ပွင့်ဖြူမြို့နယ်၊ ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ တစ်ပေခန့် ရေကျော်ကျနေမှု ပြည်သူများသို့ အသိပေးနှိုးဆော်

ပွင့်ဖြူ ၂၆ စက်တင်ဘာ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ သတ်မှတ်ထားသော တမံရေပြည့်အမှတ် (၃၄၀) ပေ ထက် တစ်ပေခန့် ကျော်လွန်နေ၍ ယမန်နေ့ ညနေ (၅) နာရီ အချိန်က တမံအောက်ဘက်တွင်ရှိသော ကျေးရွာများမှ ပြည်သူများသိရှိနိုင်ရန် ကြိုတင်စီမံခန့်ခွဲမှု အဆင့် (၁) အဖြစ် သတ်မှတ်ပြီး အစိမ်းရောင်အလံများ စိုက်ထူကာ အသိပေး နှိုးဆော်ထားကြောင်း ကြီးအုံကြီးဝတမံမှ အငယ်တန်းအင်ဂျင်နီယာ ဦးစိုးလင်းအောင်ထံမှ သိရသည်။

ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေကျော်ကျမှုများရှိသော်လည်း ဒေသခံ ပြည်သူများအနေဖြင့် စိုးရိမ်စရာအခြေအနေ မရှိသေးကြောင်း၊ သဘာဝ ဘေးအန္တရာယ်ကင်းရှင်းစေရေး စီမံချက်အရ ပြည်သူများသိရှိနိုင်စေရန် အစိမ်းရောင်အလံ စိုက်ထူ၍ အသိပေး နှိုးဆော်ထားခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူများ သဘာဝဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ရေလှောင်တမံ အခြေအနေများကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရန် အသိပေးနှိုးဆော် သွားမည်ဖြစ်ကြောင်းနှင့် တမံအောက်ဘက်တွင်ရှိသော မဲဇလီကျေးရွာ၊ ဆည်တော်ကျေးရွာ၊ လယ်မကျေးရွာ၊ ရေယဉ်ကျေးရွာများမှ ပြည်သူများ ကြိုတင် သိရှိနိုင်ရေးအတွက် တာဝန်ရှိသူများက အသိပေးရှင်းလင်း ပြောကြားခြင်း၊ အစိမ်းရောင်အလံများ စိုက်ထူခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Ref: ရဲဝင်းနိုင် (ညောင်ဦး)

#MRTV