ပြင်ဦးလွင် ထင်းရှုးတောထဲ လမ်းလျှောက်ထွက်မယ်

၁၂ ဒီဇင်ဘာ

ပြင်ဦးလွင်ကို အခါပေါင်းများစွာ ကျွန်တော် ရောက်ခဲ့လည်း လည်ပတ်စရာနေရာတွေက အသစ်အသစ်တွေနဲ့ မကုန်နိုင်မခန်းနိုင်အောင် ဖြစ်နေရတာကိုက ပြင်ဦးလွင်ကိုပိုချစ်တဲ့စိတ် တိုးလာစေသလားပဲ။ ပြင်ဦးလွင်မြို့ရဲ့ ရာသီ ဥတုလေးက ဟိုတုန်းကထက်စာရင် ပူလာတယ် ဆိုကြပေမယ့်လည်း ခုတိုင်အနယ်နယ် အရပ်ရပ်က ခရီးသွားတွေကို အေးမြလန်းဆန်း မှုတွေ ပေးနိုင်နေတုန်းပါပဲ။ အဓိကက ထင်းရှူးတောကြီးတွေ အကုန်ပျက်သုဉ်းမသွားသေး တာကြောင့်လို့ဆိုရပါမယ်။ 

 

2

 

ထင်ရှူးတောတွေရဲ့ တန်ဖိုးက ခုမှပိုသိလာရတဲ့အဖြစ်ပါ။ အရင်ကဆို မန္တလေးကနေ ပြင်ဦးလွင်တက်ဖို့ အုန်းချောလောက်ကနေ စိမ့်ခနဲခံစားလိုက်ရတာမျိုး။ ခုတော့ အနီးစခန်းရောက်လည်း မအေးနိုင်တော့ဘူးရယ်။ ဒီတော့လည်း ဟိုတုန်းက ပြင်ဦးလွင်အရသာမျိုး ခံစားရဖို့ ကျွန်တော်ဟာ ဒီတစ်ခေါက်တော့ မြို့နဲ့ခပ်လှမ်းလှမ်းက ထင်းရှူးတောတွေဘက်ကို Trekking လျှောက် ဖြစ်ခဲ့ပါတယ်။

“သလဲသီးများနဲ့ စတော်ဘယ်ရီ 
ချယ်ရီမြိုင်၊ ထင်းရှူးတန်းနဲ့ 
စိန်ပန်းပြာပန်းမြို့တော်ဝယ် 
အိမ်ကလေးများတွေ့ရမယ် 
ဆိုစကားတွေများကြားတော့ 
ကိုယ်လာစမ်းချင်တယ် 
ပန်းလိုလှတဲ့သူရယ် မျှော်နေစမ်းကွဲ
တောင်လှေကားမြို့တော်ဝယ်...” 

သီချင်းလေးထဲကလို သလဲသီးကလွဲရင် အကုန်တွေ့ရပေမယ့် Trekking လေးမို့ ကျွန်တော် လျှောက်ရတာ အတော်ပျော်ခဲ့ပါတယ်။

Trekking ဆိုရင် ကြောက်တယ်တဲ့လား ခရီးသွားတွေမှာ အမျိုးမျိုးရှိတယ်။ တချို့ ကလည်း စွန့်စွန့်စားစား ကိုယ်လက်လှုပ်ရှား ချွေးသန်တရွှဲရွဲမှ ခရီးသွားတယ်လို့ စိတ်ထဲခံစားရတာမျိုး၊ တချို့ကျတော့လည်း ပေါ့ပေါ့ ပါးပါး နားနားနေနေ သောက်သောက်စစားမှ ခရီးသွားရတာ ကျေနပ်သွားသလိုမျိုးပေါ့။

 

3

 

ကိုယ့်ခံယူချက်နဲ့ ကိုယ်ခရီးသွားနေကြတာပဲမို့ ဝေဖန်စရာမရှိပါဘူး။ ခုနောက်ပိုင်းမှာ လူငယ်တွေ Trekking ဆိုတဲ့ လမ်းလျှောက်ခရီးစဉ်တွေကို ပိုစိတ်ဝင်စားလာကြတယ်။ ရှမ်းပြည်နယ်အနှံ့ကတော့ Trekking လုပ်လို့ အကောင်း ဆုံးပဲ။ သိပ်မလျှောက်ဖြစ်ကြသေးတာက ပြင်ဦးလွင်ဘက်ပါ။ ပြင်ဦးလွင်က အရင်က Trekking တွေ တော်တော်လုပ်ဖြစ်ခဲ့ပေမယ့် ပြည်တွင်းခရီးသွားတွေကြားမှာ သိပ်မသိကြသေးဘူး။ ပြင်ဦးလွင်ကို ပန်းလေး တွေနဲ့ အနုအရွမြို့လေးလို့ပဲ ထင်နေကြတုန်း။ တကယ်တော့ ပြင်ဦးလွင်တစ်ဝိုက်မှာလည်း လမ်းလျှောက်လည်ပတ်ချင်စရာ တောတွေ၊ တောင်တွေ၊ ရေတံခွန်နဲ့ ရွာတွေအများကြီးရှိပါတယ်။ ဟောအခုထပ်တိုးလာပြီ ထင်းရှူးတော လမ်းလျှောက်ခရီးစဉ်တဲ့။ ကျွန်တော် သွားကြည့်တာ မပင်ပန်းဘဲ ပေါ့ပေါ့ပါးပါး အေးအေးစိမ့်စိမ့်နဲ့ သွားလို့ကောင်းတဲ့အတွက် ပင်ပင်ပန်းပန်းကြီး မကြိုက်သူတွေတောင် စမ်းကြည့်နိုင်တဲ့ Trekking တစ်ခုဖြစ်ပါတယ်။

မြို့ရှောင်လမ်း ထင်းရှူးတော ရောက်ဖူးတယ်လေ.. အတူတူပဲလား မတူပါဘူး။ မြို့ရှောင်လမ်းထင်းရှူးတော ဘက်ကိုလျှောက်တာမဟုတ်လို့ တမူကွဲပြတဲ့တောင်တက်တောင်ဆင်းအရသာလေးတွေ၊ ရှမ်းရွာလေးတွေရဲ့ ဓလေ့တွေ၊ စိုက်ခင်းတွေနဲ့ ပန်းအလှတွေကို မြင်ကြရမှာပါ။ ပြင်ဦးလွင် ထင်ရှူးတောလမ်းလျှောက်ခရီးစဉ် ဘယ်လိုသွားသလဲ ကျွန်တော်က ပြင်ဦးလွင်လာတိုင်း သီဟဗလဟိုတယ်မှာပဲ တည်းဖြစ်ပါတယ်။ သီဟဗလဟိုတယ်ကို ခရီးစဉ် အသစ်အဆန်း စိတ်ဝင်စားရင် Cherry Hill May Myo Toursရဲ့ ထင်းရှူးတော Trekkingအစီအစဉ် သစ်လေးကို မြင်လို့ လျှောက်ဖြစ်သွားတာပါ။ ဒီခရီးစဉ်ကို စိတ်ဝင်စအရင် Cherry Hill May Myo Tours နဲ့ ချိတ်ဆက်နိုင်သလို သီဟဗလ ဟိုတယ်နဲ့လည်း ချိတ်ဆက်နိုင်ပါတယ်။

တစ်ဦးတည်းဆိုရင်တော့ သုံးသောင်းကျပ်၊ နှစ်ဦးကနေ ငါးဦးထိဆိုရင် တစ်ဦးကို နှစ်သောင်းခွဲကျပ်၊ ငါးဦးနဲ့ အထက်ဆို နှစ်သောင်းကျပ်နဲ့ ဝန်ဆောင်မှုပေးတယ်။ Local Guide ပါတယ်။ နေ့လယ်စာပါတယ်။ ကားအကြိုအပို့ပါတယ်။ ခရီးစဉ်အတွက်ပေးရတဲ့အချိန်ကလည်း နေ့တစ်ဝက်လောက်ပဲမို့ တခြားလည်စရာရှိတာတွေပါ ဆက်လည်လို့ ရသေးတာ အဆင်ပြေတယ်။ သူတို့ရဲ့ ခရီးစဉ်မှာကိုပဲ ဒီ Trekking ပြီးတာနဲ့ တော်ဝင်နှင်းဆီခြံဆိုတဲ့ နှင်းဆီတွေ အမျိုးအစားစုံ စိုက်ပျိုးထားတဲ့ သိပ်လှတဲ့ ခြံကြီးရယ်။ စည်သာကော်ဖီခြံ အဲဒီထဲမှာလည်း လည်စရာများတယ်။ ဟိုးအတွင်းထိ လမ်းလျှောက်ပြီး လျှောက်ကြည့်လို့ရသေးတယ်။ ပြီးတော့ The Croft Organic Farm တွေပါ ပို့ပေးဦးမှာဆိုတော့ တန်တယ်ပြောရမယ်။ ပန်းခြံဝင်ကြေးတွေတော့ ကိုယ့်ဘာသာကိုယ် ပေးရတယ်။ စည်သာဆိုလည်း ကော်ဖီဆိုင်ပဲဆို မပေးရဘူး။ အတွင်းထဲဝင်မယ်ဆို ပေးရတယ်။ TheCroft လည်းပေးရတယ်။ နှစ်ထောင်ကျပ်စီ ပေးရမယ်။

ကိုယ်တွေ့ ထင်းရှူးတော Trekking မနက် ၉ နာရီလောက်မှ ဟိုတယ်မနက်စာ စားပြီး ကိုယ်လက်သန့်စင်အပြီး အေးဆေးလေး ဟိုတယ်ကို ကားလာကြိုပေးတာမို့ အဲ့ဒီကနေ စထွက်ပါတယ်။ ဒီခရီးစဉ်လေးမှာ အစအဆုံးလိုက်ပြီး လမ်းပြကူညီပေးတာကတော့ သိပ်ဖော်ပြီး ရှင်းပြတာတော်တဲ့ ဒေသခံဧည့်လမ်းညွှန် ကိုစိုင်းကျပ်ပေါ့ဗျာ။ ထင်းရှူးတောတွေဆီကို တန်းရောက်တာ မဟုတ်ပါဘူး။ရွာလေးတွေကို အရင်ရောက်တာ ပါ။ ရွာလေးတွေကနေမှ ရွာရဲ့လူမှုဘဝတွေကို လေ့လာရင်း တောတောင်တွေဘက်ကို လမ်းလျှောက်ကြတာဖြစ်ပါတယ်။ ထင်းရှူး တောထဲချည်းပဲ သွားနေရရင်တော့ ပျင်းစရာကြီးလို့ တွေးခဲ့မိတာ။ တကယ်တမ်း ကျတော့ ထင်းရှူးတောတွေထဲ ဖြတ်လိုက် ရွာလေးတွေထဲဝင်ပြီး စတော်ဘယ်ရီစိုက်ခင်း၊ ဟင်းသီးဟင်းရွက် စိုက်ခင်းလေးတွေဖြတ်ပြီး သွားရသေးတယ်။ လမ်းမှာ Macadamia ဆိုတဲ့ ချောကလက်ထဲ အစေ့ထည့်တဲ့ အစေ့ပါတဲ့အသီးတွေကိုလည်း ဗဟုသုတ မြင်ကြရသေးသလို၊ ခုလိုအချိန်ဆို နေကြာရိုင်း အဝါတစ်လမ်းလုံးပွင့်နေတဲ့ လမ်းလှလှလေးတွေလည်း လျှောက်ရသေးတယ်။ ကျွန်တော် သွားတဲ့အချိန်က ချယ်ရီမပွင့်သေးလို့ မဟုတ်ရင် လမ်းတစ်လျှောက် ချယ်ရီပင်တွေ လည်း အများကြီးတွေ့တော့ ပွင့်ချိန်ဆို ချယ်ရီလမ်းလေးတွေ ဖြစ်နေဦးမှာ သေချာတယ်။ ဒီဇင်ဘာလဆို ချယ်ရီတွေပွင့်ဖို့ မျှော်လင့်ရပြီ။ မက်မန်းပင်ကြီးတွေပါ အခင်းလိုက် မြင်ရဦးမှာဆိုတော့ အတော်စုံအောင် လေ့လာခွင့်ရမယ့် လမ်းလျှောက်ခရီးစဉ်ပါ။ နေ့ခင်း ထမင်းကိုတော့ ထင်းရှူးတောလေးမှာ သဘာဝဆန်ဆန်ပဲစားကြတယ်။ ပြီးတာနဲ့ ထင်းရှူးတောခရီးစဉ်ရဲ့ အဆုံးသတ် တောကြီးကြီးထဲဝင်ပြီး သဘာဝရဲ့ အေးမြမှုကို ထင်းရှူးပင်တွေအောက် ခံစားရင်း ထင်းရှူး တွေရဲ့ အကျိုးကျေးဇူးကို လက်တွေ့ခံစား လိုက်ကြတယ်။

ထင်းရှူးတွေက ထိန်းသိမ်းထားတာမို့ ထင်းရှူးဆီခြစ်ယူတဲ့ ပုံစံကိုလည်း တွေ့မြင်ကြ ရတယ်။ ထင်းရှူးဆီလေးတွေ အိတ်ထဲကျနေတာကို လက်နဲ့ တို့ထိနမ်းကြည့်လိုက်တာ မွှေးနေတာပဲ။ စိတ်ကိုလန်းဆန်းသွားသလိုပဲ။ တချို့ထင်းရှူးပင်တွေကိုတော့ မီးမွှေး ထင်းရှူးဆီထုတ်ဖို့ မီးမြိုက်ခံထားရတာမျိုး မြင်ရတာတော့ ရင်ကွဲစရာပါ။ ဒီလို ထင်းရှူး တောကြီးတွေဖြစ်ဖို့ နှစ်ပေါင်း ၃၀ လောက် ကြာပါတယ်။ ရာသီဥတုနဲ့ ဂေဟစနစ်အတွက် အရေးပါလွန်းလို့ ဝမ်းရေးအတွက် ဖြေရှင်းနေတာတွေကို ကျွန်တော်တို့ ဝိုင်းဝန်းစဉ်းစား ကြဖို့လိုပါပြီ။

ပြင်ဦးလွင်ကိုပဲ ခရီးထွက်ရတာကြိုက်တယ်။ ခဏခဏရောက်လို့ သွားနေကျ နေရာတွေလည်း မသွားချင် တော့ဘူး။ နောက်တစ်ခါ သွားနေကျနေရာတွေနဲ့ ခွဲထွက်ပြီး ဓာတ်ပုံလေးတွေ တင်ချင်တယ် ဆိုသူများအတွက်တော့ ပြင်ဦးလွင် ထင်းရှူးတော Trekking က ကွက်တိ အဆင်ပြေသွားမှာလို့ ဆိုချင်ပါတယ်။ အားလုံးပဲအစဉ်ဘေးကင်းလုံခြုံကျန်းမာ ပြည့်စုံပျော်ရွှင်စွာခရီးသွားနိုင်ကြပါစေ။

Thiha, the Traveller @ သီဟလုလင်