ပင်စင်စနစ် ပြုပြင်ပြောင်းလဲရေး ကမ္ဘာ့ဘဏ်က ပူးပေါင်းပါဝင်ကူညီနိုင်မည့် ကိစ္စရပ်များအား ဆွေးနွေး

နေပြည်တော်  ၁၇  ဖေဖော်ဝါရီ 

ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့်အဖွဲ့သည် ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ ဒါရိုက်တာရုံးနှင့် ညှိနှိုင်း၍ ထိုင်းနိုင်ငံ Government Pension Fund – GPF စနစ် ဆောင်ရွက်နေမှုများကို  ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၄ ရက်အထိ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ သွားရောက်လေ့လာခဲ့သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းတွင် ဗန်ကောက်မြို့ရှိ ကမ္ဘာ့ဘဏ်ရုံးခွဲသို့ သွားရောက်၍ ကမ္ဘာ့ဘဏ်၏ ထိုင်းနိုင်ငံ Country Manager Ms. Brigit Hansl ဦးစီးသော တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ပင်စင်စနစ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များတွင် ကမ္ဘာ့ဘဏ်က ပူးပေါင်းပါဝင်ကူညီနိုင်မည့်ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြ သည်။

ထို့နောက် ထိုင်းနိုင်ငံ အစိုးရပင်စင်ရန်ပုံငွေ (Government Pension Fund – GPF) ရုံးချုပ်သို့ သွားရောက်၍ အထွေထွေအတွင်းရေးမှူးချုပ် Mr. Vitai Ratanakorn  ဦးဆောင်သော တာဝန်ရှိသူ များနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏လက်ရှိပင်စင်စနစ်၊ ပြုပြင်ပြောင်းလဲဆောင်ရွက်မည့် အစီအစဉ်များ နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးကြရာ ထိုင်းနိုင်ငံအစိုးရ ပင်စင်ရန်ပုံငွေ စနစ်အကြောင်း ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်က ရှင်းလင်းတင်ပြသည်။ 

ဖေဖော်ဝါရီ ၁၃ ရက် နံနက်ပိုင်းတွင် ထိုင်း GPF မှ တာဝန်ရှိသူများက ထိုင်းနိုင်ငံပင်စင် စနစ်ပြုပြင်ပြောင်းလဲရေးဆိုင်ရာမူဝါဒနှင့် အကောင်အထည်ဖော်မှုလုပ်ငန်းအတွေ့အကြုံများ၊ အစိုးရ ပင်စင်ရန်ပုံငွေ၏ လည်ပတ်ဆောင်ရွက်မှု၊ ရန်ပုံငွေတိုးပွားအောင် ဆောင်ရွက်နေမှုများ၊ တွေ့ကြုံရ သည့်စိန်ခေါ်မှုများနှင့် ကြိုတင်ပြင်ဆင်သင့်သည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များက သိလိုသည်များကိုမေးမြန်းကြသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ  ၁၄ ရက် နံနက်ပိုင်းတွင် ကမ္ဘာ့ဘဏ်၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်ရုံးခွဲ၌ ကမ္ဘာ့ဘဏ်တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ၏ ပင်စင်စနစ်ပြုပြင်ပြောင်းလဲ ရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာပင်စင်စနစ်ပြောင်းလဲမှုများ၊ ထိုင်းနိုင်ငံအတွေ့အကြုံများအပေါ် အခြေ ခံ၍ ဆောင်ရွက်သင့်သည့် ရှေ့လုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက် ညနေပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘဏ္ဍာရေး ဝန်ကြီးဌာနသို့ သွားရောက်၍ ထိုင်းနိုင်ငံ အစိုးရပင်စင်ရန်ပုံငွေဘုတ်အဖွဲ့ ဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် Mr. Prasong Poontaneat နှင့်တွေ့ဆုံ၍ ပင်စင်စနစ်ပြုပြင်ပြောင်းလဲရေး ဆိုင်ရာကိစ္စ၊ ပင်စင်ဆိုင်ရာကိစ္စများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ၏ အစိုးရပင်စင်စနစ်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် အဖွဲ့ဝင်(၁၄)ဦးပါ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီကို နိုင်ငံတော် သမ္မတရုံးက ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ဖွဲ့စည်းထားရှိရာ လိုအပ်သော ဥပဒေမူကြမ်းပြုစုရေးဆွဲခြင်း၊ အခြားနိုင်ငံများ၏အတွေ့အကြုံများကိုလေ့လာခြင်း၊ ကျွမ်းကျင်သူများနှင့် တိုင်ပင်ဆွေးနွေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)