ပြည်သူ့အင်အားဖြင့် လူ့အသက်များစွာကို ကယ်တင်ကြပါစို့

mdn

နေပြည်တော် ၁၇ စက်တင်ဘာ

 

မြန်မာနိုင်ငံရှိ ပြည်သူလူထု နေ့နေ့ညည နားစွင့်နေသည့် သတင်းမှာ ကိုဗစ် - ၁၉ ရောဂါပိုး ဓာတ်ခွဲအတည်ပြုလူနာစာရင်းဟု ဆိုရမည်။ လူနာတိုးမြင့်လာသည့် ကိန်းဂဏန်း၊ သေဆုံးသူ အရေအတွက်၊ ရောဂါ ပျောက်ကင်းသူဦးရေ စသည့်ဇယားတို့ကို စိတ်ဝင်တစားဖြင့် စောင့်မျှော်နေကြ၏။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၁၆ ရက် ည၈ နာရီ ကြေညာချက်အရ အတည်ပြုလူနာသစ် ၁၈၅ ဦးရှိပြီး မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၃၈၂၁ ဦး ရှိခဲ့ပြီဖြစ်သည်။ ရောဂါကင်းရှင်းပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ပြုခဲ့သူ လူနာ ၉၀၈ ဦးရှိ၏။ ဖြစ်စဉ်အစမှ အဆုံးကာလအတွင်း သေဆုံးသူ ၄၀ ရှိခဲ့ပြီး၊ ထို့ကြောင့် လက်ရှိ အတည်ပြုလူနာ စုစုပေါင်း ၂၈၇၃ ဦး ရှိနေသည်ဟု သိရပါသည်။ သေဆုံးသူထဲမှ အများစုမှာ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါအခံများ ရှိနေသူများဖြစ်သည်ဟု သိရပါသည်။

 

ယခု ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု ကူးစက်မှုအရေးသည် နိုင်ငံတစ်ခုလုံး၏ အရေးသာမက ကမ္ဘာ့အရေး၊ နိုင်ငံတကာအရေးလည်း ဖြစ်ပါသည်။ မည်သို့မျှ ရှောင်လွှဲမရနိုင်သော ကပ်ရောဂါအနေဖြင့် ပေါ်ပေါက်ကူးစက်လာခြင်းဖြစ်သည့်အတွက် လက်တွေ့ကို မျက်မှောက်ပြုကာ လက်ခံရင်ဆိုင်ကြရမည့် အရေးဖြစ်ပါ သည်။ ယခုအရေးကို မည်သို့ ရင်ဆိုင်ကြမည်၊ မည်သို့အောင်မြင်အောင် ကျော်လွှားကြမည် ဆိုသည်မှာ ဦးစားပေးဆောင်ရွက်ရမည့် အရေးကြီး လုပ်ငန်း ဖြစ်လာပါသည်။ ထို့အတွက်လည်း ပြည်တွင်းပြည်ပမှ တာဝန်ရှိသူများ၊ ပညာရှင်များက ချက်ချင်းဆိုသလို လက်ငင်းတုံ့ပြန်နိုင်ရေး အစီအမံများ၊ ရေရှည်ရင်ဆိုင် နိုင်ရေးလုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်နေကြပါသည်။

 

မြန်မာနိုင်ငံရှိ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ အုပ်ချုပ်ရေး နယ်ပယ်မှ တာဝန်ရှိသူများနှင့် ပြည်သူလူထု တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြခြင်းက ထိရောက်သော အဖြေဖြစ်သည် ဟု ယုံကြည်ပါသည်။

 

အထူးသဖြင့်မူ ယခုအခါ ရန်ကုန်မြို့တွင် လွန်ခဲ့သောရက်ပိုင်းအတွင်းက ကိုရိုနာဆိုင်းရပ်စ်ပိုး ဓာတ်ခွဲအတည်ပြုလူနာ တိုးမြင့်လာခဲ့မှုကြောင့် မြို့သူမြို့သားများ သာမက တစ်နိုင်ငံလုံးရှိ ပြည်သူလူထုပါ စိတ်ပူပန်မှုများ ဖြစ်ခဲ့ကြရပါသည်။ ရန်ကုန်မြို့သည် လူဦးရေ ထူထပ်၏။ နိုင်ငံ၏ စီးပွားရေးဆိုင်ရာ ဆုံချက် ကဲ့သို့ဖြစ်နေလေရာ ပြည်တွင်းပြည်ပ ကူးသန်းသွားလာ ဝင်ထွက်သွားလာမှု အများဆုံးမြို့လည်းဖြစ်၏။ အခြေချနေထိုင်ကြသူများ၊ ယာယီ စတည်း ချနေကြသူများမှာ နိုင်ငံအနှံ့အပြားမှသာမက နိုင်ငံစုံမှ သူတို့ပါ အများအပြားဖြစ်၏။ ဗိုင်းရပ်စ်ပိုး ကူးစက် ပြန့်ပွားမှု၏ အရေးပါသော အကြောင်းရင်းတစ်ခုမှာ လူစုလူဝေးနှင့် လူဦးရေ ထူထပ်သိပ်သည်း ခြင်းဖြစ်လေရာ ရန်ကုန်သည် များစွာဂရုပြု ထိန်းသိမ်းရမည့် ဒေသဖြစ်ပါသည်။

 

ယခုအခါတွင် ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ပရဟိတ ကူညီကြသူများနှင့် ပုဂ္ဂလိက စေတနာရှင် လှူဒါန်းထောက်ပံ့ကြသူ များ ပူးပေါင်းကာ ကိုင်တွယ်ဖြေရှင်းနေကြသည်ဟု သိရပါသည်။ သတင်းစာများနှင့် ရုပ်မြင်သံကြားတို့ကလည်း သတင်းများနှင့် လိုအပ်သလိုထုတ်ပြန်သော ကြေညာချက်များကို ဖော်ပြပေးနေပါသည်။

 

ထိုအစီအစဉ်များအရ ရောဂါပိုးရှိနိုင်သော သံသယလူနာများ၊ ရောဂါ ပိုးကူးစက်ခံထားရသူများ၊ ရောဂါပိုးကူးစက်မှုနှင့် ဆက်နွယ်မှုရှိနေသူများ စသူတို့ကို ရန်ကုန်မြို့တွင်း၌ ဝေဘာဂီ၊ တောင်ဥက္ကလာ ဖောင်ကြီး အစရှိသည့် ကိုဗစ်-၁၉ ဗဟိုဌာနများ ဖွင့်လှစ်လက်ခံထားပါသည်။ ကုသပေးနိုင်ရေး၊ ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေး စသည်တို့ကို စီမံခန့်ခွဲမှု နိုင်နင်းအောင် ကြိုးစားဆောင်ရွက်နေကြပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ အစီရင်ခံ တင်ပြချက်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ပန်ကြားချက်၊ ကြေညာချက်များကို အကြောင်းပြု၍လည်းကောင်း တိုးမြင့်သည့် ရောဂါပိုး ကူးစက်ပြန့်ပွားမှုနှုန်းအရ စိုးရိမ်မှုကြောင့် လည်းကောင်း ယခု တစ်ရက် နှစ်ရက်အတွင်းတွင် အိမ်ပြင်ထွက်ခြင်း၊ လူစုလူဝေးပြုခြင်းတို့ သိသာထင်ရှားစွာ ရပ်တန့်သွားသည်ကို တွေ့ရ၏။ ထို့ပြင် အိမ်တွင်နေထိုင်ရင်းလည်း တစ်ကိုယ်ရေစည်းကမ်းများကို လိုက်နာစောင့်ထိန်းနေကြမည်ဟု ယူဆပါသည်။

 

ကပ်ရောဂါဘေးက အောင်မြင်စွာ ကျော်ဖြတ်နိုင်ရေးအတွက် နိုင်ငံတွင်း ဘက်ပေါင်းစုံမှ ဝိုင်းဝန်းကြိုးပမ်းနေကြရာတွင် ပြည်သူတစ်ဦးချင်း၏ စည်းကမ်း လိုက်နာမှု၊ တစ်ကိုယ်ရေ စောင့်ထိန်းတာဝန်ယူမှုတို့က အခြေခံ အကျဆုံး၊ အထိရောက်ဆုံးဖြစ်သည်ဟု ယုံကြည်ပါသည်။ ထိုသို့ ပါဝင် ပူးပေါင်းကူညီကြခြင်းက ကပ်ရောဂါ၏ ခြိမ်းခြောက်မှုအန္တရာယ်ကို ကျော်လွှား နိုင်ကာ ပြည်သူ့အသက်ပေါင်းများစွာကို ကယ်တင်လိမ့်မည် ဖြစ်ပါသည်။

 

ဒီမိုကရေစီ ခေတ်ပြောင်းကာလတွင် ပြည်သူလူထုက အဓိက ကျသည်ဟူသည့် အချက်ကို ကိုဗစ်-၁၉ ရောဂါကို ပူးပေါင်းရင်ဆိုင်ကြသည့်နေရာတွင် သက်သေပြ လျက်ရှိပါသည်။

 

ပြည်သူ့အင်အားဖြင့် ကပ်ရောဂါဘေးကို အောင်မြင်စွာ တွန်းလှန်ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။

 

မြန်မာ့အလင်း