ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးစပါးရာသီတွင် မိုးစပါးဧက ၇၁၀၈၇ ဧက လျာထား စိုက်ပျိုး ဆောင်ရွက်သွားမည်

ပွင့်ဖြူ   ၆  ဇူလိုင်  

   

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် မဲဇလီရေလွှဲဆည်ရေကို အမှီပြု၍ နှစ်စဉ် မိုးစပါးသီးနှံများ စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ် မိုးစပါးသီးနှံ စိုက်ပျိုးရာသီတွင်လည်း မိုးစပါးစိုက်ဧက ၇၁၀၈၇ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

 

မြို့နယ်အတွင်းရှိ ဒေခသံတောင်သူများ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ပျိုးထောင်ရေများ အဆင်ပြေစွာ ဖြန့်ဝေပေးနေကြောင်းနှင့် ဒေသခံ တောင်သူများကလည်း မိုးစပါး သီးနှံစိုက်ပျိုးရန်အတွက် ပျိုးထောင်ခြင်းများ ကြိုတင်ပြင်ဆင်ခြင်းနှင့် လယ်ယာမြေထွန်ယက်ပြုပြင်ခြင်းများ ဆောင်ရွက်လျက်  ရှိကြောင်း သိရသည်။ ဒေသခံတောင်သူများ မိုးစပါးသီးနှံ အထွက်နှုန်း တိုးတက်ကောင်းမွန်စေရေးအတွက် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်နှင့် ဝန်ထမ်းများက  သီးနှံအထွက်နှုန်း ကောင်းမွန်သော စိုက်ပျိုးရေးနည်း စနစ်များ အသိပညာပေးခြင်းနှင့် တောင်သူလယ်ယာသုံး သွင်းအားစုပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို ပြုလုပ်ဆောင် ရွက်ပေးလျက်ရှိသည့်အပြင် မြေဆီလွှာ ကောင်းမွန်ရေးနှင့် ပိုးမွှားရောဂါအန္တရာယ်ကင်းဝေးစေရေး ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများအား လယ်ယာစိုက်ခင်းများအရောက် သွားရောက်ပြီး ပညာပေးစည်းရုံးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အလားတူ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကလည်း ဦးစီးအရာရှိ ဦးရဲထွဋ်အောင်၏ အနီးကပ် ကြီးကြပ်မှုဖြင့် ဆည်ရေလုပ်သားများအဖွဲ့က ဒေသခံတောင်သူများ မိုးစပါး စိုက်ပျိုးရာသီတွင် စိုက်ပျိုးရေ အပြည့်အဝ ရရှိစေရေးအတွက် ဆည်ရေပေးဝေသော တောင်မုန်း မြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီး အပါအဝင် ရေလက်တံမြောင်းများ ကောင်းမွန်ရေး စဉ်ဆက်မပြတ် ရှင်းလင်းရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 “ ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်ဟာ မကွေးတိုင်းဒေသကြီးအတွင်းမှာ ဆန်စပါး အများဆုံး စိုက်ပျိုး ထုတ်လုပ်နိုင်တဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။ စိုက်ပျိုးရေ ပေါကြွယ်ဝမှုနှင့် ရာသီဉတုမျှတ ကောင်းမွန်မှုကြောင့် ရာသီအလိုက် စိုက်ပျိုးတဲ့ စပါးစိုက်ခင်းများဟာ အောင်မြင်ဖြစ်ထွန်းမှုလဲ ရှိပါတယ်။ အများဆုံး စိုက်ပျိုးတဲ့ စပါးမျိုးတွေကတော့ ဧရာမင်း ၊ မနောသုခ ၊ ဆင်းသုခ ၊ ပေါ်ဆန်းရင် စတဲ့ စပါးမျိုးတွေကို စိုက်ပျိုးကြတာဖြစ်ပါတယ်။ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီမှာ တစ်မြို့နယ်လုံး မိုးစပါး စိုက်ဧကအနေနဲ့ ၇၁၀၈၇ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပြီး တောင်သူများ သီးနှံ အထွက်နှုန်း တိုးတက်ကောင်းမွန်ရေးအတွက် ကျွန်တော်တို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များကို တောင်သူတွေ သိရှိအောင် အသိပညာပေးခြင်း လုပ်ငန်းတွေ ကြိုးပမ်း ဆောင်ရွက်နေပါတယ် ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင်မြင့်က ပြောပြသည်။  

 

ရဲဝင်းနိုင် ( ညောင်ဦး )