ပလက်ဝမြို့၌ (၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်(အေ)နှင့်သံချဆေး တိုက်ကျွေးပေးလျက်ရှိ

ပလက်ဝ ၁၆ စက်တင်ဘာ

 

ပလက်ဝမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဦးစီးဌာနမှ (၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်(အေ)နှင့် သံချဆေးတိုက်ကျွေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ရွာမရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။

 

မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဦးစီးဌာနမှ သာဖွားဆရာမ ဒေါ်နုစိန်က "ပလက်ဝမြို့ပေါ် ရပ်ကွက်တွေမှာရှိတဲ့ (၆)လမှ(၁)နှစ်ကလေးငယ်တွေကို ဗီတာမင်(အေ)တစ်သိန်းအား၊ (၁)နှစ်မှ (၅)နှစ်အောက် ကလေးငယ်တွေကို ဗီတာမင်(အေ)နှစ်သိန်းအားနဲ့ အသက်(၂)နှစ်မှ (၅)နှစ်အောက် ကလေးငယ်တွေကို သံချဆေး တိုက်ကျွေးပေးတာဖြစ်ပါတယ်" ဟုပြောကြားသည်။

 

ပလက်ဝမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကလေးငယ်များအတွက် ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများအပြင် နို့တိုက်မိခင်များကိုလည်း ကလေးငယ်ပြုစု စောင့်ရှောက်ခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အောင်ကျော်(ပြန်/ဆက်)

 

mdn