ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်တွင် အဝေးထိန်းရဟတ်ယာဉ်သရုပ်ပြ ပြိုင်ပွဲကို ပထမဆုံး အကြိမ်ကျင်းပမည်

မန္တလေး ၁၆ အောက်တိုဘာ

 

ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်တွင် အဝေးထိန်း လေယာဉ်ငယ်များ ပြပွဲ၊ ပြိုင်ပွဲတွင် အတားအဆီးဖြတ်ကျော်ပြိုင်ပွဲနှင့် အဝေးထိန်း ရဟတ်ယာဉ်သရုပ်ပြ ပြိုင်ပွဲကို ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း အဝေးထိန်းလေယာဉ်ငယ်များ ပြပွဲ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။

 

အဝေးထိန်းလေယာဉ်ငယ် RCMA(Radio Control  Model Aircraft) ပျံသန်းမှုပြပွဲနှင့် ပြိုင်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၀ ရက်နေ့ အထိ ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော် ကွင်းအတွင်း ကျင်းပပြုလုပ်သွားမည် ဖြစ်သည် ။

 

" ခုက နည်းပညာတွေက တစ်နေ့တခြားတိုးတက်လာတယ်။ ခေတ်နဲ့ညီအောင် လူသားတွေ အကျိုးပြု လုပ်ငန်းတွေလုပ်လာနိုင်အောင်ပါ။ ဆေးဝါးတွေပို့တာ၊ ကျန်းမာရေးစောင့်ရှောက်မှု ပစ္စည်းတွေပို့တဲ့နေရာမှာ ဒရုန်းတွေနဲ့ပို့လို့ရတယ်ဆိုတာကို ပြချင်တာပါ။ လေကြောင်းပညာရပ်မှာ ပိုပြီးတော့ ဆန်းသစ်မှုတွေကို လူ့စွမ်းအားအရင်မြစ်တွေဖော်ထုတ်နိုင်ဖို့ပါ '' ဟု ပွဲကျင်းပရေးကော်မတီမှ ကိုအောင်ကျော်သူ (ဝေဟင်) ကပြောသည်။

 

နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိသည့် ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲတော် တွင်  အဝေးထိန်းလေယာဉ်ငယ် RCMA(Radio Control  Model Aircraft) ပျံသန်းမှုပြပွဲနှင့်ပြိုင်ပွဲ ကို ထည့်သွင်း ကျင်းပပြုလုပ်လာသည့်မှာ ယခုအကြိမ်မြောက်သည် စတုတ္ထအကြိမ်မြောက်ရှိခဲ့ပြီ ဖြစ်သည် ။

 

အဝေးထိန်းလေယာဉ်ငယ် RCMA(Radio Control  Model Aircraft) ပျံသန်းမှုပြပွဲနှင့်ပြိုင်ပွဲ စတင် ကျင်းပမည့်နေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် ASEAN CLUB,Myanmar PPG Club မှ Paramotor များမှ  အုပ်စုဖွဲ့ပျံသန်းခြင်း၊နိုဝင်ဘာလ (၉) ရက်၊(၁၀)ရက်နေ့များတွင် လေယာဉ်များ အလှပြ ပျံသန်းခြင်းနှင့်ပြိုင်ပွဲ၊ဝါသနာရှင်  တည်ဆောက်ဆန်းသစ်တီတွင်မှုပြပွဲနှင့်ပြိုင်ပွဲများ ပြုလုပ်ခြင်း၊ စိတ်ကြိုက် သရုပ်ပြပြိုင်ပွဲနှင့်   အတားအဆီးဖြတ်ကျော်ပြိုင်ပွဲ၊  လေယာဉ် စီးချင်းတိုက်ပွဲ (Dog  Fight for  Beginners)   ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

 

ပြိုင်ပွဲကို ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော် မီးပုံပျံကွင်းတွင်ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်ရောက်လိုသူများအနေဖြင့် အောက်တိုဘာလကုန်ထိ စာရင်ပေးသွင်းနိုင်ကြောင်း၊ လက်ရှိအချိန်ထိ ပြိုင်ပွဲဝင် ၄၀ ကျော်စာရင်းပေးထားပြီးဖြစ်ကြောင်း၊ ဆုကြေးငွေများချီးမြင့်ခြင်း၊ နေထိုင်စားသောက်မှုများ၊ ဝတ်စုံများစီစဉ်ပေးသွားမည်ဖြစ်ကြောင်း အဝေးထိန်းလေယာဉ်ငယ်များ ပြပွဲ၊ ပြိုင်ပွဲကျင်းပရေးကော်မတီကသိရသည် ။

 

သူရိန်လင်း