ပွင့်ဖြူမြို့နယ်၌ ကပ်ကြီး (၃) ပါးရန်အပေါင်းမှ ကင်းဝေးစေရေး ရှင်ဉပ္ပဂုတ္တမထေရ်မြတ် ဆီမီး ၃၀ဝ၀ မီးမျှောပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ပွင့်ဖြူ    ၁၂  နိုဝင်ဘာ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ပြည်သူများ ကပ်ကြီး (၃) ပါး ရန်အပေါင်းမှ ကင်းဝေးစေရန်အတွက် ရည်ရွယ် ကျင်းပပြုလုပ်သည့် ရှင်ဉပ္ပဂုတ္တမထေရ်မြတ် ဆီမီး (၃၀ဝ၀) မီးမျှောပူဇော်ပွဲ နိုဝင်ဘာ ၁၁ ရက်  ည ၈ နာရီက ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်အနီး မုန်းချောင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့မြို့နယ်မှာ ရှင်ဉပ္ပဂုတ္တမထေရ်မြတ် ဆီမီး ၃၀ဝ၀ မီးမျှောပူဇော်ပွဲ ကျင်းပလာတာ ယခုနှစ်ဆိုရင် (၂၆) ကြိမ် မြောက် ရှိသွားပြီဖြစ်ပါတယ်။ ရှင်ဉပ္ပဂုတ္တမထေရ်မြတ် ဆီမီး (၃၀ဝ၀) မီးမျှောပူဇော်ပွဲ ကျင်းပပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ မြို့နယ်မှာရှိတဲ့ ဒေသခံပြည်သူတွေ (ရေဘေး ၊ လေဘေး ၊ မီးဘေး) ကပ်ကြီးသုံးပါး ကင်းဝေးစေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုလို ကျင်းပနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်နေပြည်သူများ၊ စေတနာအလှူရှင်များက စေတနာသဒ္ဓါတရား ထက်သန်စွာနဲ့ အလှူငွေတွေ ထည့်ဝင်လှူဒါန်းပေးကြပါတယ်။ နောက်ပြီး ကျွန်တော်တို့ အနောက်ပိုင်းရပ်ကွက်မှာရှိတဲ့ လူငယ်မောင်မယ်များကလည်း မီးမျှောပူဇော်ပွဲအတွက် လိုအပ်သမျှ တက်တက်ကြွကြွနဲ့ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါတယ်။ ယခုနှစ်မှာဆိုရင် ရှင်ဉပ္ပဂုတ္တ မထေရ်မြတ် ဆီမီး (၃၀ဝ၀) မီးမျှောပူဇော်ပွဲ ကျင်းပဖို့အတွက် ငွေကျပ် (၂၅) သိန်းကျော်ခန့် ကုန်ကျခဲ့ပါတယ်" ဟု ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက် ရှင်ဉပ္ပဂုတ္တမထေရ်မြတ် ဆီမီး (၃၀ဝ၀) မီးမျှောပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။  

 

mdn

 

အဆိုပါ ရှင်ဉပ္ပဂုတ္တမထေရ်မြတ် ဆီမီး (၃၀ဝ၀) မီးမျှောပူဇော်ပွဲကို ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်မှ လူငယ်များအဖွဲ့က ဦးဆောင်၍ နှစ်စဉ်ကျင်းပခြင်းဖြစ်ပြီး ယခုနှစ်တွင် (၂၆) ကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ယမန်နေ့ ည ၈ နာရီက ရှင်ဉပ္ပဂုတ္တမထေရ်မြတ် ဆီမီး (၃၀ဝ၀) မီး မျှောပူဇော်ပွဲ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများက မီးမျှောပူဇော်ပွဲ ကျင်းပရာ မုန်းချောင်းသို့ လာရောက်ပြီး ဆီမီးများ ထွန်းညှိပူဇော်၍ ရေဘေး၊ လေဘေး၊ မီးဘေး ကပ်ကြီးသုံးပါး ကင်းဝေးစေရန် ဆုများတောင်း၍ ရှင်ဉပ္ပဂုတ္တမထေရ်မြတ်ကြီးအား ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်မှ သရက်အုပ်ကျေးရွာအထိ မီးမျှောပူဇော်ခဲ့ကြကြောင်းနှင့် သရက်အုပ်ကျေးရွာနေ ပြည်သူများက တစ်ရက်တာ ထားရှိအပူဇော်ခံရန် ရှင်ဉပ္ပဂုတ္တမထေရ်မြတ် ဆီမီး  (၃၀ဝ၀) မီးမျှောဖောင်တော်အား ကြိုဆိုဦးခိုက် ပူဇော်ခဲ့ကြကြောင်း သိရသည်။                                                                                                                            

ရဲဝင်းနိုင် ( ညောင်ဦး )

 

mdn