ပန်ဆိုင်းမြို့တွင် ကချင်ရိုးရာမနောကွင်းအသစ် ဖွင့်လှစ်ပွဲကျင်းပ

ပန်းဆိုင်း ၁၄ ဒီဇင်ဘာ 

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်းဆိုင်း(ကြူကုတ်)မြို့တွင် ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ဆောက်လုပ်ထားသည့် ကချင်ရိုးရာယဉ်ကျေးမှု မနောကွင်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ပန်ဆိုင်းမြို့၊ ရပ်ကွက်(၃)တွင် မြိုအုပ်ချုပ်ရေးမှူး ဦးမင်းဇာနည်၊ မြို့စခန်းမှူး၊ ရဲအုပ်အောင်ကျော်မိုး၊ ကချင်စာပေနှင့် ယဉ်ကျေးမှုဥက္ကဋ္ဌ ဦးဂျုံးဒိုင်နှင့် ကချင်စာပေနှင့်ယဉ်ကျေးမှု၊ အတွင်းရေးမှူး ဦးဇော်လွမ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်သည်။

 

“ခုလို ကချင်တိုင်းရင်းသားများရဲ့ ရိုးရာယဉ်ကျေးမှုမနောကွင်းကို ဆောက်လုပ်ဖွင့်လှစ်နိုင်တဲ့အတွက် အရမ်းပျော်ရွှင်ပါတယ်၊ ပန်ဆိုင်းမြို့မှာ ကချင်ရိုးရာအနောကွင်း မရှိသေးတဲ့အတွက် ကချင်စာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဦးဆောင်ဆောက်လုပ်ခြင်းကြောင့် ပန်ဆိုင်းမြို့ကိုလည်း ဂုဏ်ဆောင်ပေးပါတယ်၊ မနောကွင်းကို ဆောက်လုပ်နိုင်ဖို့အတွက် (၃)နှစ်ကျော် ကြိုးစားအားထုတ်ခဲ့ရပါတယ်၊ ဒီလိုကြိုးစား အားထုတ်တဲ့အချိန်မှာ အဘက်ဘက်မှ ကူညီပံ့ပိုးပေးကြတဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီး ဦးစိုင်းလုံကျော်၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် ကူညီပံ့ပိုးသူအားလုံးကို ကျေးဇူးတင်ပါတယ်”လို့ ပန်ဆိုင်းမြို့၊ ကချင်စာပေနှင့်ယဉ်ကျေးမှုဥက္ကဋ္ဌက ပြောကြားသည်။

 

အခမ်းအနားတွင် ဘုရားဂုဏ်တော်ချီးမွမ်းခြင်းနှင့် သင်းအုပ်ဆရာတော်ဘရန်နန်က အဖွင့်ဆုတောင်းဆက်ကပ်ပြီး ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့မှ ရိုးရာတေးသီချင်းဖြင့် သီဆိုဖျော်ဖြေသည်။ ကချင်စာပေနှင့် ယဉ်ကျေးမှုဥက္ကဋ္ဌက မနောကွင်းဆောက်လုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်းအုပ်ဆရာတော် ဦးဘရန်ဒီးက ကချင်မနောကွင်းဆောက်လုပ်ခြင်းအပေါ် ဆုတောင်းဆက်ကပ်သည်။

 

“ခုလိုပန်ဆိုင်းမြို့မှာ ပြုလုပ်ကျင်းပတဲ့ ကချင်ရိုးရာမနောပွဲမှာ ကချင်ရိုးရာယဉ်ကျေးမှုနဲ့ တက်ရောက်ခွင့်ရတဲ့အတွက် အရမ်းပဲ ပျော်ရွှင်မိပါတယ်၊ မနောပွဲတော်ဟာ ကချင်ရိုးရာပွဲတော်လည်း ဖြစ်ပါတယ်၊ ခုလိုပန်ဆိုင်းမြို့မှာ မနောကွင်းကို ဆောက်လုပ်ပြီး မြင်တွေ့ရတဲ့အတွက် အရမ်းပဲ ပျော်ရွှင်မိပါတယ်”လို့ ကချင်မနောတိုင်ဖွင့်လှစ်ပွဲသို့ တက်ရောက်လာသည့် ကချင်တိုင်းရင်းသူ မအားရှောန်က ပြောကြားသည်။

 

ဆက်လက်ပြီး သင်းအုပ်ဆရာတော် ဦးဘရန်နန်မှ မြေရာဇဝင်ရှင်းလင်းတင်ပြပြီး အခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မိဘပြည်သူများနှင့် ပန်ဆိုင်း(ကြူကုတ်)မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ တက်ရောက်ကြကြောင်း သိရသည်။

 

ဆလိုင်းဗန်ရိုးထန် (ပြန်/ဆက်)