“ပျံကျကူလီ” ရုပ်ရှင်ဇာတ်ကားကို ဇန်နဝါရီ ၁၆ ရက်တွင် ရုံတင်ပြသမည်

ရန်ကုန် ၄ ဇန်နဝါရီ

 

“ပျံကျကူလီ” ရုပ်ရှင်ဇာတ်ကား၏ အထူးရုပ်ရှင်ပြပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံတွင် ပြသပြီး ဇန်နဝါရီ ၁၆ ရက်တွင် တစ်နိုင်ငံလုံးရှိ အဆင့်မြင့် ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမည်ဟု သိရသည်။

 

ဤရုပ်ရှင်ဇာတ်ကားတွင် ဇာတ်ညွှန်း နေစိုးသော်၊ ဇာတ်လမ်း ဈာန်သခင်သွေး၊ ဒါရိုက်တာ စတီးလ်၊ သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူ၊ ထွန်းကိုကို၊ ကောင်းပြည့်၊ ခင်လှိုင်၊ ဒိန်းဒေါင်၊ ထူးခြား၊ ရွှေမှုံရတီ၊ ရတနာဗို၊ ထားထက်ထက်၊ မှူးသခင်ကို၊ အကယ်ဒမီ ဝါဝါအောင်၊ ဆုရှိုင်း၊ ဆင်မနှင့် သရုပ်ဆောင်များစွာ ပါဝင်ပြီး ပါဝါကင်းရုပ်ရှင် ထုတ်လုပ်ရေးက ထုတ်လုပ်ထားသည်။

 

mdn

 

“ဒီဇာတ်ကားထဲမှာ ကျွန်တော်တို့လေးယောက် ကျွန်တော်ရယ်၊ ကောင်းပြည့်၊ ခင်လှိုင်နဲ့ ဒိန်းဒေါင်တို့က ရန်ကုန်သီရိမင်္ဂလာဈေးထဲမှာ ကုန်ထမ်းတဲ့ အခြေခံလူတန်းစား ဘဝလေးတွေရဲ့ ကာရိုက်တာ၊ ကူလီတော့ ကူလီပဲ၊ ပျံကျကူလီဆိုတာက တစ်သတ်မှတ်တည်း မဟုတ်ဘဲ၊ တွေ့ရာအလုပ်ကို လုပ်ရတာ၊ တကယ့်ကို အပြင်မှာရှိတဲ့ အခြေခံလူတန်းစားတွေရဲ့ ဘဝကို ရိုက်ထားတာ၊ ကုန်ကားကြီး ဆိုက်လာရင် အဲဒီမှာပဲ ကုန်ထမ်းအလုပ်သမားတွေနဲ့အတူ သဘာဝကျကျ ရိုက်ထားတာပါ၊ အခြေခံလူတန်းစားတွေ တစ်နေ့တာအတွင်းမှာ ဘယ်လိုပင်ပန်းခံ ရုန်းကန်နေရလဲဆိုတာရယ်၊ သူတို့မှာ ဒီလိုအလုပ်လုပ်ပေမယ့် သူများကို ကူညီတတ်တဲ့စိတ်လေးတွေရှိတယ်၊ သူတို့နှလုံးသားက ဖြူစင်တယ် အဲဒါကို ရိုက်ထားတာပါ၊ ဒီကားမှာ ကျွန်တော်တို့ကြိုးစားထားပါတယ်”ဟု သရုပ်ဆောင် ထွန်းကိုကိုက ပြောသည်။

 

သန့်ဇင်ဝင်း