ပြင်ဦးလွင်မြို့ရှိ ဒီဇင်ဘာ ရေတံခွန်ပန်းဥယျာဉ်တွင် ရုံးပိတ်ရက်များ၌ လာရောက်လည်ပတ်သူများဖြင့် စည်ကားနေ

ပြင်ဦးလွင် ၁၁ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့သည် အလွန်အေးချမ်းသာယာလှပသည့် တောင်ပေါ်မြို့လေးတစ်ခုဖြစ်၍ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်တစား လာရောက်အပန်းဖြေ အနားယူကြလေ့ရှိကြောင်း သိရပြီး ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းက ပြင်ဦးလွင်မြို့ရှိ ဒီဇင်ဘာရေတံခွန်ပန်းဥယျာဉ်တွင် လာရောက်အပန်းဖြေ အနားယူကြသည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်ကားများပြားလျက်ရှိနေကြောင်း သိရသည်။

 

6

 

အဆိုပါ ပြင်ဦးလွင်မြို့ရှိ ဒီဇင်ဘာရေတံခွန်ပန်းဥယျာဉ်သို့ လာရောက်အပန်းဖြေအနားယူကြသည့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များသည် ရေတံခွန်ပန်းဥယျာဉ်အတွင်း သရုပ်ဖော်စိုက်ပျိုးထားသည့် ရောင်စုံပန်းပင်များ၏ ရှုခင်းများနှင့် ရေတံခွန်ရှိသည့်နေရာများတွင် အမှတ်တရ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်း၊ ရေတံခွန်ချောင်းအတွင်း လှေစီး၍ ဆော့ကစားခြင်း၊ ပန်းဥယျာဉ်အတွင်း နေရာစုံအနှံ့ မော်တော်ယာဉ်များဖြင့် လည်ပတ်၍ အနားယူအပန်းဖြေခြင်းများကို နှစ်ခြိုက်သဘောကျပြီး လာရောက်လည်ပတ်လေ့ရှိကြောင်း သိရသည်။

 

89

 

“ကျွန်တော်တို့ ပြင်ဦးလွင်မြို့က အလွန်အေးချမ်းသာယာလှပတဲ့ တောင်ပေါ်မြို့လေးတစ်ခုဖြစ်ပါတယ်။ တစ်ချို့ကတော့ ကျွန်တော်တို့မြို့ကို ရောင်စုံပန်းတွေ ပေါများတဲ့ဒေသမို့ ပန်းမြို့တော်လို့လည်း ခေါ်ဝေါ်ကြပါတယ်။ ယခုလို စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ ကျွန်တော်မြို့က ဒီဇင်ဘာ ရေတံခွန်ပန်းဥယျာဉ်ကို ပြည်တွင်းခရီးသွား ဧည့်သည်တွေ လာရောက်အပန်းဖြေ အနားယူကြပါတယ်။ ဒီရေတံခွန်ပန်းဥယျာဉ်မှာ အပန်းဖြေအနားယူလို့ကောင်းတဲ့ စားသောက်ဆိုင်တွေ၊ အမှတ်တရ ဓာတ်ပုံရိုက်လို့ကောင်းတဲ့ ရောင်စုံပန်းအလှစိုက်ခင်းတွေ၊ ရေတံခွန်တွေနဲ့ ကလေးကစားကွင်းတွေ ရှိပါတယ်။  ပန်းဥယျာဉ်အတွင်း ဓာတ်ပုံရိုက်ကူးမယ်ဆိုရင်တော့ ပန်းစိုက်ခင်းတွေကြားဝင်ပြီး ဓာတ်ပုံရိုက်ခွင့်မရှိပါဘူး။ ပန်းပင်တွေ ပျက်စီးမှာစိုးလို့ လျှောက်လမ်းတွေကပဲ ရိုက်ခွင့်ပေးထားပါတယ်။ လာရောက်လည်ပတ်သူများအနေဖြင့် ပန်းဥယျာဉ်အတွင်း ခြေလျင်မသွားချင်ဘူးဆိုရင်လည်း အဆင်ပြေစွာ လည်ပတ်လို့ရအောင် မော်တော်ယာဉ်တွေ စီစဉ်ထားပါတယ်။ ဒီဇင်ဘာဥယျာဉ်ခြံထွက် ဒီဇင်ဘာနို့မလှိုင်မုန့်၊ စတော်ဘယ်ရီသီးများနဲ့ ဒေသရိုးရာ အစားအစာများကိုလည်း ဝယ်ယူစားသုံးနိုင်ပါတယ်။ ဒီနေ့က စနေနေ့ရုံးပိတ်ရက်ဖြစ်လို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်တွေ မော်တော်ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လာရောက်အပန်းဖြေ အနားယူသူတွေများလို့ အရမ်းစည်ကားနေပါတယ်”ဟု ဒီဇင်ဘာ ရေတံခွန်ပန်းဥယျာဉ်တွင် အလုပ်လုပ်ကိုင်သည့် ဝန်ထမ်းတစ်ဦးက ပြောပြသည်။

 

8

 

ရဲဝင်းနိုင် (ညောင်ဦး)