်ခြင်းမရှိစေရန်နဲ့ နယ်နိမိတ်သွယ်တန်းမှု ရှင်းလင်းထင်ရှားစေရန်အတွက် ၂၀၁၇-၂၀၁၈ ကွင်းဆင်းရာသီနဲ့ ၂၀၁၈-၂၀၁၉ ကွင်းဆင်း ရာသီတို့တွင် နယ်နိမိတ်မှတ်တိုင်များ ပူးတွဲ စစ်ဆေးခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနဲ့ ထပ်တိုး မှတ်တိုင်များ စိုက်ထူခြင်းလုပ်ငန်းတွေကို နှစ်ဖက်နည်းပညာကျွမ်းကျင်သူများပူးတွဲ၍ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မြန်မာ-ထိုင်း နယ်နိမိတ်တိုင်းတာရေး သဘောတူညီချက် တစ်ရပ် ဆောလျင်စွာ လက်မှတ်ရေးထိုးနိုင်ရေး အတွက် နှစ်နိုင်ငံအဆင့်မြင့်အရာရှိကြီးများ အဆင့် အစည်းအဝေးကို ကျင်းပခဲ့ပြီး နှစ်ဖက် အမြင်ကွာဟမှုများကို လျှော့ချနိုင်ခဲ့ပါတယ်။
မြန်မာ-အိန္ဒိယ နယ်နိမိတ်မှတ်တိုင်အမှတ် ၁၄၅ နှင့် ၁၄၆ အကြားမှာ နှစ်နိုင်ငံပူးတွဲ၍ ထပ်တိုးမှတ်တိုင် ၃၈ တိုင်ကိုလည်းကောင်း၊ မှတ်တိုင် ၈၀ နှင့် ၈၂ အကြားတွင် ထပ်တိုး မှတ်တိုင် ၃၆ တိုင်ကိုလည်းကောင်း စိုက်ထူ ပြီးစီးခဲ့ပါတယ်။ မပြီးပြတ်သေးသော ကဘော် ချိုင့်ဝှမ်းနယ်နိမိတ်တိုင် ၉ တိုင် ကိစ္စရပ်များနှင့် ပတ်သက်၍လည်း မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ မြေတိုင်းညွှန်ကြားရေးမှူးများ အစည်းအဝေး ကို အိန္ဒိယနိုင်ငံ မိုရေးမြို့၌ ၂၀၁၉ ခုနှစ် ဩဂုတ်လအတွင်း ကျင်းပပြုလုပ်ခဲ့ပြီး ယင်း အစည်းအဝေး သဘောတူညီချက်အရ နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင်များကိုလည်း ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်ကစတင်ပြီး နှစ်ဖက်ပူးတွဲ ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ပါတယ်။
မြန်မာ-တရုတ် နယ်နိမိတ်ကတော့ တိုင်းတာသတ်မှတ်ပြီးဖြစ်ပေမယ့် နယ်နိမိတ် မှတ်တိုင်တွေ ပူးတွဲစစ်ဆေးမှု မပြုလုပ်နိုင်ခဲ့တာ (၂၃)နှစ်ကျော်သွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် မိမိတို့အစိုးရလက်ထက်မှာ မြန်မာ-တရုတ် တတိယအကြိမ် နှစ်နိုင်ငံပူးတွဲကွင်းဆင်း စစ်ဆေးမှုတွေ ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးများကို နှစ်နိုင်ငံ တစ်လှည့်စီ အလှည့်ကျ ကျင်းပပြုလုပ်လျက် ရှိပါတယ်။ တတိယအကြိမ် မြန်မာ-တရုတ် နယ်နိမိတ် ပူးတွဲစစ်ဆေးရေးအတွက် နယ်နိမိတ်တစ်လျှောက် ကောင်းကင်ဓာတ်ပုံ ရိုက်ကူးရေးလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ်အတွင်း နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်သွားကြဖို့ သဘော တူညီချက် ရရှိခဲ့ပြီးဖြစ်ပါတယ်။


မေး။ ။ ဝန်ကြီးဌာနရဲ့ ရည်မှန်းချက်များကိုပြည့်မြောက်အောင် အကောင်အထည် ဖော်ပေးနိုင်တဲ့ သံတမန်ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ဆောင်ရွက်ပေးနေမှုတွေကိုလည်း သိပါရစေ။

ဖြေ။ ။ ဝန်ကြီးဌာနရဲ့ ရည်မှန်းချက်များကို ရရှိရေးအတွက် သံခင်းတမန်ခင်းအရ ကြိုးပမ်းဆောင်ရွက်ကြရာမှာ အရည်အသွေး ထက်မြက်တဲ့ သံတမန်ကောင်းတွေ လိုအပ်ပါ တယ်။ ဒါကြောင့် သံတမန်ဝန်ထမ်းများ အင်အားတိုးချဲ့ခန့်အပ်ခြင်း၊ သံတမန်များရဲ့ စွမ်းဆောင်ရည်မြှင့်တင်ပေးတဲ့ ပြည်တွင်း၊ ပြည်ပ သင်တန်းများ စီစဉ်ပေးခြင်း၊ မြန်မာ သံရုံးများအနေနဲ့ လုပ်ငန်းတာဝန်များ အောင်မြင်စေဖို့ စီမံအုပ်ချုပ်မှုဆိုင်ရာ လိုအပ် ချက်များကို ဖြည့်ဆည်းပေးခြင်းတို့ကို အလေးပေးဆောင်ရွက်ပေးခဲ့ပါတယ်။ စတုတ္ထ (၁)နှစ်တာကာလအတွင်း အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၃၀) ဦးတို့ကို ပြည်ပသင်တန်းများ သို့ ပညာသင်များ စေလွှတ်ပေးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ဌာနတွင်းသင်တန်းများအဖြစ် သံတမန်တာဝန် ထမ်းဆောင်ကြမယ့် ဝန်ထမ်း များအား လုပ်ငန်းပိုင်းဆိုင်ရာ၊ ဘာသာရပ် ဆိုင်ရာ ဗဟုသုတများ ကြွယ်ဝစေရေးနဲ့ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု ပိုမို မြင့်မားစေရေးအတွက် အင်္ဂလိပ်စာနှင့် နိုင်ငံခြားရေးရာ ကျွမ်းကျင်မှုသင်တန်းတွေ စကားပြန်/ဘာသာပြန် သင်တန်းတွေကို ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဝန်ကြီး ဌာနနဲ့ အခြားဌာနများမှ အစိုးရဝန်ထမ်းများ၊ ပြင်ပလုပ်ငန်းရှင်များ၊ ဘွဲ့ရလူငယ်များအတွက် အစိုးရသက်တမ်း စတုတ္ထ(၁)နှစ်တာကာလ အတွင်း အခြေခံ သံတမန်ရေးရာကျွမ်းကျင်မှု သင်တန်းကို (၂)ကြိမ်ဖွင့်လှစ်နိုင်ခဲ့ပြီး သင်တန်း သား စုစုပေါင်း (၄၀၀)ဦးကို သင်ကြားပေး နိုင်ခဲ့တဲ့အပြင် အဆင့်မြင့်သံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းကိုလည်း (၂)ကြိမ် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပါတယ်။ သံတမန် ဝန်ထမ်းများရဲ့ ဇနီးသည်တွေအတွက်ကိုလည်း ပြည်ပမြန်မာသံရုံးတွေမှာ လက်တွေ့အသုံးဝင် စေမယ့် ဝတ်စားဆင်ယင်မှု၊ မြန်မာ့အစားအစာ အချက်အပြုတ်၊ ကျွေးမွေးဧည့်ခံရေးလုပ်ငန်း တွေကိုပါ သင်ကြားပေးခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ပုံရိပ်မြှင့်တင်ရေးအတွက် ဆောင်ရွက်ရာမှာ ပြည်ပမှာရှိတဲ့ သံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတွေမှာ တာဝန် ထမ်းဆောင်လျက်ရှိကြတဲ့ သံတမန်များ အနေနဲ့ မြန်မာနိုင်ငံရဲ့ ဖြစ်ရပ်မှန်အခြေအနေ များကို ရှင်းလင်းပြောကြားရုံသာမက မြန်မာ နိုင်ငံရဲ့ အပြုသဘော တိုးတက်မှုတွေဖြစ်တဲ့ သဘာဝသယံဇာတ ကြွယ်ဝမှု၊ ရိုးရာယဉ်ကျေး မှု၊ အနုပညာ၊ နိုင်ငံရဲ့သာယာလှပမှုနဲ့ ပြည်သူ တို့ရဲ့ ပျူငှာဖော်ရွေမှုတွေကိုပါ တာဝန် ထမ်းဆောင်ရာဒေသက ပြည်သူများသိရှိ အောင် သိမ်မွေ့စွမ်းအား(Soft Power)ကို အသုံးချပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြ ပါတယ်။ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် များ ပိုမိုလာရောက်စေခြင်းဟာလည်း မြန်မာ နိုင်ငံရဲ့ ပကတိအခြေအနေမှန်များကို ပိုမိုသိရှိ နားလည်လာစေရေးအတွက် အခြေအနေ ကောင်းတစ်ရပ် ဖြစ်ပါတယ်။


မေး။ ။ မြန်မာသံတမန်ဝန်ထမ်းများ လုပ်ငန်းတာဝန်များ ထိရောက်စွာ ဆောင်ရွက် နိုင်စေရေးအတွက် ပံ့ပိုးဆောင်ရွက်ပေးမှု အစီ အမံများ သိပါရစေ။

ဖြေ။ ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့လမ်းညွှန်ချက်နဲ့အညီ မြန်မာသံတမန် များ လုပ်ငန်းတာဝန်များကို အာရုံစိုက် ဆောင်ရွက်နိုင်ရေးအတွက် သံရုံးဝန်ထမ်းများနဲ့ မိသားစုများအတွက် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပညာသင်စရိတ်ထောက်ပံ့ရေးကိစ္စရပ်များကို လက်တွေ့အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။ ပြည်ပရှိ မြန်မာသံရုံး/အဖွဲ့ရုံး/ကောင်စစ်ဝန်ချုပ်ရုံး (၄၆)ရုံးအနက် စုစုပေါင်း (၂၄)ရုံးမှ ဝန်ထမ်းများနဲ့ မိသားစုဝင် များအတွက် ကျန်းမာရေး အာမခံထားခွင့် ရအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
သံတမန် သားသမီးများအနေနဲ့ ပြည်ပ ရောက်ခိုက် သင်ယူလေ့လာတဲ့ ပညာရပ်များ ဖြင့် အမိနိုင်ငံကို ပြန်လည်အကျိုးပြုနိုင်ကြတဲ့ အနာဂတ်မျိုးဆက်သစ်များ ဖြစ်လာစေရန် အတွက် အသက် (၅)နှစ်မှ (၁၈)နှစ် အထိ သံတမန်ဝန်ထမ်း သားသမီး စုစုပေါင်း (၅၇) ဦးအတွက် ကျောင်းလခရဲ့ (၃)ပုံ (၂)ပုံကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်၍ နိုင်ငံတော်မှ ထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက် ပေးနိုင်ခဲ့ပါတယ်။ ဒါတွေဟာ သံတမန်တွေ လုပ်ငန်းချောမွေ့စေရေးအတွက် နိုင်ငံတော်က ပံ့ပိုးပေးရာမှာ ထူးခြားတဲ့ တိုးတက်မှုတစ်ခု ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာသံရုံး၊ အဖွဲ့ရုံးနဲ့ ကောင်စစ်ဝန်ချုပ်ရုံးများ သံတမန် ဂုဏ်သိက္ခာ အဆင့်နဲ့အညီ တင့်တယ်မှုရှိစေရေးအတွက် သက်တမ်းကြာမြင့်နေတဲ့ သံရုံးအဆောက်အအုံ များကို ပြန်လည်မွမ်းမံထိန်းသိမ်းခြင်း၊ အသစ် ဆောက်လုပ်ခြင်းတွေ ဦးစားပေးဆောင်ရွက် နေပါတယ်။ တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့မှာရှိတဲ့ နိုင်ငံပိုင်မြေကွက် ပေါ်မှာ သံရုံးအဆောက်အအုံနှင့် သံရုံးအကြီး အကဲနေအိမ်နဲ့ ဝန်ထမ်းအိမ်ရာအသစ်တို့ကို ဆောက်လုပ်နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံ ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နယူးဒေလီမြို့ မြန်မာသံရုံး မြန်မာဂေဟာ၊ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ မြန်မာသံရုံးဝင်းရှိ အဆောက်အအုံဟောင်းနဲ့ ဂျာမနီနိုင်ငံ ဘာလင်မြို့ မြန်မာသံရုံးအဆောက်အအုံတို့ကို အကြီးစားပြုပြင်မွမ်းမံ တည်ဆောက်မှုတွေကို ပြုလုပ်နိုင်ခဲ့ပါတယ်။


မေး။ ။ နိဂုံးချုပ်အနေနဲ့ ဖြည့်စွက်ပြောကြား လိုတဲ့ အချက်များရှိပါက သိရှိပါရစေ။


ဖြေ။ ။ ရှေ့ပိုင်းမှာ တင်ပြခဲ့တဲ့အတိုင်း မိမိတို့ဝန်ကြီးဌာနအနေနဲ့ နိုင်ငံရဲ့ ရည်မှန်း ချက်တွေ ပေါက်မြောက်အောင်မြင်စေရေး အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဘက်ကနေ ပံ့ပိုးဆောင်ရွက်ပေးနေရတာ ဖြစ်ပါတယ်။ သံတမန်လုပ်ငန်း တိုးတက် အောင်မြင်မှုကို လက်ဆုပ်လက်ကိုင် မပြနိုင် သော်လည်း နိုင်ငံတကာဆက်ဆံရေး တိုးတက် မှုကြောင့် နှစ်နိုင်ငံချင်းဖြစ်စေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကဖြစ်စေ ရရှိတဲ့ကူညီပံ့ပိုးမှု တွေ၊ အကျိုးအမြတ်တွေကို တခြားသက်ဆိုင် ရာ ဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းတွေမှာ အကျိုး ခံစားရတာ ဖြစ်ပါတယ်။ ယနေ့အထိ မိမိတို့ အစိုးရရဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ကူးပြောင်း ရေးနဲ့ ပြည်သူတွေအားလုံး လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှု၊ ကူညီပံ့ပိုးမှုတွေကို ဆက်လက်ရရှိနေဆဲ ဖြစ်ပါတယ်။


နိုင်ငံတကာရှေ့တန်း မျက်နှာစာတွေမှာ သံတမန်နည်းအရ ရင်ဆိုင်ဖြေရှင်းမှုတွေ အောင်မြင်မှုရရှိဖို့အတွက် ပြည်တွင်းမှာ အပြုသဘော ဖြစ်ပေါ်တိုးတက်မှုရှိရေးဟာ လည်း အဓိကကျပါတယ်။ ပြည်တွင်းမှာ ဖြစ်ပေါ်တိုးတက်မှုတွေမရှိဘဲ သံတမန်တွေ အနေနဲ့ ထိထိရောက်ရောက် ရှင်းလင်းတုံ့ပြန် ဖြေရှင်းနိုင်ဖို့ လွယ်ကူမှာမဟုတ်ပါဘူး။ ယခု နိုင်ငံတကာနဲ့ ဆက်ဆံရေး တိုးတက် ကောင်းမွန်ရေး ကြိုးပမ်းမှုမှာ အဟန့်အတား ဖြစ်နေတဲ့ ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် တုံ့ပြန်ရာမှာ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ရှုပ်ထွေးသိမ်မွေ့တဲ့ အခြေအနေအမှန်တွေကို နိုင်ငံတကာက သိရှိလာအောင် နိုင်ငံတကာ မျက်နှာစာမှာ ကြိုးပမ်းဆောင်ရွက်နေသလို မတူကွဲပြားတဲ့ အသိုက်အဝန်းများအကြား တင်းမာမှုတွေ လျော့ပါးစေဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိပါက ပြည်တွင်းဥပဒေနဲ့ အညီအရေးယူဖို့၊ နေရပ်စွန့်ခွာသူတွေ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်အောင်မြင်ဖို့နဲ့ ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရေရှည်တည်တံ့တဲ့ အဖြေတစ်ရပ်ပေါ်ထွက်ဖို့အတွက် ပြည်တွင်းမှာ လည်း ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။
အသွင်ကူးပြောင်းစ နိုင်ငံတိုင်းသည် အခက်အခဲများနှင့် ကြုံတွေ့ရစမြဲဖြစ်တာမို့ မည်သည့် ပြဿနာကိုမဆို ပြည်သူများအားလုံး ရဲ့ ညီညွတ်မှုစွမ်းအားဖြင့် ရင်ဆိုင်ဖြေရှင်း မယ်ဆိုရင် ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါ တယ်။ သံတမန်နည်းလမ်းဖြင့် ဖြေရှင်းမှု၏ အောင်မြင်ရေးသည်လည်း သံတမန်တွေအပေါ် မှာသာမက မြေပြင်အခြေအနေ တိုးတက်လာ စေဖို့အတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်း တွေနဲ့ ပြည်သူလူထုရဲ့ ပါဝင်ကူညီ ပံ့ပိုးမှုသည် လည်း အခရာကျပါတယ်ဆိုတဲ့အကြောင်းကို နိဂုံးချုပ်အနေနဲ့ ပြောကြားလိုပါတယ်။ ။

ခင်ရတနာ၊ ဓာတ်ပုံ - ဇူလိုင်မိုး