ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမကြီးများ၏ ကိုဗစ်-၁၉ ကုသရေးဆိုင်ရာ အတွေ့အကြုံနှင့် ဆန်းစစ်သုံးသပ်တွေ့ရှိချက်များ တင်ပြဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ၁၆ ဇန်နဝါရီ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများနှင့် သူနာပြု ဆရာမကြီးများ၏ ကိုဗစ်-၁၉ ကုသရေး ဆိုင်ရာ အတွေ့အကြုံနှင့် ဆန်းစစ်သုံးသပ်တွေ့ရှိချက်များ တင်ပြဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်နေကြသည့် ဆေးတက္ကသိုလ်များနှင့် သူနာပြုတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆေးပညာ၊ အပူပိုင်းနှင့် ကူးစက် ရောဂါပညာ၊ မေ့ဆေးပညာ၊ အရေးပေါ်ကုသမှုဆေးပညာ စသည့် ဆေးပညာဘာသာရပ် အသီးသီးမှ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ဆေးရုံအုပ်ကြီးများ၊ ဆရာဝန်များ၊ လူနာများကို ပြုစုကုသမှု ပေးနေသော သူနာပြုဆရာမကြီးများ၊ သူနာပြုများ၊ စုစုပေါင်း (၇၀၀)ကျော်နှင့် တွေ့ဆုံပြီး လူနာများ ကုသရာ၌ ပိုမိုထိရောက်စေရန် ဝန်ကြီးဌာနမှ ပံ့ပိုးရမည့် ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ် သည့်အတွက် ယနေ့အစည်းအဝေးသည် အရေးကြီးပါကြောင်း၊ ကိုဗစ်-၁၉ သည် အခြားရောဂါများနှင့် မတူဘဲ အဆုတ်ကိုသာမက ကိုယ်ခန္ဓာ အင်္ဂါစနစ်မျိုးစုံကို ထိခိုက်ပျက်စီးစေ သော ရောဂါဖြစ်ပြီး ကုသမှုပေးရာတွင် ဆေးပညာ ဘာသာရပ်မျိုးစုံမှ ဆရာဝန်များ၊ ပညာရှင်များနှင့် သူနာပြုများ စုစည်းပူးပေါင်းကုသမှုပေးရသော ရောဂါဖြစ်သည့်အပြင် ရေရှည်တွင်လည်း နောက်ဆက်တွဲ ဆိုးကျိုးများရှိသည်ကို တွေ့ရှိရသဖြင့် အထူးဂရုပြု၍ ကုသရပါကြောင်း၊ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်းတွင် လူနာအရေအတွက် ရုတ်ချည်းများပြားလာခဲ့ရာ ဆေးရုံ အသီးသီးမှ ပါမောက္ခကြီးများ၊ ဆရာကြီးများ၊ ဆရာဝန်များ၊ ပညာရှင်များနှင့် သူနာပြုများသည် နေ့မအား၊ ညမနား စိတ်ရော၊ ကိုယ်ပါ ပင်ပန်းစွာ ဆောင်ရွက်ခဲ့ရပါကြောင်း၊ လူနာသယ်ယူပို့ဆောင် ရေး၊ ခုတင်နေရာချထားရေး၊ ကုသရေးစသည့် လုပ်ငန်းကိစ္စအဝဝကို စီမံခန့်ခွဲဆောင်ရွက်ပေး နေသည့် ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆေးရုံအုပ်ကြီးများ၊ ဆရာဝန်ကြီးများ၊ သူနာပြုများနှင့် ကူညီပါဝင် ဆောင်ရွက်ပေးနေသည့် ပရဟိတစေတနာ့ ဝန်ထမ်းများကိုလည်း ပြည်သူများကိုယ်စား ကျေးဇူးတင် ရှိပါကြောင်း။

အလားတူ ဆေးပညာဘာသာရပ်အလိုက်သော်လည်းကောင်း၊ ဆေးပညာဘာသာရပ်စုံအလိုက် လည်းကောင်း ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ပြည်တွင်း/ ပြည်ပ ပညာရှင်များနှင့် တိုင်ပင် ဆွေးနွေးမှု များပြုလုပ်ဆောင်ရွက် နေသည်များမှာ မိမိတို့နိုင်ငံ၏ကုသရေးစနစ်အတွက် ကောင်းမွန်သော လက္ခဏာဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ လုပ်ငန်းများဆောင်ရွက်ရာတွင် စီမံခန့်ခွဲအုပ်ချုပ်မှု၊ ချိတ်ဆက်ဆောင်ရွက်မှုနှင့် ဆေးဝါးနှင့်ဆေးပစ္စည်းများ အချိန်နှင့်တစ်ပြေးညီဖြည့်ဆည်းမှုတို့သည် လူနာကုသသည့် ကိစ္စရပ်ကဲ့သို့ပင် အရေးကြီးပါကြောင်း၊ ပြည်သူ့ကျန်းမာရေးပညာရှင်များ အနေဖြင့်လည်း ကိုဗစ်-၁၉ ကူးစက်မှုပျံ့နှံ့မှုနည်းပါးကာ ဆေးရုံများသို့ ရောက်ရှိသည့် COVID-19 လူနာအရေအတွက် နည်းပါးစေရေးအတွက် ရောဂါကူးစက်မှု ကွင်းဆက်ဖြတ်တောက်ရေး လုပ်ငန်းများကို အားဖြည့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုသရေးပညာရှင်များအနေဖြင့် လူနာအရေအတွက် နည်းပါးပါက ပိုမိုအရည်အသွေးကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုကို ပေးအပ်နိုင် မည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကုသရေးပညာရှင်များနှင့် ပြည်သူ့ကျန်းမာရေးပညာရှင်များ ပူးပေါင်းလက်တွဲကာ အမြင်ချင်းဖလှယ်ပြီး ဆောင်ရွက် လျက်ရှိမှုများကို တွေ့မြင်နေရသည့်အပေါ် မိမိအနေဖြင့် အထူးအားရပါကြောင်း၊ ယခုလက်ရှိကာလတွင် မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်မှုမှာ ယခင်လများထက် အနည်းငယ် ကျဆင်းလာသော် လည်း ဆက်လက်၍ ပိုမိုကျဆင်းစေရန် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးအသိပညာ မြှင့်တင် ရေးဌာနခွဲအနေဖြင့် အသိပညာပေးစာစောင်များ၊ ပိုစတာများ၊ ရုပ်သံများ အမျိုးမျိုး၊ လုပ်ငန်း/ဌာန များအတွက် လမ်းညွှန်များ၊ သိကောင်းစရာများ စုစုပေါင်း (၃၀၀)ခန့်တို့ကို ပြုစု ဖြန့်ဝေခဲ့ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပါးစပ်နှင့်နှာခေါင်း စည်း (mask) မဖြစ်မနေတပ်ဆင်ရေးလူထုလှုပ်ရှားစီမံချက်ကို (၂၀၂၀) ပြည့်နှစ်၊ နိုဝင်ဘာ (၁၅) ရက်နှင့် ကိုဗစ်-၁၉ ရပ်တန့်ရေးအဝါရောင်လှုပ်ရှားမှုကို (၂၀၂၀) ပြည့်နှစ်၊ ဒီဇင်ဘာ (၂၅) ရက်တို့မှ စတင်၍ အရှိန်အဟုန်ဖြင့် လုပ်ဆောင်ပြီးနောက်ပိုင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုသည် ယခင်လများ ထက်ကျဆင်းလာသည်ကို တွေ့ရှိရပါကြောင်း။

ထို့အပြင် ယခုအခါ ကိုဗစ်-၁၉ ကာကွယ်ရေးစည်းကမ်းများကို မေ့လျော့မှုမရှိစေဘဲ ပိုမိုလိုက်နာ ကြစေရန်အတွက် မိသားစုအချင်းချင်း၊ မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဘက်များ အချင်းချင်း "တစ်ဦးကိုတစ်ဦး အသိပေးခြင်းနှင့် သတိပေးခြင်း စီမံချက်"ကိုလည်း စတင်လုပ်ဆောင် နေပြီဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ ပါမောက္ခကြီးများ၊ အထူးကုဆရာဝန်များ၊ ပညာရှင်များအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများမှ အတွေ့အကြုံများကို အသုံးချ၍လည်းကောင်း၊ အသုံးချသုတေသနပြုလုပ်၍လည်းကောင်း ကဏ္ဍအလိုက် ရေရှည်တွင် ကျန်းမာရေးစနစ်တစ်ခုလုံး ပိုမိုတိုးတက် ကောင်းမွန်စေရေး လုပ်ဆောင်ပေးကြစေလိုပါကြောင်း၊ ယနေ့ ဆွေးနွေးရာတွင်လည်း ထိုသို့ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် အကြံပြုချက်များကို ပွင့်လင်းစွာ ပြောကြားစေ လိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း ဖြည့်ဆည်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို အမြန်ဆုံး ပံ့ပိုးဖြည့်ဆည်းသွားမည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားကာ အသက်ဆုံးရှုံးမှု (၂,၉၂၆) ဦးရှိသကဲ့သို့ ဝန်ကြီးဌာနရှိ တာဝန်ထမ်းဆောင် နေသည့် ကျန်းမာရေး ဝန်ထမ်း (၂,၃၀၀) ဦးကျော်တွင် ကိုဗစ်-၁၉ ကူးစက်မှုများရှိပြီး (၃) ဦး သေဆုံးမှုရှိပါကြောင်း၊ ထိုသို့ထိခိုက်ဆုံးရှုံးမှုများသည် နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက် ဝမ်းနည်ဖွယ်ရာဆုံးရှုံးမှုများဖြစ်ပြီး အနစ်နာခံဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများကို ဝန်ကြီးဌာနမှ အထူးလေးစားဂုဏ်ပြု ပါကြောင်း၊ အသက်ဆုံးရှုံးခဲ့သူ ကျန်းမာရေးဝန်ထမ်း (၃) ဦးအတွက် ပံ့ပိုးမှုများကိုလည်း ဝန်ကြီးဌာနမှ အတတ်နိုင်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ပံ့ပိုးမှု၊ အလှူရှင်များ၏ စေတနာ ထက်သန်လှူဒါန်းမှုနှင့် နိုင်ငံတကာ ချေးငွေနှင့်ရန်ပုံငွေများဖြင့် ဆေးရုံများ၊ အထူးကြပ်မတ် ကုသဆောင်များ၊ အောက်ဆီဂျင်ပိုက်လိုင်းများ တပ်ဆင်၍ အဆင့်မြှင့်တင်ခြင်း၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာများ ဝယ်ယူခြင်းတို့ကိုလုပ်ဆောင်လျက်ရှိသဖြင့် ဆေးရုံများတွင် ကုသမှုပိုင်း ဆိုင်ရာ၌များစွာ အားဖြည့်ကောင်းမွန်လာပါကြောင်း၊ ဆေးရုံများမှ ဆေးရုံအုပ်ကြီးများ၊ သက်ဆိုင်ရာ ဆေးပညာ ပါမောက္ခများ၊ အထူးကုဆရာဝန်များ အနေဖြင့် ပစ္စည်းကိရိယာများ၊ ဆေးဝါးများနှင့် ဆေးပစ္စည်းများ အသုံးပြုမှုအခြေအနေများနှင့် စာရင်းဇယားများကို ဆန်းစစ်ကာ ထပ်မံလိုအပ်မည်များကို မျှော်မှန်းတွက်ချက်ပြီး ဝန်ကြီးဌာနရှိ ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲထံသို့ ပေးပို့ပေးစေလိုပါ ကြောင်း။

ကိုဗစ်-၁၉ ကိုဖြစ်ပွားစေသော SARS-CoV-2 ဗိုင်းရပ်စ်ပိုးသည် ဗိုင်းရပ်စ်ပိုးတို့၏ သဘောသဘာဝ အရ မျိုးဗီဇပြောင်းလဲမှုသစ်များ ဖြစ်ပေါ်ပါကြောင်း၊ ယခုလက်ရှိတွင် ထိုသို့ မျိုးဗီဇပြောင်းလဲရာတွင် ကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ် မျိုးကွဲအသစ်များကြောင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်မှု အထူးများပြားနေသည်ကို တွေ့မြင်နေရပါကြောင်း၊ ယူကေနိုင်ငံတွင် စတင်တွေ့ ရှိခဲ့သော ကိုဗစ်-၁၉ ကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ်သည် နိုင်ငံပေါင်း (၅၀) ကျော် နှင့် တောင်အာဖရိ နိုင်ငံတွင် စတင်တွေ့ရှိခဲ့သော ကိုဗစ်-၁၉ ကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ်သည် နိုင်ငံပေါင်း (၂၀) ကျော်သို့ ပျံ့နှံ့ရောက်ရှိနေပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ထိုသို့ ကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ် မျိုးကွဲအသစ်များဝင်ရောက်လာခြင်း မရှိစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်း ကာ နိုင်ငံတကာမှ ဝင်ရောက်လာသူများအား အသွားအလာကန့်သတ်မှု (၂) ပတ်ပြုလုပ်ကာ RT PCR စနစ်ဖြင့် (၂) ကြိမ် ရောဂါပိုးစစ်ဆေးခြင်းတို့ကို လုပ်ဆောင်လျက်ရှိပါကြောင်း၊ပြည်သူများအနေဖြင့် အထူးသတိပြုရမည်မှာ မြန်မာနိုင်ငံ၌လည်း ပြည်တွင်းရှိ SARS-CoV-2 ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲမှုများရှိကာ ကူးစက်မြန် ဗီဇပြောင်းဗိုင်းရပ်စ်မျိုး ထွက်ပေါ်လာနိုင်သည့် အချက် ဖြစ်ပါကြောင်း၊သို့ဖြစ်၍ ပြည်တွင်း၌ အချိန်တိုအတွင်း ကိုဗစ်-၁၉ ကူးစက်မှုများပြားသည့် နေရာဒေသများ ရှိ/မရှိကို အထူးသတိပြု စောင့်ကြပ်ကြည့်ရှုကာ အဆိုပါနေရာဒေသရှိ COVID-19 လူနာများထံမှ ဗိုင်းရပ်စ်ပိုးကို "ဗိုင်းရပ်စ်မျိုးဗီဇ တစ်ခုလုံးစစ်ဆေးမှုများ (Whole Genome Sequencing)" ကို ဆေးသုတေသန ဦးစီးဌာနတွင် ပြုလုပ်ရန် မိမိပြောကြားထားပြီး ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း ကိုဗစ်-၁၉ ကူးစက်မှုနည်းပါးသော ကာလဖြစ်စေ၊ များပြားသော ကာလဖြစ်စေ ပေါ့ဆမှု (လုံးဝ) မရှိဘဲ ရောဂါကာကွယ်ရေးစည်းကမ်းများကို အထူးသတိပြု၍ ဆက်လက်လိုက်နာရမည်ဖြစ်ပါကြောင်း၊ ဤရောဂါ၏ သဘောသဘာဝအရ ငုတ်လျှိုးနေသော လူနာများပြန်ပေါ်လာပြီး ရောဂါဖြစ်ပွားမှု များပြားလာနိုင်ပါကြောင်း၊ယနေ့ အစည်းအဝေးတွင် တင်ပြဆွေးနွေးချက်နှင့် အကြံပြုချက်များကို ဝန်ကြီးဌာနအနေဖြင့် အလေးထားစဉ်းစားကာ ရှေ့လုပ်ငန်းစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဆေးတက္ကသိုလ် (၁) အရေးပေါ်ကုသမှုဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာမော်မော်ဦး က ဆေးပညာဘာသာရပ်အသီးသီးမှ ပါမောက္ခများသည် ပုံမှန် အစည်းအဝေး များပြုလုပ် တိုင်ပင်ဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းကိစ္စ အဝဝတွင် ပါဝင်ဆောင်ရွက် ခဲ့သူများနှင့် Videoconferencing စနစ်ဖြင့် ဆွေးနွေးထားရှိမှုနှင့် စစ်တမ်းပုံစံကောက်ခံတွေ့ ရှိချက်များ၊ ထိုသို့တိုင်ပင်ဆွေးနွေးမှုများ၊ စစ်တမ်းတွေ့ရှိချက်များအရ ကိုဗစ်-၁၉ ကုသမှုဆိုင်ရာ လုပ်ငန်းစဉ်များတွင် အားသာချက်နှင့် အားနည်းချက်များ၊ ကျန်းမာရေးဝန်ထမ်းများ စိတ်ရော၊ ကိုယ်ပါ ပင်ပန်းနွမ်းနယ်နေမှု အခြေအနေများ၊ဆေးရုံများတွင် ကိုဗစ်-၁၉ လူနာဆောင်၊ အထူးကြပ်မတ် ကုသဆောင်၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာ၊ အောက်ဆီဂျင်ပိုက်လိုင်းများ အပါအဝင်နောင်ကာလ များအတွက် ကြိုတင်ပြင်ဆင်ထားရှိရန် အကြံပြုချက်များ၊ လူနာတင်ယာဉ်များဖြင့်သယ်ယူ ပို့ဆောင်ရေးနှင့် လွှဲပြောင်းကုသရေး လုပ်ငန်းများအတွက် အကြံပြုချက်များ၊ လူနာအား ဓာတ်ခွဲစစ်ဆေးပြီး လွှဲပြောင်းသည်မှ ကုသသည်အထိလည်းကောင်း၊ လူနာခုတင်နေရာချထားမှု အတွက်လည်းကောင်း ထိုသို့ကုသရာမှ ဆေးရုံဆင်းသည်အထိ လည်းကောင်း လူနာအား အအဆင့်ဆင့် နေရာချထားမှုလမ်းကြောင်း (pathway) အတွက် အကြံပြုချက်များ၊ ဆေးရုံများတွင် ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေး (infection prevention and control) လုပ်ငန်းစဉ်များအား ဗဟိုအဆင့်ဆေးရုံကြီးများမှ မြို့နယ်၊ တိုက်နယ်အဆင့် ဆေးရုံများအထိ မွမ်းမံသင်တန်းများ ပေးခြင်းနှင့် အဆင့်မြှင်တင် ဆောင်ရွက်ခြင်းများပြုလုပ်ရန်တို့ကို အသေးစိတ် အကြံပြုတင်ပြသည်။

ဆက်လက်၍ ဆေးတက္ကသိုလ် (၁)၊ အပူပိုင်းနှင့် ကူးစက်ရောဂါပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာမိုးမိုးစမ်း က ဆေးတက္ကသိုလ် (၁)၊ ဆေးတက္ကသိုလ် (၂)၊ ဆေးတက္ကသိုလ် (မန္တလေး) နှင့် ဆေးတက္ကသိုလ် (တောင်ကြီး) တို့မှ ဆေးပညာ၊ အပူပိုင်းနှင့် ကူးစက်ရောဂါပညာနှင့် ဟော်မုန်းဗေဒဆေးပညာဌာနများမှ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ အစည်း အဝေးပြုလုပ်ခဲ့မှုမှ ဆွေးနွေးအကြံပြုချက်များ၊ ကုသမှုဆိုင်ရာ လုပ်ငန်းလမ်းညွှန်များကို နောက်ဆုံး ပေါ်တွေ့ရှိချက်များနှင့်အညီ မွမ်းမံပြင်ဆင်သွားရန်နှင့် ကျန်းမာရေးပညာရှင်များ မွေးထုတ်မှု လုပ်ငန်းများ အဆက်မပြတ်စေရေးအတွက် အကြံပြုချက်များကို လည်းကောင်း၊ ဆေးတက္ကသိုလ် (၁)၊ မေ့ဆေးပညာဌာနမှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခ ဒေါက်တာမူမူနိုင် က အထူးကြပ်မတ်ကုသ ဆောင်တွင် ကိုဗစ်-၁၉ လူနာများကုသမှုဆိုင်ရာ အတွေ့အကြုံများ၊ ကုထုံးအလိုက် ဆန်းစစ်တွေ့ရှိ ချက်များနှင့် အထူးကြပ်မတ်ကုသမှုဆိုင်ရာ မွမ်းမံသင်တန်းများပြုလုပ်ရန်အတွက် အကြံပြုချက်များ ကိုလည်းကောင်း၊ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး (သူနာပြု) ဒေါ်စန်းစန်းယဉ် ကကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများတွင် သူနာပြုများက အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများနှင့် သူနာပြုများအတွက် ဘွဲ့လွန်သင်တန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများ ပိုမိုပေးအပ် နိုင်ရေး အကြံပြုချက်များ ကိုလည်းကောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး (သူနာပြု) ဒေါ်ဌေးဌေးလှိုင် က သူနာပြုများ သင်ကြားမွေးထုတ်မှုဆိုင်ရာ ရေတိုနှင့် ရေရှည်ကာလအတွက် အကြံပြုချက်များ၊ ပြည်တွင်း/ ပြည်ပ ဘွဲ့လွန်နှင့် စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများ ပိုမိုတိုးမြှင့်တက်ရောက်နိုင်ရေး အကြံပြုချက်များ၊ လက်တွေ့ကြုံတွေနိုင်သည့် အခြေအနေ၊ ဖြစ်စဉ် (scenario) များဖြင့် သင်ကြားလေ့ကျင့်ပေးနေမှုနှင့် လက်တွေ့သင်ကြား လေ့ကျင့်ခန်း (skill lab) များတွင် သင်ကြားလေ့ကျင့်ပေးနေမှုအခြေအနေနှင့် ပိုမိုကောင်းမွန်စေရေး အကြံပြုချက်များနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများတွင် သူနာပြုသင်တန်းတက်ရောက် နေသူများက ပိုမိုအားဖြည့် ပါဝင်ကာ ဆောင်ရွက်မည်ကိုလည်းကောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်အေး က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ လူနာများအား ထားရှိကုသနိုင်ရန် လူနာဆောင်များ၊ အထူးကြပ်မတ်ကုသဆောင်များ၊ အောက်ဆီဂျင်ပိုက်လိုင်းများ၊ ဆေးနှင့်ဆေးပစ္စည်းများ ပြင်ဆင်မွမ်းမံဖြည့်ဆည်းခဲ့မှု၊ အလှူရှင်များ၊ ပရဟိတအဖွဲ့အစည်းများနှင့် စေတနာ့လုပ်သားများ၏ စေတနာထက်သန်စွာ ပါဝင်ကူညီနေမှုများဖြင့် ဆောင်ရွက်နေမှုများ၊ လူနာများအတွက် ရေသန့်နှင့် အစားအသောက်များအား အလှူရှင်များက ကူညီပံ့ပိုးပေးနေမှုများ၊ ဆေးရုံအုပ်ကြီးများ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် အပတ်စဉ်တွေ့ဆုံဆွေးနွေးမှု၊ အတွေ့အကြုံဖလှယ် အကြုံပြုမှုများနှင့် ဆေးရုံများတွင် ယခင်အတွေ့အကြုံများကို အခြေခံ၍ ဆက်လက်ဆောင်ရွက် ရမည့် လုပ်ငန်းဆိုင်ရာ အကြံပြုချက်များကိုလည်းကောင်း၊ ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ကုသရေး) ဒေါက်တာမိုးခိုင် က နိုင်ငံတစ်ဝန်းတွင်ဆောင်ရွက်နေသော ကိုဗစ်-၁၉ ကုသရေး လုပ်ငန်းများဆိုင်ရာ ခြုံငုံတင်ပြချက်များ၊ ဆန်းစစ်တွေ့ရှိချက်များ၊ ကိုဗစ်-၁၉ လူနာဆိုင်ရာ မှတ်တမ်းအချက်အလက်များကို အီလက်ထရောနစ်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိရာ မှတ်တမ်း ဖြည့်သွင်းမှုအတွက် အထောက်အကူပြုအဖွဲ့ (data assistant) များ ထပ်မံလိုအပ်နေမှု၊ နိုင်ငံ တစ်ဝန်းလုံးရှိ ဆေးရုံများမှ အထူးကြပ်မတ်ကုသဆောင်များ အဆင့်မြှင့်တင်ဆောင်ရွက်ရေး လုပ်ငန်းများအတွက် ရေတိုနှင့်ရေရှည်ကာလအတွက် အကြံပြုချက်များကိုလည်းကောင်း အသီးသီးတင်ပြခဲ့ကြပြီး တက်ရောက်လာကြသည့် ပါမောက္ခချုပ်၊ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ မြို့နယ်ဆရာဝန်များ၊ သူနာပြုဆရာမကြီးများက ဝိုင်းဝန်းဆွေးနွေးမှုနှင့် အကြံပြုမှုတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အကြံပြုတင်ပြချက်များနှင့် ပတ်သက်၍ ပြန်လည် ဆွေးနွေးခြင်း၊ ဖြည့်ဆည်းပံ့ပိုးခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ဆွေးနွေးအကြံပြုချက်များအား တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ ဆေးရုံများမှ ဆေးရုံအုပ်ကြီးများထံပေးပို့ခြင်းဖြင့် ၎င်းတို့၏ဆေးရုံများနှင့် ကိုက်ညီသည့် အချက်များအား မွမ်းမံပြင်ဆင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ယခု ပါမောက္ခဆရာဝန်ကြီးများနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များတွင် စာရင်းဇယား၊ ကိန်းဂဏန်းအချက်အလက်များ၊ စစ်တမ်းတွေ့ရှိချက်များကို စနစ်တကျ ဆန်းစစ်သုံးသပ်ထားသောကြောင့် လက်တွေ့အခြေအနေနှင့် နီးစပ်တူညီမည်ဖြစ်ပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ယခုတင်ပြချက်များအပေါ်မူတည်၍ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် မွေးထုတ်ခြင်းနှင့် ထပ်မံလေ့ကျင့်သင်တန်းပေးခြင်းလုပ်ငန်းများကို အမြန်ဆုံး လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ သည် ကမ္ဘာ၌ ဖြစ်ပွားမှု အနည်းအများ သာကွာခြားကာ ဆက်လက်ရှိနေဦးမည်ဖြစ်သဖြင့် ခေတ်မီ သတင်းအချက်အလက်နှင့် ဆက်သွယ် ရေးနည်းပညာသုံး သင်ကြားပို့ချမှုများကို ဆေးနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၌ ပိုမိုတိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် အထူးကြပ်မတ်ကုသမှုဆိုင်ရာ ဆေးပညာနှင့် အထူးကြပ်မတ် သူနာပြုစုမှုပညာ ဆိုင်ရာ စွမ်းဆောင်ရည်မြှင့် သင်တန်းများကို ပိုမိုလုပ်ဆောင် မည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရန်အတွက် မေ့ဆေးပညာ ပါမောက္ခများ၊ အထူးကုဆရာ ဝန်ကြီးများကို သင်ရိုးညွှန်းတမ်းကို သင်ခန်းစာကဏ္ဍအလိုက် တာဝန်ခွဲဝေယူကာ ရေးဆွဲစေလိုပြီး သင်ရိုးညွှန်းတမ်းအသစ်ဖြင့် အင်တာနက်မှ တစ်ဆင့်သော်လည်းကောင်း၊ လက်တွေ့သင်ကြားရန် လိုအပ်သည်များကို လက်တွေ့ သင်ကြားမှုများဖြင့်လည်းကောင်း အမြန်ဆုံး သင်ကြားဆောင်ရွက် စေလိုပါကြောင်း။

အလားတူ ပါမောက္ခ/ ဌာနမှူးများ၊ ပညာရှင်ကြီးများအနေဖြင့် ဗိုင်းရပ်စ်ဗေဒ၊ ကိုယ်ခန္ဓာ ခုခံစွမ်းဗေဒ၊ သုတေသနပညာနှင့် ကျန်းမာရေးစာအင်းပညာဆိုင်ရာ မဟာသိပ္ပံဘွဲ့လွန်သင်တန်း သစ်များကိုလည်း ဖွင့်လှစ်နိုင်ရန် အမြန်ဆုံး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုပါကြောင်း၊ သူနာပြုများ အတွက် စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းအမျိုးမျိုး၊ ဘွဲ့လွန်သင်တန်းအမျိုးမျိုးအတွက် အကြံပြု ချက်များသည် ကောင်းမွန်သဖြင့် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အီလက်ထရောနစ်စနစ်ဖြင့် မှတ်တမ်းများ စတင်ဆောင်ရွက်လျက်ရှိသဖြင့် ကိုဗစ်-၁၉ နှင့်ပတ်သက်၍ စာရင်းဇယားများ ပိုမိုပြည့်စုံလာမည်ဖြစ်ကာ ရှေ့လုပ်ငန်းများချမှတ်ရာ၌ မှန်ကန်ကောင်းမွန်မည်ဖြစ်ပါကြောင်း၊ ဆေးရုံများတွင် သူနာပြုများ ကုသမှုမှတ်တမ်းများကို စာရွက်များအသုံးပြုရေးသားနေခြင်းမှ အီလက်ထရောနစ်စနစ်ဖြင့် မြန်ဆန်လွယ်ကူစွာဆောင်ရွက်နိုင်ရေး ကနဦးစမ်းသပ်မှုများ လုပ်ဆောင်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနရှိ ဦးစီးဌာနအားလုံးတွင် လိုအပ်သည့် လစ်လပ်နေရာများကို ဖြည့်တင်းနိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်မှုဖြင့်ရေးဆွဲသည့် ဖွဲ့စည်းပုံ (functional organogram) ကိုလည်း အမြန်ဆုံး အပြီးသတ်ပြုစုကာ ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ နေထိုင်ရေးအတွက် အဆောက်အဦများဆောက်လုပ်ခြင်းအပြင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောက်လုပ် ထားပြီးသော အဆောက်အဦများကို (၂၀၁၉-၂၀၂၀) ခု ဘဏ္ဍာနှစ်၌ ဝယ်ယူခဲ့သကဲ့သို့ (၂၀၂၀-၂၀၂၁) ခု ဘဏ္ဍာနှစ်တွင်လည်း လုပ်ဆောင်ရန် စီစဉ်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနရှိ တက္ကသိုလ်များနှင့် သင်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် သင်တန်းသား/သူများ နေထိုင်ရေးအတွက် ကိုလည်း အထူးကိစ္စရပ်တစ်ခုအနေဖြင့် ကြိုတင်ပြင်ဆင် ထားရှိရမည်ဖြစ်ပါကြောင်း၊ ဆေးရုံများတွင် ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေး (infection prevention and control) လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ Videoconferencing စနစ်ဖြင့် ဆွေးနွေးခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများပြုလုပ်ခြင်းတို့ကို ပုံမှန်ဆက်လက်ပြုလုပ်စေလိုပါကြောင်း၊ သူနာပြုတက္ကသိုလ် (မန္တလေး)မှ အကြံပြုတင်ပြခဲ့သည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား/သူများက ဆောင်ရွက်သွားမည့် " ကိုဗစ်-၁၉ လူထုအခြေပြု ကျန်းမာရေးအသိပညာပေးစီမံချက်"သည် ကောင်းမွန်သဖြင့် စတင်လုပ်ဆောင်တော့မည်ဖြစ်ပါ ကြောင်း၊ ဆေးရုံအလိုက် ဆေးရုံများတွင်ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေး (infection prevention and control) အတွက် အကဲဖြတ်စာရင်း (checklist) များဖြင့် ဆန်းစစ်ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ထားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။ 

သတင်းစဉ်