ပခုက္ကူမြို့နယ်၌ ခရမ်းကြွပ်သီးအပါအဝင် အခြားဟင်းသီးဟင်းရွက်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင် ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ပခုက္ကူ   ဇန်နဝါရီ   ၂၁

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းဦးကျေးရွာတွင် ခရမ်းကြွပ်သီးအပါအဝင် အခြားဟင်းသီး ဟင်းရွက်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ခြင်းဖြင့် နှစ်စဉ် မိသားစုအပိုဝင်ငွေ ရရှိကြောင်းသိရသည်။

 

ခရမ်းသီးကြွပ်သီး ဒသမ ၂၀ ဧကစိုက်ပျိုးထားပြီး  ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ စတင်ကာ မျိုးစေ့ချ ပျိုးထောင်စိုက်ပျိုးခဲ့ခြင်း ဖြစ်ကြောင်း၊ ယခင်နှစ်က စိုက်ပျိုးထွက်ရှိသည့် ခရမ်းကြွပ်သီးမျိုးများဖြစ်ပြီး မျိုးစေ့ချ ပျိုးပင်ပေါင်း ၈၀၀ ကျော်ကို ပြန်လည်စိုက်ပျိုးထားကြောင်း၊ လက်ရှိအချိန်တွင် ပျိုးပင်တစ်ပင်ကို ငွေကျပ် ၃ ကျပ်ပေးရပြီး စိုက်ပျိုးထားသော ပျိုးပင်များကို ပေါင်းနုတ်၊ မြေဩဇာကျွေးခြင်း၊ နေ့စဉ်ရေလောင်းပေးခြင်း ခရမ်းကြွပ်သီးအပွင့်များ ပိုးမကိုက်စေရန် ပိုးကောင်လေးများ ဖမ်းယူရှင်းလင်းပေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဂရုတစိုက် ဆောင်ရွက်ပေးရကြောင်း၊ စိုက်ပျိုးပြီးချိန် နှစ်လခန့်အကြာတွင် စတင်ခူးဆွတ် ရောင်းချရပြီး ခရမ်းကြွပ်သီး တစ်ပိဿာကို ငွေကျပ် ၈၀၀ ဖြင့် ရောင်းချရကြောင်း၊ ခရမ်းကြွပ်သီးကို နှစ်စဉ် ဒသမ ၂၀ ဧက စိုက်ပျိုးလျက်ရှိပြီး ယခင်နှစ်တွင် ငွေကျပ် ၁၁ သိန်းရင်းနှီးခဲ့ရာ ၁၉ ပိဿာ ထွက်ရှိသောကြောင့် အမြတ်ငွေ ငါးသိန်းခန့် ရရှိခဲ့ကြောင်း၊ ခရမ်းကြွပ်သီး ဝယ်ယူစားသုံးသူများပြားသော်လည်း ကျေးရွာတွင်း စိုက်ပျိုးလုပ်ကိုင်သူ နည်းပါးသောကြောင့် ယခင်နှစ်ထက် အမြတ်ငွေပိုမိုရရှိမည်ဟု ယုံကြည်ကြောင်း၊ ခရမ်းကြွပ်သီးအပြင် ငရုတ်၊ ပဲသီးရှည်၊ မုန့်ညှင်း စသည့် အခြားဟင်းသီးဟင်းရွက်များကိုလည်း  တစ်ပိုင် တစ်နိုင်စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း ခရမ်းကြွပ်သီးစိုက တောင်သူ ဦးခင်အောင်က ပြောပြသည်။

 

ယခုနှစ်တွင် ခရမ်းကြွပ်သီးများအထွက်နှုန်း ကောင်းမွန်သည့်အပြင် ဈေးကွက်လည်းကောင်းသောကြောင့် စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများအနေဖြင့် မိသားစုအပိုဝင်ငွေရရှိကာ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း များလည်း အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဆလိုင်းကိုကီး(ပခုက္ကူ)