ပြည်ကြီးတံခွန်မြို့နယ်၌ သံရည်ကျိုသည့် လုံ ၁ လုံးပေါက်ကွဲသဖြင့် အမျိုးသား ၁ ဦး ဒဏ်ရာရရှိ

နေပြည်တော် ၂၃ စက်တင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် စက်တင်ဘာ ၂၂ ရက်က သံရည်ကျိုသည့် လုံပေါက်ကွဲခဲ့သဖြင့် အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ပြည်ကြီးတံခွန်မြို့နယ်၊ (ဈ)ရပ်ကွက်နေ ကိုအောင်မျိုးထိုက် (၂၈)နှစ် ပိုင်ဆိုင်သည့် “ရွှေသစ္စာ” သံရည်ကျိုလုပ်ငန်း၌ စက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်က သံရည်ကျိုနေသည့် အရှည် ၄ ပေ၊ အချင်း ၂ ပေခန့် လုံ ၁ လုံးအတွင်းသို့ သံတိုသံစများနှင့်အတူ ပါသွားသည့် ကားရှော့ဘားပေါက်ထွက်ရာမှ တစ်ဆင့်ပေါက်ကွဲခဲ့ရာ အလုပ်သမားဖြစ်သူ ကျောက်မဲမြို့နယ်၊ ဂျိမ်လောကျေးရွာနေ ရဲအောင် (၂၄)နှစ်တွင် သံရည်ပူလောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် အောင်မျိုးထိုက်အား စက်မှုနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား