ပါကစ္စတန်နိုင်ငံ ပန်ဂျပ်တွင် ခရီးသည်တင် ယာဉ်နှင့် ကုန်တင်ကား တိုက်မှုဖြစ်ပွား ခြောက်ဦး သေ၊ ၁၂ ဦး ဒဏ်ရာရ

၉ ဇူလိုင်

 

 

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ယမန်နေ့က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သဖြင့် ခြောက်ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

 

အဆိုပါပြည်နယ် ရာဟင်မ် ယာခန်မြို့ရှိ အဝေးပြေး လမ်းမတွင် ခရီးသည်တင် ယာဉ်တစ်စီးနှင့် ကုန်တင်ကားတို့ တိုက်မှုဖြစ်ပွားခဲ့ကြောင်း ထိုမြို့ရဲအရာရှိ တစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။

 

 

ထိုခရီးသည်တင်ယာဉ်သည် အအာလီပါ တီစဲလ် မှ ဆာဒီကာဘတ်သို့ သွားနေစဉ် မတော်တဆမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

 

 

၎င်းခရီးသည်တင် ယာဉ်သည် အဝေးပြေး လမ်းမပေါ်တွင် မော်တော်ဆိုင်ကယ်စီးသူကို ရှောင်ရှားရန် ကြိုးစားနေစဉ် အရှိန်မထိန်းနိုင်ဖြစ်ပြီး ကုန်တင်ကားနှင့် တိုက်မိခဲ့ခြင်း ဖြစ်သည်ဟု ထိုရဲအရာရှိက ထပ်လောင်းပြောကြားသည်။

 

 

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ယင်းနေရာသို့ ရဲအရာရှိ များနှင့်အတူ ကယ်ဆယ်ရေး အဖွဲ့များ ရောက်ရှိလာပြီး ဒဏ်ရာရရှိသူ အားလုံးကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဒဏ်ရာရရှိသူများအနက် အများစုမှာ အခြေအနေ စိုးရိမ်ရသည်ဟု ဖော်ပြထားသည်။

 

 

ပါကစ္စတန်နိုင်ငံတွင် လမ်းအန္တရာယ် ကင်းရှင်းရေး အစီအမံများ၏ ပေါ့ဆမှုနှင့် လမ်းမများ ပျက်စီးယိုယွင်းနေမှုတို့ကြောင့် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို