ပိုးမွှားများကို သက်ရှိများဖြင့် နှိမ်နင်းသည့် ဇီဝနည်း

၂၀၀၆ ခုနှစ်ပိုင်းလောက်က ဖြစ်သည်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတစ်ခု၌ ကြွက်များဖျက်ဆီးသဖြင့် စိုက်ပျိုးထားသည့် ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးသည့် သတင်းတစ်ပုဒ်ကို နိုင်ငံပိုင်သတင်းစာတစ်စောင်၌ ဖတ်ရှုလိုက်ရသည်ကို မှတ်မိသည်။ မြန်မာနိုင်ငံ၏နယ်စပ် တရုတ်နိုင်ငံဘက်မှ မြွေများဈေးကောင်းပေးဝယ်သဖြင့် ထိုဒေသရှိ နယ်ခံများက မြွေမျိုးစုံကို ဖမ်းဆီးပြီး တရားမဝင်ရောင်းချသည့် ပေါ်ပင်အလုပ်ကို အလုအယက် လုပ်ကိုင်ကြရာ စီးပွားလမ်းအတော်ဖြောင့်ကြ၏။

 

မကြာမီပင် ထိုဒေသ၌ ကြွက်များအဆမတန် ပေါက်ပွားလာကာ စိုက်ပျိုးထားသည့် သီးနှံများကို ကိုက်ဖြတ်စားသောက်ကြ၍ စိုက်ပျိုးသီးနှံများ ပျက်စီးကုန်သည့်အကြောင်းကို ရေးသားထားသောသတင်းပင် ဖြစ်သည်။ အကြောင်းရင်းမှာ ၎င်းဒေသ၌ မြွေများရှားပါး ကုန်ရာမြွေ၏အစာဖြစ်သောကြွက်များ ထိန်းမရနိုင်အောင် တိုးပွားလာကာ စိုက်ပျိုးသီးနှံများကို စားသောက် ဖျက်ဆီးကြခြင်းကြောင့် ဖြစ်လေသည်။ အပင်နှင့် သတ္တဝါများကို ၎င်းတို့ရှင်သန်နေထိုင်ရာ ပတ်ဝန်းကျင်နှင့် ဟန်ချက်ညီအောင် သဘာဝတရားကြီးက ဂေဟဗေဒစနစ်ဖြင့် ထိန်းကျောင်းပေးထားသည်။ တစ်စုံတစ်ခုသော ပယောဂကြောင့် အပြန်အလှန်မှီတင်းနေထိုင်သည့် ဂေဟဗေဒစနစ်တစ်ခု တိမ်းစောင်းခဲ့သော် မမျှော်လင့်သည့် ဆိုးကျိုးများဖြစ်ပေါ်ကျရောက်မည်မှာ မလွဲဧကန် ဖြစ်ပေသည်။

 

ရေချိုငါးမျိုးစိတ်များ၌ ၎င်းတို့၏စားသောက်ပုံ အလေ့အထ (Feeding habited) အရ အသီးအရွက်စား ငါးနှင့် အသားစားငါးဟူ၍ ရှိ၏။ မိုးဦးကျငါးမျိုးများ သားပေါက်ချိန်တွင် အသားစားငါးမျိုးစိတ်က ဦးစွာဥချ သားပေါက်ပြီးမှ အသီးအရွက်စား ငါးမျိုးများက ၎င်းနောက်မှလိုက်ကာ သားပေါက်သည်။ အကြောင်းမှာ ငါးပတ်၊ ငါးရံ့ ကဲ့သို့ အသားစားငါးမျိုးများက တစ်ကြိမ် သားပေါက်လျှင် ကောင်ရေထောင်၊ သောင်းမျှ ပေါက်သော်လည်း အသီးအရွက်စားငါးမျိုးစိတ်ဖြစ်သော ငါးကြင်းမျိုးများက သိန်း၊ သန်း၊ ကုဋေချီ၍ ဥချသားပေါက်၏။ အသားစား ငါးပေါက်လေးများ အကောင်ပေါက်၍ ပါးစပ်ဖွင့်ကာ အစာစတင်စားမည့်အချိန်တွင် ၎င်းတို့၏အစာဖြစ်သော အရွက်စားငါးလေးများက အသင့်ဖြစ်နေအောင် ထိန်းကျောင်းထားခြင်း ဖြစ်သည်။ သို့မဟုတ်က ရေပြင်အပြည့် ငါးအုပ်ကြီးက ဖုံးလွှမ်းသွားပေမည်။

 

၂၀၁၉ ခုနှစ်ပိုင်းအတွင်း ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်၌ ကြွက်များသောင်းကျန်းလွန်းသဖြင့် တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးကလင်းမြွေများလွှတ်ပေးရန်စီမံရာ ထိုအချက် ကိုထောက်၍ အများစုက လှောင်ပြောင်ရယ်သွမ်းသွေးကြသည်ကို လူမှုကွန်ရက်စာမျက်နှာထက်တွင် ဖတ်ရှုလိုက်ရသည်။ လင်းမြွေသည် အဆိပ်မရှိသည့် မြွေမျိုးစိတ်ဖြစ်၍ မြွေ၏အစာဖြစ်သော ကြွက်များကို ဇီဝနည်း၊ တစ်နည်းအားဖြင့် သဘာဝနည်းဖြင့် နှိမ်နင်းရန် ထိုပုဂ္ဂိုလ်က အကြံပြုခြင်းဖြစ်မည်ဟု စဉ်းစားမိလိုက်သည်။ ၎င်းနည်းစနစ်သည် သက်ရှိကို သက်ရှိဖြင့် ထိန်းကျောင်းသည့် (Biological Control) စနစ် ဖြစ်သည်။

 

ယခုနှစ် ဖေဖော်ဝါရီလပိုင်းအတွင်းက နိုင်ငံပိုင် သတင်းစာများတွင် ဒေးဒရဲမြို့နယ်နှင့် ဖျာပုံမြို့နယ်များရှိ စပါးစိုက်ခင်းများအတွင်း လိပ်ပြာမျိုးရင်းဝင် စပါးဖျက် ပိုးများကို ကာကွယ်နှိမ်နင်းရန် ထရိုင်ဂရားမားဥကပ်ပါး နကျယ်ကောင်များလွှတ်ခြင်းကို စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် သတင်းကို ဖတ်ရှုလိုက်ရသည်။ ဤနည်းသည် ဇီဝနည်းဖြင့် ပိုးမွှားကာကွယ်နှိမ်နင်းသည့် စနစ်ဖြစ်ပြီး သီးနှံစိုက်ခင်းများအတွင်း၌ ကျရောက်သော သီးနှံဖျက်ပိုးမွှားများကို စားသောက်သည့် သားရဲပိုးမွှားများကို အသုံးချနှိမ်နင်းခြင်း ဖြစ်လေသည်။ ၎င်းနည်းသည် ပိုးမွှားအချင်းချင်း ပြန်စား၍ ထိန်းကျောင်းသောနည်းဖြစ်ပြီး ဤနည်းဖြင့် မြန်မာနိုင်ငံတွင် ကုလားပဲသီးလုံး ဖောက်ပိုးကို နှိမ်နင်းလျက်ရှိကြောင်း သိရှိရပါသည်။

 

ယခုအခါ ကမ္ဘာအရပ်ရပ်၌ ဓာတုဗေဒပိုးသတ်ဆေးများကို စိုက်ပျိုးရေးလုပ်ငန်းများ၌ မဆင်မခြင်သုံးစွဲနေမှုကြောင့် လူသားများနှင့်ပတ်ဝန်းကျင်ကို ပိုးသတ်ဆေး အဆိပ်သင့်သည့်ဒဏ်များစွာ ခံစားနေရသည်။ မြန်မာနိုင်ငံ၌လည်း ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများကို စည်းကမ်းမဲ့စွာ တလွဲသုံးစွဲနေကြရာ သဘာဝရေနက်ကွင်းများရှိ ငါးမျိုးစိတ်တော်တော်များများမှာ မျိုးတုံးမည့် အန္တရာယ်နှင့် ကြုံတွေ့နေရ၏။

 

စိုက်ပျိုးရေးလုပ်ငန်းများ၌ ပိုးသတ်ဆေးသုံးစွဲမှု အစားထိုးဖြစ်သော ဇီဝနည်းဖြင့် ပိုးမွှားများကာကွယ် နှိမ်နင်းရေးစနစ်သည် စိုက်ပျိုးသီးနှံများတွင် ပိုးသတ်ဆေး ဓာတုဓာတ်ကြွင်းများ ကင်းလွတ်ခြင်း၊ ပိုးသတ်ဆေး ကိုင်တွယ်သုံးစွဲသည့် တောင်သူများနှင့် အခြားသော သက်ရှိသတ္တဝါများ အဆိပ်သင့်မှုလျော့ပါးခြင်း အစရှိသည့် ကောင်းကျိုးများရရှိစေမည် ဖြစ်ပါသည်။

 

လတ်တလောအခြေအနေတွင် အာဖရိကနိုင်ငံအချို့နှင့် ပါကစ္စတန်နိုင်ငံရှိ သီးနှံစိုက်ခင်းများ၌ ကျိုင်းကောင်များ သန်းနှင့်ချီ၍ ကျရောက်ဖျက်ဆီးလျက်ရှိပါသည်။ ဘဲများက ကျိုင်းကောင်များကို စားသုံးသည့် ဓလေ့ရှိပါသည်။ ဘဲတစ်ကောင်သည် တစ်နေ့လျှင် ကျိုင်းကောင် ၂၀၀ ကျော်စားနိုင်ပြီး ယင်းနည်းလမ်းသည် ပိုးသတ်ဆေး အသုံးပြုသည်ထက် ပိုမိုထိရောက်သည်ဟု စိုက်ပျိုးရေး ပညာရှင်တစ်ဦးက ဆိုပါသည်။ သို့ဖြစ်ရာ ပါကစ္စတန်နိုင်ငံသည် အိမ်နီးချင်းတရုတ်နိုင်ငံမှ ဘဲကောင်ရေတစ်သိန်း တင်သွင်းခြင်းဖြင့် ဇီဝနည်းဖြင့် ကျိုင်းကောင်များအန္တရာယ်ကို ကာကွယ်နှိမ်နင်းရန် စီမံဆောင်ရွက်လျက်ရှိသည်ဟု သိရှိရကြောင်းတင်ပြလိုက်ရပါသည်။

 

စံလွင်(ငါးဦးစီး)