ပင်လည်ဘူးမြို့နယ် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းအား ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ  ဖွင့်လှစ်သွားမည်

ပင်လည်ဘူး  ၁၅  ဇူလိုင် 

 

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီး ဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌  ကျောင်းသား၊ကျောင်းသူများကို ဇူလိုင် ၁၂ ရက်မှ စတင်ကာ ပြန်လည်လက်ခံပြီး ကျောင်းအား ပုံမှန်ဖွင့်လှစ်သွားမည်ဖြစ်သော်လည်း ကိုဗစ်-၁၉ ကာလဖြစ်သည့်အတွက် ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ၉ တန်းနှင့် ၁၀ တန်းကိုသာ ကနဦး လက်ခံထားရှိဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် အတန်းများကို ၅ တန်းမှ ၁၀ တန်းအထိ သတ်မှတ်၍ လက်ခံသင်ကြားဖွင့်လှစ်ပြီး နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ၅တန်းမှ ၁၀ တန်းအထိ ကျောင်းသား၊ ကျောင်းသူ ၁၅၄ ဦးရှိကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းမှာ ၈၅ ရာခိုင်နှုန်းရှိပြီး အောင်ချက်ကောင်းကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ကာလဖြစ်သည့်အတွက်  ၉ တန်းနှင့် ၁၀ တန်းကိုသာ ကနဦးလက်ခံထားရှိပြီး ၉ တန်းတွင် ကျောင်းသား ၂၀  နှင့် ကျောင်းသူ ၂၀  ၊ ၁၀ တန်းတွင်  ကျောင်းသား ၂၀  နှင့်ကျောင်းသူ၂၀  စုစုပေါင်း ၉ တန်း၊ ၁၀ တန်း ကျောင်းသား၊ ကျောင်းသူ ၈၀  ရှိကြောင်း၊ 

 

ယခုနှစ်တွင် ကိုဗစ်-၁၉ ကာလဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ၏ နေထိုင်၊ စားသောက်မှုနှင့် စာသင်ကြားရေးဆိုင်ရာများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ထားရှိပြီး သင်ကြားဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ကျန်အတန်းများကိုလည်း ကိုဗစ်-၁၉ ကာလ စည်းကမ်း သတ်မှတ်ချက်များ၊ ပညာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ် ထံမှ သိရသည်။

 

မျိုးလွင်(ပင်လည်ဘူး)