ပညာရေးရော ဂီတတွင်ပါ ထူးချွန်သူ အက်စတာဒေါ့ချင်းဆုန်နှင့် တွေ့ဆုံမေးမြန်းခြင်း

၄ ဇန်နဝါရီ

 

ကျင်းပပြီးစီးသွားပြီဖြစ်သော စတုတ္ထအကြိမ်မြောက် Myanmar Idol ပြိုင်ပွဲကြီးတွင် ပထမဆုံး အမျိုးသမီး Winner ဆုရှင်အဖြစ် ချင်းတိုင်းရင်းသူလေး အက်စတာဒေါ့ချင်းဆုန်က ရွေးချယ်ခံခဲ့ရသည်။ အက်စတာဒေါ့ချင်းဆုန် အနေဖြင့် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သော (၁၆)ကြိမ်မြောက် ဆိုကရေး တီးပြိုင်ပွဲကြီး၌ ဗဟိုအဆင့် ပထမဆုရရှိခဲ့သလို၊ သြစတြေးလျနိုင်ငံ၌ ကျင်းပ ပြုလုပ်ခဲ့သည့် 2017 Chin idol တွင်လည်း Winner ဆုရခဲ့သူတစ်ဦးဖြစ်ကာ ယခု မြန်မာနိုင်ငံအဆင့် Myanmar Idol တွင်လည်း Winner ဆုကို ထိုက်တန်စွာ ထပ်မံပိုင်ဆိုင်နိုင်ခဲ့သူဖြစ်သည်။

 

ဂီတဘက်တွင် ထူးချွန်သူ အက်စတာသည် ပညာရေးတွင်လည်း တက္ကသိုလ်ဝင်တန်းကို သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်ထားသူတစ်ဦးဖြစ်ရာ ယနေ့ခေတ် လူငယ်များအတွက် အတုယူဖွယ်ကောင်းသော အမျိုးသမီးငယ် တစ်ဦးဖြစ်သဖြင့် Myanmar Idol Winner ဖြစ်ပြီးနောက် ခံစားချက်များနှင့် ဆက်လက်လုပ်ဆောင်သွားမည့် အကြောင်းအရာများကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။

 

မေး။ ။အက်စတာ့ကို ဂီတပိုင်းသာမက ဘဝရဲ့ အချိုးအကွေ့တွေမှာပါ အောင်မြင်စွာ ကျော်ဖြတ်နိုင်သူ လို့ပြောရင် လက်ခံနိုင်မလား။

 

ဖြေ။ ။ဒါကတော့ ညီမကို ဘုရားသခင်ကပေးတဲ့ ဆုလာဘ်တွေလို့ပဲ ခံယူပါရစေ၊ ကိုယ့်ရဲ့ကြိုးစားမှုနဲ့ အတူ ရရှိလာတာလို့လည်း ထင်ပါတယ်၊

 

အခုလည်း ကိုယ့်ကိုယ်ကို Winner ရမယ်လို့ မထင်ထားဘူး၊ မျှော်လည်း မမျှော် မှန်းထားဘူး၊ လိုချင်လားလို့မေးရင်တော့ မလိုချင်တာတော့ မဟုတ်ပါဘူး၊ လိုချင်တာပေါ့၊ Winner ဆုကိုလေ။ ရန်ကုန်မှာလည်း အိမ်မရှိတော့ အိမ်ရမှာလေ။ ကွက်တိပဲပေါ့။ ငါ Winner ရမယ်လို့တော့ စိတ်ထဲမထားဘူး။ ဒါပေမယ့် ခရစ္စမတ်နေ့မှာတော့ ဘုရားသခင်ကို ဆုတောင်းခဲ့တယ်။ သမီး ဒီ Winner ဆုကို ခရစ္စမတ်လက်ဆောင်အနေနဲ့လိုချင်တယ်။ ဒါပေမယ့် ဘုရားသခင်အလို တော်အတိုင်း ဖြစ်ပါစေဆိုပြီး ဘုရားသခင်ထံ ဝန်ခံခဲ့တယ်။ ဘာသာရေးအနေနဲ့ ပြောတာတော့ မဟုတ်ပါဘူး။ သမီးရဲ့ ဒီဖြစ်တည်မှုကို ဒီမှာ ဖွင့်ချရင်း ဆု တောင်းတာပါ။ ပထမဆုံး မိန်းကလေး Winner ဖြစ်တဲ့အတွက် စကားလုံးနဲ့ ဖော်ပြလို့မရအောင် အလွန် ကျေနပ်ဝမ်းသာပါတယ်။

 

မေး။ ။အခုလို ထိုက်တန်စွာရရှိခဲ့တဲ့ အောင်မြင်မှုအတွက် ညီမလေး ဆက်လက်လုပ်ဆောင်မယ့် အရာတွေကရော။

 

ဖြေ။ ။ တစ်နေ့နေ့ကျရင် Winner ရမယ်ဆိုတဲ့ အိပ်မက်ကြီး၊ မမှန်းရဲခဲ့တဲ့ အရာကြီးတစ်ခုက ဒီနေ့ တကယ်ဖြစ်ရတော့ ပျော်နေပါတယ်။ အခုအချိန်ထိကို မယုံနိုင်သေးပါဘူး။ သုံးကြိမ်တိုင်တိုင် စံချိန်တင် Bottom ထိုင်ခဲ့ ရပြီးမှ Winner ဆုကြီး ရခဲ့တဲ့အတွက် အများကြီး ဝမ်းသာပါတယ်။ ဆုကြေး ငွေတွေကိုတော့ သမီး ဒီလိုလေးလုပ်ဖို့ စဉ်းစားထားတယ်။ မိဘမဲ့ ကလေးငယ် တွေအတွက် အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးသွားမယ်။ မေမေ ဆေးကုဖို့ အတွက် သုံးမယ်။ TOP3 Finalist မောင်နှမတွေကို ၁၀ သိန်းစီ မျှဝေပေးမယ်၊ ၁၀ ပုံပုံရင် နှစ်ပုံကို သမီး မစ်ရှင်မှာ လုပ်မယ်။ ပြီးတော့ ပနီဆုံမှာ ဘုရား ကျောင်းဆောက်ထားတာရှိတယ်။ အဲဒါကို ပြီးအောင်ဆောက်မယ်။ မြန်မာနိုင်ငံ မှာရှိတဲ့ သမီးလက်လှမ်းမီသလောက်ပေါ့။ မိဘမဲ့ကလေးတွေကို သူတို့ဘက် ကနေ ရပ်တည်ပြီး သမီးလိုမျိုးပဲပေါ့၊ သူတို့ ဝါသနာပါတဲ့ ဘယ်အရာပဲဖြစ်ဖြစ်၊ အနုပညာပဲဖြစ်ဖြစ်၊ ပညာရေးပဲဖြစ်ဖြစ် ပံ့ပိုးပေးမယ်။ ထူးချွန်ပြောင်မြောက်တဲ့ ကလေးတွေအနေနဲ့ဖြစ်အောင် အများကြီး မွေးမထုတ်ပေးနိုင်ဘူးဆိုရင်တောင် အနည်းဆုံး ၁၀ ယောက်လောက်တော့ မွေးထုတ်ပေးချင်တယ်။ တစ်ခုခုဆို သူတို့ဘက်ကနေ ရပ်တည်သွားရင်း Supporting ပေးဖို့ အမြဲရှိနေသွားမှာပါ။ သူတို့ရဲ့ မိခင်အနေနဲ့ ရပ်တည်ချင်ပါတယ်။ အမေက ကျောင်းဆရာမဆိုတော့ နယ်ပြန်ပြီး အမေလုပ်ခဲ့တဲ့ ကျောင်းနှစ်ကျောင်းက ကလေးတွေ အတွက်လည်း လုပ်ပေးချင်တယ်။ အမေက ပြောတယ်။ သူတို့က ဆရာမရဲ့သမီးလေး MMID မှာ ဝင်ပြိုင်တယ်ဆိုပြီး သူတို့ရတဲ့မုန်ဖိုးလေးတွေကို စုပြီး Voting တွေပေးကြ တယ်၊ အိမ်ကို သူတို့ကိုယ်တိုင်လာပြီး Voting တွေပေးကြတယ်တဲ့။ သူတို့ အတွက်လည်း တစ်ခုခု အမေတို့နဲ့တိုင်ပင်ပြီး လုပ်ပေးချင်ပါတယ်။ သူတို့ကို လည်း ဒီကနေ ကျေးဇူးတင်ပါတယ်။ သမီးက ဂီတလမ်းကြောင်းမှာ ပထမဆုံး ခြေလှမ်းစတင်ခဲ့ပြီလေ။ ရှေ့ဆက်ပြီး တဖြည်းဖြည်း သင်ယူစရာတွေရှိတာ တွေကို သင်ယူပြီး စီနီယာတွေဆီကလည်း ပညာတွေ ယူရဦးမှာဖြစ်ပါတယ်။ နှိမ့်ချခြင်းနဲ့လည်း သွားရမယ်။ ဆုတောင်းခြင်းနဲ့လည်း သွားရမယ်။ ဒီထက် အများကြီး ပိုပြီးကြိုးစားဖို့လည်း လိုအပ်ပါသေးတယ်။

 

မေး။ ။အက်စတာ့ကို အားပေးတဲ့ ပရိသတ်တွေအတွက် လက်ဆောင်စကား လေးပြောပါဦး။

 

ဖြေ။ ။သမီးရဲ့ကြိုးစားမှုတိုင်းကို ပရိသတ်အတွက် အမြဲ ဦးစားပေးပြီး လုပ် ဆောင်သွားပါ့မယ်။ ခုချိန်မှာ သမီးလိုချင်တဲ့အိပ်မက်‌တွေ အကောင်အထည်ဖော်ခဲ့ပြီး အလွန်ဝမ်းသာ‌နေပါတယ်။ သမီးကို အင်နဲ့အားနဲ့ အားပေးခဲ့၊ ပံ့ပိုးပေးခဲ့ကြတဲ့ fan တွေ၊ ပရိသတ်တွေ အားလုံးကို အတိုင်းအဆမရှိ ကျေးဇူး တင်ရပါကြောင်း ပြောပါရစေနော်။ ။

ကိုလင်း