ပါကစ္စတန်နိုင်ငံတွင် အမေရိကန်သံရုံး မော်တော်ယာဉ် မတော်တဆမှုဖြစ်ပွား တစ်ဦး သေဆုံး၊ ငါးဦး ဒဏ်ရာရ

၂၇ ဇန်နဝါရီ

 

ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့တော်ရှိ ကားတစ်စီးသည် အမေရိကန်သံရုံးမှ မော်တော်ယာဉ်တစ်စီးနှင့် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး အခြားငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စလာမာဘတ်မြို့တော် ရဲတပ်ဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ယမန်နေ့က ပြောကြားခဲ့သည်။

 

အစ္စလာမာဘတ်မြို့တော် ယာဉ်ထိန်းရဲတပ်ဖွဲ့ အဆင့်မြင့်ရဲမှူး ဖာရတ်ခ် ရာရှစ်ဒ် က သတင်းထောက်များကို ပြောကြားခဲ့သည်။ အရှိန်ပြင်းပြင်း မောင်းနှင်လာသော အမေရိကန်သံရုံးမှကားက နောက်ကနေဝင်တိုက်ခဲ့သဖြင့် အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အခြားငါးဦး ဒဏ်ရာရရှိခဲ့သည်။

 

ထိုသံရုံးကားမောင်းသူ၏ အရှိန်ပြင်းစွာမောင်းနှင်မှုနှင့် ပေါ့ဆမှုတို့ကြောင့် ယင်းသို့ မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းဒဏ်ရာရရှိသူများကို အစ္စလာမာဘတ်မြို့တော်ရှိ ပါကစ္စတန်ဆေးဘက်ဆိုင်ရာ သိပ္ပံဌာန ဆေးရုံသို့ ရွှေ့ပြောင်းခဲ့သည်။

 

ထိုမတော်တဆမှုဖြစ်ပွားပြီးနောက် ယင်းဖြစ်ပွားရာနေရာသို့ ရဲတပ်ဖွဲ့၊ ကယ်ဆယ်ရေး အဖွဲ့များ ချက်ချင်း ရောက်ရှိလာကြသည်။ ရဲတပ်ဖွဲ့က ၎င်းယာဉ်မောင်းကို အမှုဖွင့်ကာ ထိုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှု စတင်လုပ်ဆောင်ခဲ့သည်။

 

အမေရိကန်သံတမန်များပါရှိသော အမေရိကန်သံရုံး မော်တော်ယာဉ်များသည် မကြာသေးမီနှစ်များအတွင်း ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားကာ အစ္စလာမာဘတ်မြို့တော်ရှိ ပြည်သူများ သေဆုံးကြရသည်။

 

ယင်းမတော်တဆမှုကြောင့် ထိုသံတမန်မှာ ခေတ္တထိန်းသိမ်းခံခဲ့ရသော်လည်း သံတမန်ရေးရာ ကင်းလွတ်ခွင့်ကြောင့် ၎င်းကိုတရားစွဲခြင်း မပြုလုပ်နိုင်ခဲ့ပေ။

 

၂၀၁၈ ခုနှစ် အစောပိုင်းက အစ္စလာမာဘတ်မြို့ရှိ အမေရိကန်အဆင့်မြင့်သံတမန် တစ်ဦးစီးလာသော မော်တော်ယာဉ်သည် ယာဉ်ကြောလိုင်းတစ်ခုတွင် မော်တော်ဆိုင်ကယ်တစ်စီးကို တိုက်မိကာ ဆိုင်ကယ်သမားသေဆုံးခဲ့ပြီး ဆိုင်ကယ်နောက်ခုံတွင် လိုက်ပါသူမှာ ဒဏ်ရာရရှိခဲ့သည်။

 

ဒေသန္တရ အစီရင်ခံစာများအရ ၎င်းသည် အမေရိကန်ဉပဒေများအရ တရားစွဲဆိုခံရလိမ့်မည် ဟု အမေရိကန် တာဝန်ရှိသူများက အခိုင်အမာပြောကြားခဲ့ပြီးနောက် ထိုနိုင်ငံမှ ထွက်ခွာခွင့်ပြုခဲ့သော်လည်း ၎င်း၏အမည်ကို ပြည်ပထွက်ခွင့်တားမြစ်သည့် စာရင်းတွင် ထည့်သွင်းခဲ့သည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို