ပလက်ဝမြို့၏  သင်းသေချောင်းရေတံခွန် အပန်းဖြေစခန်းဖွင့်လှစ်

မောင်မောင်ကျော့ (ပလက်ဝ)

 

ချင်းပြည်နယ် ပလက်ဝမြို့သို့ လာရောက်လည်ပတ်သည့် ခရီးသွားများနှင့် မြို့နယ်သူ မြို့နယ်သားများ အပန်းဖြေအနားယူနိုင်ရန်အတွက် ပလက်ဝမြို့ ရိက္ခာရပ်ကွက် အနောက်ဘက်ရှိ သင်းချောင်းရေတံခွန် အပန်းဖြေစခန်းကို ဆောင်ရွက်ဖွင့်လှစ်ထားကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလင်းထံမှ သိရသည်။ သင်းသေချောင်း ရေတံခွန်သည် အဆင့်နှစ်ဆင့်ရှိပြီး မြို့တွင်းရေဖြန့်ဖြူးရေး၊ ရေအားလျှပ်စစ်ဖြန့်ဖြူးရေးနှင့် အပန်းဖြေစခန်းတစ်ခုအနေဖြင့် စွမ်းဆောင်ပေးနိုင်သည့် ရေတံခွန်တစ်ခုဖြစ်သည်။ ပလက်ဝမြို့မှ နှစ်ဖာလုံခန့်သာဝေးပြီး စက်ဘီး၊ ဆိုင်ကယ်၊ ခြေကျင်တို့ဖြင့် အချိန်မရွေးသွားလာနိုင်သည်။ ပလက်ဝ-မတူပီ ကားလမ်းဘေးတွင် တည်ရှိခြင်းဖြစ်သည်။ မြို့ပေါ်နေပြည်သူများ မိုးရာသီတွင် ရေတံခွန်မှ စီးဖြာသည့် ရေပန်းဖြင့် အပျော်သဘော သွားရောက်ရေချိုးကြခြင်းနှင့် ဆောင်းရာသီနှင့် နွေရာသီတို့တွင် အဖွဲ့လိုက်ပျော်ပွဲစားထွက်ကာ အပန်းဖြေအနားယူကြသည့် နေရာတစ်ခုလည်းဖြစ်သည်။

 

သင်းသေချောင်းရေတံခွန်၏ အပေါ်ပိုင်းသို့ ရိက္ခာရပ်ကွက်ရှိ အနောက်ဘက် တောင်တန်းအတိုင်း ခြေကျင်တက်လျှင် နာရီဝက်ခန့်ကြာတက်ရပြီး အပေါ်ရှိတောင်တန်းကြား ချောင်းရိုးတစ်လျှောက်လည်း သွားရောက်နိုင်သည်။ မိုးရာသီတွင်မူ သွားလာရခက်ခဲသည်။ ရေတံခွန်သို့ အပန်းဖြေခရီးလာရောက်ရင်း ဝန်းကျင်ရှိ ဘုရား၊ ပုထိုး ရှိရာ တောင်ကုန်းများသို့ သွားရောက်ဖူးမြော်နိုင်သည်။

 

စိမ်းလန်းစိုပြည်

 

သင်းသေချောင်းရေတံခွန် အနီးဝန်းကျင်တို့တွင် မြို့ပေါ်နေသူအချို့ နှစ်စဉ်ရွှေ့ ပြောင်းတောင်ယာများ ခုတ်ခဲ့ကြခြင်းကြောင့် မိုးရာသီတွင်သာ ရေပန်းဝေဖြာ စီးဆင်းပြီး ရေတံခွန်၏ အလှတရားကို ဖော်ဆောင်နိုင်ကာ ကျန်အချိန်များတွင် ရေစီးဆင်းမှု လျော့နည်းလာမှုကြောင့် ရေတံခွန် ရေစီးဆင်းမှုနှုန်းနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်မှုတို့ကို များစွာထိခိုက်လာခဲ့သည်။

ချင်းပြည်နယ်တစ်ခုလုံး၏ သစ်တောပြုန်းတီးစေသည့် ရွှေ့ပြောင်းတောင်ယာစနစ် ပပျောက်ရေးလုပ်ငန်း စီမံချက်များ ဆောင်ရွက်နေသည့် အချိန်အခါမျိုးတွင် ပလက်ဝမြို့ရှိ သင်းသေချောင်း ရေတံခွန်ကိုလည်း ရာသီချိန်ခါမရွေး ရေစီးဝေဖြာရေး၊ ပတ်ဝန်းကျင် အမြဲစိမ်းလန်းစိုပြေရေးနှင့် အပန်းဖြေစခန်းတစ်ခုအနေဖြင့် ထာဝရအသုံးပြုလာနိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၏ လမ်းညွှန်မှုကို ခံယူကာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာများပါဝင်ကြသည့် ပူးပေါင်းအဖွဲ့က သင်းသေချောင်း ကြိုးပြင်ကာကွယ်တောဧရိယာဧက ၅၂၀ ဖွဲ့စည်းနိုင်ရေးကို သစ်တောဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင့်ဆင့် တင်ပြညှိနှိုင်းဆောင်ရွက်မှုဖြင့် ကာကွယ် ထိန်းသိမ်းလျက်ရှိသည်။

 

အဆိုပါ သင်းသေချောင်းရေတံခွန်၏ စွမ်းဆောင်ပေးမှုများကို ပြည်သူများ အကျိုးရှိရှိ ပြန်လည်အသုံးပြု နိုင်ရေးအတွက် ကြိုးပြင်တောဧရိယာ ဖွဲ့စည်းသတ်မှတ်ပေးခဲ့မှုနှင့်အတူ ယခုအခါ ရေတံခွန်အောက်ခြေဝန်းကျင် ကို မြို့နယ်လျှပ်စစ်ဌာနမှ မြို့နယ်စည်ပင်သာယာရေးကော်မတီက လွှဲပြောင်းလက်ခံပြီး အပန်းဖြေစခန်းတစ်ခုအဖြစ် ပြုပြင်ပုံဖော် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဆွဲဆောင်မှုများရှိစေရန်

 

မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးထွန်းလင်းက လက်ရှိတွင် အပန်းဖြေနားနေစခန်းတစ်ခု တည်ဆောက်ပြီးစီးပြီဖြစ်ပါကြောင်း၊ နောင်တွင်လည်း စည်ပင်ကော်မတီအနေဖြင့် ရန်ပုံငွေခွင့်ပြုမှုပေါ်မူတည်ပြီး ရေအားလျှပ်စစ်ရုံအနီးမှ ရေတံခွန်အောက်ခြေထိ လှေကားထစ်များ တည်ဆောက်သွားရန် စီစဉ်ထားရှိပါကြောင်း၊ အနီးဝန်းကျင်ရှိ တောင်စောင်းများတွင်လည်း အလှ ပန်းပင်များ၊ အလှပန်းအိုးများစိုက်ကာ သင်းသေချောင်း အပန်းဖြေစခန်း သာယာလှပရေးနှင့် အပန်းဖြေအနားယူမည့်သူများ ပိုမိုလာရောက်နိုင်ရန် ဆွဲဆောင်မှုများရှိစေရန် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ သင်းသေချောင်း ရေတံခွန်အပန်းဖြေစခန်း ရေရှည် ထိန်းသိမ်းရေးအတွက် အပန်းဖြေ စခန်းဝင်ကြေးကောက်ခံမည် မဟုတ်ပါကြောင်း၊ လိုအပ်ပါက ဆိုင်ကယ်ရပ်နားစခန်းတစ်ခု တည်ဆောက်ပြီး အပန်းဖြေစခန်းသို့ လာရောက်ဈေးရောင်းချကြသူများနှင့် ဆိုင်ကယ်စောင့်ရှောက်သည့် အခွန်အခ အနည်းအကျဉ်း ကောက်ခံ၍လည်း အပန်းဖြေစခန်း ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောသည်။

 

ယခင်ထက် ပိုမို

 

သင်းသေချောင်းအပန်းဖြေစခန်းသို့ လာရောက်လည်ပတ်နေကြသူများအနက် နေ့စဉ်ညနေပိုင်းတွင် ရေချိုးရင်း လည်ပတ်ကြသည့် လူငယ်လူရွယ်များသာ အများဆုံးဖြစ်ကာ ရုံးပိတ်ရက်များတွင် မိသားစုအလိုက် ပျော်ပွဲစား လာရောက်လည်ပတ်မှုများလည်း ယခင်ထက် ပိုမိုလာရောက်နေပြီဖြစ်ကြောင်း၊ သင်းသေချောင်းရေတံခွန် အပန်းဖြေစခန်းတည်ဆောက်မှု ပြီးစီးသွားပါက မြို့ပေါ်ရှိ ပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားများအတွက် အပန်းဖြေ အနားယူချင်စရာ ဆွဲဆောင်မှုအပြည့်ရှိသော အပန်းဖြေစခန်းတစ်ခု ဖြစ်လာတော့မည်ဖြစ်ကြောင်း တွေ့ရှိခံစားရေးသားလိုက် ရပါသည်။

 

ကြေးမုံ