ပင်လည်ဘူး၊ နောင်ချို၊ တာချီလိတ် မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

နေပြည်တော်  ၃၀  အောက်တိုဘာ

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၉ ရက် ညပိုင်းတွင် ပင်လည်ဘူးမြို့နယ်၊ ပင်လောင်ကျေးရွာအနီး ကားလမ်းတွင် ကျော်မိုးမောင်းနှင်ပြီး တင်ချိုဝင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၆၃၀ ကို လည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ အိုရီယမ်တယ် တိုးဂိတ်အနီး၊ မူဆယ်-မန္တလေးသွား ကားလမ်း၌ ခရီးသည်တင်ယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ခရီးသည် ဇေယျာလင်းနှင့် အောင်အောင်မျိုး(ခ)အောင်မျိုးတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၆,၀၀၀ ကို လည်းကောင်း၊။

ထို့အတူ အောက်တိုဘာ ၂၈ ရက် ညနေပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်(ခ)နေ စိုင်းတစ်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၁၀ ကိုလည်းကောင်း၊ ထို့ပြင် ၂၉ ရက် ညနေ ၄ နာရီခွဲတွင် တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့မရဲစခန်း (ပ)၃၇၄/၂၀၂၀၊ ရှမ်းပြည်နယ် လက်နက်အမိန့်အပိုဒ် ၁၂(က)/၁၂(ဂ) အမှုမှ တရားခံ အားဂျူးအား စစ်ဆေးပေါ်ပေါက် ချက်အရ ၎င်းနေထိုင်သည့် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ အားစောနှင့် အားချာ တို့အားတွေ့ရှိပြီး Ecstasy ဆေးပြား ၁၇၀ ၊ ဆေးခြောက် သုည ဒသမ ၀၅၆ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၃,၇၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား