ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြရန်  အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်

ပွင့်ဖြူ  အောက်တိုဘာ    ၁၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဆေးထိုးစုရပ်များသို့ သွားရောက်ပြီး မဖြစ်မနေ ကာကွယ်ဆေး ထိုးနှံကြရန် အသိပေးနှိုးဆော်ခြင်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၈ ရက်က  ပွင့်ဖြူမြိုနယ် ကံဆွယ်ကျေးရွာနှင့် စေတကူကျေးရွာသို့ သွားရောက်ပြီး အသိပညာ ပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနှိုးဆော် ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရန်အတွက် မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) မဖြစ်မနေ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကို စက္ကန့်(၂၀)ကြာ စနစ်တကျ ဆေးကြောကြရန်၊ လူစုလူဝေး ပြုလုပ်ခြင်းများကို ရှောင်ကြဉ်ကြရန်၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွါခွါ နေထိုင်သွားလာကြရန်၊ ရောဂါပိုးကူးစက် ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူကြရန်၊ မိမိတို့နေအိမ်တွင် အသက်အရွယ် ကြီးရင့်သူများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံး စသည့် နာတာရှည်ရောဂါ တစ်ခုခု ခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်းကို မဖြစ်မနေ တပ်ဆင်ပေးပြီး လေဝင်လေထွက် ကောင်းသည့်နေရာတွင် နေထိုင်ပေးကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေး ဆေးထိုးစုရပ်များသို့ သွားရောက်ပြီး မဖြစ်မနေ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံကြရန်၊ ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက် လိုက်နာဆောင်ရွက်ကြရန်၊ ရောဂါကူးစက် ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး လမ်းညွှန်ချက်များကို ပြည်သူ များအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်တို့ကို ကျေးရွာတွင်း လှည့်လည်ကာ အသိပေး နှိုးဆော် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။ 

ရဲဝင်းနိုင် (ညောင်ဦး)