ပွင့်ဖြူမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် (Online Page)မှ တစ်ဆင့် ကလေးငယ်များအတွက် နှင်းဆီပန်းပွင့်ပုံ စက္ကူအရုပ်ခေါက်နည်း မျှဝေခြင်းအစီအစဉ် ပြုလုပ်ဆောင်ရွက်

ပွင့်ဖြူ  ၂၅  စက်တင်ဘာ       

 

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Covid – 19  ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မြို့နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်စေရန်နှင့် တီထွင်ကြံဆမှု အားကောင်းလာစေရန် ရည်ရွယ်၍ မြို့နယ်ပြည်သူ့ စာကြည့်တိုက်(Online Page)မှ တစ်ဆင့် စက္ကူ အရုပ်ခေါက်နည်း မျှဝေခြင်းအစီအစဉ်အား စက်တင်ဘာ ၂၅ ရက် ၊ ယနေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ယောစုကျေးရွာ မူလတန်းကြိုကျောင်းမှ ဆရာမ ဒေါ်နှင်းနှင်းအေးက မျှဝေသင်ကြားပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးမှ သိရသည်။

 

အဆိုပါ စက္ကူအရုပ်ခေါက်နည်း မျှဝေခြင်းအစီအစဉ်ကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ယောစုကျေးရွာ မူလတန်းကြို ကျောင်းမှ ဆရာမများနှင့်ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးစေရေးအတွက် ကာလာစက္ကူဖြင့် နှင်းဆီပန်းပွင့်ပုံခေါက်နည်း ၊ ငှက်ရုပ် ခေါက်နည်း ၊ သစ်သီးမျိုးစုံအရုပ်ခေါက်နည်း မီးပုံးအရုပ်ခေါက်နည်း ၊ တိရစ္ဆာန်အရုပ်မျိုးစုံခေါက်နည်းများကို မျှဝေသင်ကြား ပေးရန် စီစဉ်ဆောင်ရွက် ထားရှိကြောင်းနှင့် ယခုတစ်ပတ်တွင် ပွင့်ဖြူမြို့နယ်ယောစုကျေးရွာ မူလတန်းကြိုကျောင်းမှ ဆရာမ ဒေါ်နှင်းနှင်းအေးက ကာလာစက္ကူဖြင့် နှင်းဆီပန်းပွင့်ပုံ ပြုလုပ်နည်းအဆင့်ဆင့်ကို မျှဝေ သင်ကြားပေးခဲ့ကြောင်း သိရသည်။  အဆိုပါ စက္ကူအရုပ်ခေါက်နည်း မျှဝေခြင်းအစီအစဉ်ကို အပတ်စဉ် သောကြာနေ့တိုင်း  မြို့နယ်ပြည်သူ့စာကြည့်တိုက် (Online Page)မှ တစ်ဆင့် ကလေးငယ်များ လေ့လာနိုင်ရန် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်က ပြောသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)