ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ ကျေးရွာသုံးသစ်တောစိုက်ခင်း( ၃၀ )ဧကအား ဒေသခံပြည်သူများထံ လွှဲပြောင်းပေးအပ်

ပွင့်ဖြူ ၅ ဇန်နဝါရီ  

      

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် ထင်း၊ မျှောတိုင်နှင့် သစ်များ အသုံးပြုနိုင်ရေးအတွက် စိုက်ပျိုးထားရှိသည့် ကျေးရွာသုံးသစ်တောစိုက်ခင်း   ၃၀ ဧကအား ဒေသခံပြည်သူများထံ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၄ ရက် နံနက် ၁၀ နာရီက ကျေးရွာသုံး သစ်တောစိုက်ခင်းအနီး ရှင်းလင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

အခမ်းအနားတွင် ရှေးဦးစွာ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မော်က ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ထင်း ၊ မျှောတိုင်နှင့် သစ်လုံးများအဖြစ် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ကျေးရွာသုံး သစ်တောစိုက်ခင်း ထူထောင်၍ လွှဲပြောင်းပေးအပ်ရခြင်းဖြစ်ကြောင်း၊ ကျေးရွာသုံးသစ်တောစိုက်ခင်းသည် လတ်တလော သုံးစွဲခွင့်မရှိသေးသော်လည်း သက်တမ်း ၅ နှစ်ပြည့်သည့်အချိန်တွင် ထင်းအဖြစ်သော်လည်းကောင်း၊ လူနေအိမ်များနှင့် နွားတင်းကုတ်များ ဆောက်လုပ်ရာ၌ မျှောတိုင်နှင့် သစ်လုံးတိုင်များအဖြစ်သော်လည်းကောင်း ထုတ်ယူသုံးစွဲသွားနိုင်မည် ဖြစ်ကြောင်း၊ ထိုသို့ အသုံးပြုခွင့်ရရှိရေးအတွက် ဒေသခံပြည်သူများအနေဖြင့် ကျေးရွာသုံးသစ်တောစိုက်ခင်းအား အောင်မြင် ဖြစ်ထွန်းအောင် ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းစောင့်ရှောက်သွားရန်လိုအပ်ကြောင်းနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမဖြစ်စေ ရေး စည်းကမ်းမဲ့ ခုတ်လှဲခြင်းအား ရှောင်ကြဉ်သွားကြစေလိုကြောင်း ပညာပေးရှင်းလင်းဆွေးနွေး ပြောကြားသည်။ 

 

ထို့နောက် ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မော်နှင့် ဝန်ထမ်းများအဖွဲ့က ဌာနမှ စိုက်ပျိုးထားရှိသည့် (၁/ ၂၀၁၈) ကျေးရွာသုံးသစ်တောစိုက်ခင်း ၃၀ ဧကအား ပွင့်ဖြူမြို့နယ် မဒဲတောင်ကျေးရွာအတွက် ၁၅ ဧက၊ မဒဲမြောက်ကျေးရွာအတွက် ၁၅ ဧက တို့ကို ကျေးရွာတာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ 

 

ရဲဝင်းနိုင် (ညောင်ဦး)

 

ADD3