ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ တစ်ပေခန့် ရေကျော်ကျနေမှုကို ပြည်သူများသို့ အသိပေး နှိုးဆော်

ပွင့်ဖြူ  ၂၆    စက်တင်ဘာ   

  

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝတမံ ရေပိုလွှဲမှသတ်မှတ်ထားသော တမံ ရေပြည့်အမှတ်     ပေ  ၃၄၀ ထက် တစ်ပေခန့် ကျော်လွန်နေ၍ စက်တင်ဘာ ၂၅ ရက် ၊ ညနေ ၅ နာရီက တမံအောက်ဘက်တွင် ရှိသော ကျေးရွာများမှ ပြည်သူများ သိရှိနိုင်ရန် ကြိုတင်စီမံခန့်ခွဲမှု အဆင့်(၁) အဖြစ် သတ်မှတ်ပြီး အစိမ်းရောင်အလံများ စိုက်ထူကာ အသိပေး နှိုးဆော်ထားရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ အငယ်တန်းအင်ဂျင်နီယာ ဦးစိုးလင်းအောင်ထံမှ  သိရသည်။

 

ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေကျော်ကျမှုများ ရှိသော်လည်း ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်စရာ အခြေအနေ မရှိသေးကြောင်း ၊ သဘာဝဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံချက်အရ ပြည်သူများ သိရှိနိုင်စေရန် အစိမ်းရောင်အလံ စိုက်ထူ၍ အသိပေး နှိုးဆော်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ပြည်သူများ သဘာဝဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ရေလှောင်တမံ အခြေအနေ များကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရန် အသိပေးနှိုးဆော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ထိုနေ့က တမံအောက်ဘက်တွင်ရှိသော မဲဇလီကျေးရွာ ၊ ဆည်တော်ကျေးရွာ ၊ လယ်မကျေးရွာ၊ ရေယဉ် ကျေးရွာများမှ ပြည်သူများ ကြိုတင်သိရှိနိုင်ရေးအတွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ခေါ်ယူ တွေ့ဆုံ၍ ကြီးအုံကြီးဝတမံမှ ဦးစီးအရာရှိ ဦးထွန်းလွင်က တမံရေပြည့် အမှတ်ဖြစ်သည့် ပေ  ၃၄၀ အထက် ရေပိုလွှဲမှ တစ်ပေခန့် ရေကျော်ကျနေမှုအခြေအနေနှင့် ပက်သက်ပြီး အသိပေး ရှင်းလင်းဆွေးနွေး ပြောကြားပြီး သဘာဝဘေးအန္တရာယ်ကင်းရှင်း ရေးစီမံချက်အရ အစိမ်းရောင် အလံများကို စိုက်ထူဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။ 

 

ရဲဝင်းနိုင် ( ပြန်/ဆက် )