ပခုက္ကူဈေးကွက်အတွင်း ကြက်သွန်နီပိဿာချိန်ပေါင်း ၅၀၀၀၀ ခန့် ဝင်ရောက်လာ

ပခုက္ကူ ဇန်နဝါရီ ၁၈

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၈)ရပ်ကွက်၊ ပန်းစွာ (ခ) ဦးမေဃ ကျောင်းတိုက်ဝန်းအတွင်းရှိ ကြက်သွန်ပွဲရုံ (ဈေးကွက်) အတွင်း ကြက်သွန်နီပိဿာချိန်ပေါင်း ၅၀၀၀၀ ခန့်အထိ နေ့စဉ်ဝင်ရောက်လာကြောင်း သိရသည်။

 

ပခုက္ကူမြို့၊ အမှတ်(၈)ရပ်ကွက်၊ ပန်းစွာ(ခ) ဦးမေဃ ကျောင်းတိုက်ဝန်းအတွင်းရှိ ကြက်သွန်ပွဲရုံတွင် ပခုက္ကူ၊ ဆိပ်ဖြူ၊ ပုလဲ-မင်းနိုင်၊ ပေါက်နှင့် ယောနယ်ဒေသများမှ တောင်သူများ၏ ကြက်သွန်နီများကို ၂၀၂၁ ခုနှစ်၊ ဧပြီလမှစတင်ပြီး ဈေးကွက် လက်ခံဆောင်ရွက်ကြရာ ယခုအချိန်ထိ အနည်းဆုံး ပိဿာချိန်ပေါင်း ၁၅၀၀၀ မှ အများဆုံး ပိဿာချိန်ပေါင်း ၃၅၀၀၀၀ ကျော်အထိ နေ့စဉ်ဝင်ရောက်လျက်ရှိကြောင်း၊ ယနေ့တွင် မိုးကြက်သွန်နီအိတ်ပေါင်း ၁၄၅၀ အိတ်၊ ပိဿာချိန်ပေါင်း ၅၀၀၀၀ ခန့်  ဝင်ရောက်လာရာ ကြက်သွန်နီတစ်ပိဿာကို အများဆုံးငွေကျပ် ၅၅၀ မှ အနည်းဆုံး ၁၀၀ ကျပ်တို့ဖြင့် ရောင်းချရကြောင်း၊ ယခင်နှစ်များတွင် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် ၁၈၀၀ မှ ၂၀၀၀ ကျပ်အထိ ရှိခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနေမှုကြောင့် ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အခက်အခဲများနှင့် ကြုံတွေ့ရခြင်း၊ ဒေသတွင်းဈေးကွက်များ၌ ကြက်သွန်ဝယ်လိုအား သိသာစွာ ကျဆင်းနေခြင်းတို့ကြောင့် ပုံမှန်ဈေးနှုန်းထက် ကျဆင်းနေကြောင်း၊ လက်ရှိချိန်တွင် ကြက်သွန်ဖြူဈေးမှာ တစ်ပိဿာလျှင် အများဆုံးငွေကျပ် ၃၀၀၀ မှ အနည်းဆုံး ၁၀၀၀ ကျပ်နှုန်းအထိရှိကြောင်း ပခုက္ကူခရိုင် ကုန်စိမ်းလိုင်းခွဲကော်မတီဥက္ကဋ္ဌ ဦးသန်းဝင်းထံက သိရသည်။

 

“ယခုနှစ်မှာ မိုးကြက်သွန်နီစိုက်ခင်း တစ်ဧကလျှင် ကျင်းပေါင်း ၁၉၈ ကျင်းစီဖြင့် နှစ်ဧကစိုက်ပျိုးထားပါတယ်။ ကြက်သွန်နီ တစ်ဧကအတွက် စိုက်စရိတ်ငွေကျပ် ၁၂၀၀၀၀၊ အလုပ်သမားခ ငွေကျပ် ၁၃၀၀၀၊ မြေဩဇာထည့်စရိတ် ငွေကျပ် ၁၂၀၀၀၀၊ လယ်ထွန်းစရိတ်ငွေကျပ် ၁၄၀၀၀၀၊ နွားရှင်းခ ငွေကျပ် ၂၀၀၀၀၊ ရေသွင်းစရိတ် ငွေကျပ် ၁၁၀၀၀၊ ပေါင်းသတ်ဆေးဖျန်းစရိတ် ငွေကျပ် ၁၀၀၀၀၀၊ ရိတ်သိမ်းစရိတ် ငွေကျပ် ၃၀၀၀၀၀ နှင့် အခြားလုပ်ငန်းများအတွက် အရင်းအနှီးစုစုပေါင်း (၁၂)သိန်းကျော် ကုန်ကျပါတယ်။ ကြက်သွန်နီတစ်ကျင်းတွင် ပိဿာချိန် ၂၀ ထွက်ရှိပြီး ရောင်းချနေဆဲကာလ ဖြစ်တာကြောင့် အမြတ်ရရှိငွေ ရရှိမှုတန်ဖိုး ခန့်မှန်းလို့မရနိုင်သေးပါဘူး။ ကျေးရွာရှိ တောင်သူတွေအနေနဲ့ ကြက်သွန်ကိုပဲ အဓိကထား စိုက်ပျိုးကြတာကြောင့် ကိုဗစ်-၁၉ ရောဂါကင်းစင်လို့ ပြည်ပဈေးကွက်တွေကို ကောင်းမွန်သော ဈေးနှုန်းတွေနဲ့ ရောင်းချနိုင်ဖို့ မျှော်လင့်နေပါတယ်” ဟု ပေါက်မြို့နယ်၊ ပျဉ်းချောင်းကျေးရွာမှ ကြက်သွန်နီ လာရောက်ရောင်းချသည့် တောင်သူ ဦးညီညီမင်းကျော်က ပြောပြသည်။

 

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)