ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စတော်ဘယ်ရီစိုက်ခင်းများတွင် နောက်ပိုင်းဈေးကွက် ကျဆင်းလျက်ရှိ

ပြင်ဦးလွင် ၆ မေ

 

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စတော်ဘယ်ရီ စိုက်ခင်းများတွင် ခေတ်မီရေပန်းစနစ်ကို အဓိကအားထား အသုံးပြု၍ တွင်ကျယ်စွာ စိုက်ပျိုးလျက်ရှိရာ ယခုနှစ် စတော်ဘယ်ရီ နောက်ပိုင်းဈေးကွက် ကျဆင်းလျက်ရှိကြောင်း သိရသည်။

 

စတော်ဘယ်ရီကို စက်တင်ဘာလတွင် စတင်စိုက်ပျိုးကာ ဒီဇင်ဘာလတွင် စတင်ခူးဆွတ်ကြသည်။ ဈေးအတက်အကျ ပေါ်မူတည်ကာ အကျိုးအမြတ်ကွာခြားသွားသည်။ စတော်ဘယ်ရီ စိုက်ပျိုးသူများ နှစ်စဉ် အကျိုးအမြတ်ရှိသော်လည်း ယခုနှစ် COVID-၁၉ ရောဂါဖြစ်ပွားသည့်အတွက် နောက်ပိုင်း ဈေးကွက်ပျက်ကာ အရောင်းအဝယ်အေးသည့် အနေအထားဖြင့် ရင်ဆိုင်ခဲ့ရသည်။ လက်ရှိကာလ စတော်ဘယ်ရီ နောက်ပိုင်းဈေးကွက်မှာ တစ်ပိဿာလျှင် ငွေကျပ် ၁၄၀၀ ကျပ် ငါးပိဿာသာ တစ်ကန်လျှင် ငွေကျပ် ၇၀၀၀ ဖြင့် ရောင်းချနေရပြီး ယခင်နှစ်က စတော်ဘယ်ရီ နောက်ပိုင်းဈေးကွက်မှာ ငါးပိဿာကန်တစ်ကန်လျှင် ငွေကျပ်တစ်သောင်းကျော် ရောင်းချရကြောင်း သိရသည်။

 

စတော်ဘယ်ရီ တစ်ဧကစိုက်ပျိုးထားပါက စတော်ဘယ်ရီလှိုင်လှိုင်ပေါ်ချိန် တစ်နေ့အနည်ဆုံး ငါးသိန်းဖိုးအထိ ခူးဆွတ်ရပြီး တစ်ခင်းလျှင် နှစ်ရက်ခြားတစ်ကြိမ် ခူးဆွတ်ပေးရကြောင်း၊ စတော်ဘယ်ရီ စိုက်ခင်းအများစုက ဧပြီလနောက်ပိုင်း မေလကုန်အထိ ခူးဆွတ်ရကာ လက်ရှိကာလတွင် စတော်ဘယ်ရီ စိုက်ခင်းအများစုမှာ ခေတ်မီရေပန်းစနစ်ကို အသုံးပြုကြောင်း ပြင်ဦးလွင်မြို့နယ် ကျွဲနွားထောက်ကျေးရွာမှ စတော်ဘယ်ရီ စိုက်ပျိုးသူတစ်ဦးက ရှင်းပြသည်။       

  

တိမ်တမန်