ပလက်ဝမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် စေတနာရှင်အလှူရှင်များက ချင်းပြည်နယ်အစိုးရအဖွဲ့သို့ အဝတ်အထည်များ  လာရောက်လှူဒါန်း

ဟားခါး ၁ ဇူလိုင်        

              

ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ဆမီးမြို့အတွင်းရှိ နေရပ်စွန့်ခွာသူ တိုက်ပွဲရှောင် ပြည်သူများအတွက် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်ကိုကိုအောင်နှင့် ဆရာဝန် အားလုံးတို့ စုပေါင်းပြီး အဝတ်အထည်များနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းပေးအပ်ခြင်းကို ဇွန် ၂၉ ရက် နံနက် ၁၀ နာရီက ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ရုံးခန်း၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 

ရှေးဦးစွာ ဟားခါးမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇင်ကိုကိုအောင်က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ဆမီးမြို့တို့မှ တိုက်ပွဲရှောင်ပြည်သူများအတွက် လူသားချင်းစာနာသောအားဖြင့် အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းနိုင်ရေးအတွက် ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန် များအားလုံးနှင့်အတူ မန္တလေးမြို့မှ အလှူရှင်များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းနှင့် ပတ်သက်၍  ရှင်းလင်း ပြောကြားပြီးနောက် အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြရာ ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ယနေ့လှူဒါန်းသော တိုက်ပွဲရှောင်ပြည်သူများအတွက် မန္တလေးမြို့မှ ဒေါက်တာခင်အေးစိန်က ငွေကျပ် ၆သိန်းတန်ဖိုးရှိ အဝတ်အထည် ၂၀၀၊ ဟားခါးမြို့ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်ကိုကိုအောင်နှင့် ဆရာဝန်များက ငွေကျပ် ၆သိန်း၃သောင်း တန်ဖိုးရှိ အဝတ်အထည် ၄၅ စုံ တို့ကို တိုက်ပွဲရှောင်ပြည်သူများလက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်အတွင်း ရှိတိုက်ပွဲရှောင်ပြည်သူများ စားဝတ်နေရေး အထောက်အကူပြုစေရန်  ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်လျက်ရှိရာ စေတနာရှင် အလှူရှင်များကလည်း လှူဒါန်း ထောက်ပံ့ပေးလျက်ရှိကြောင်း၊ အလှူရှင်များ ဆက်လက်ပေါ်ပေါက်လာနိုင်စေရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အဆင့်​ ကော်မတီဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း ချင်းပြည်နယ်အစိုးရ အဖွဲ့ပြောရေးဆိုခွင့်ရှိသူနှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက် က ပြောကြားခဲ့သည်။    

                                                                    

ခရိုင် ပြန်/ဆက်