ဖရူဆိုမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်းဖွင့်လှစ်

ဖရူဆို ၊ ၂၆  ဇန်နဝါရီ        

ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုသင်တန်း  အမှတ်စဉ် (၁/၂၀၂၁) ကို ယနေ့နံနက် ၁၀ နာရီက မြို့မကျေးရွာအုပ်စု ဆိုလျားကူးကျေးရွာ၌ ဖွင့်လှစ်သည်။
    
သင်တန်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်းက အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူစင်သန့်က ကျေးလက်နေပြည်သူများ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် မိသားစုဝင်ငွေ တိုးပွားလာ စေရန် သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းနှင့် သင်တန်းမှရရှိသော ပညာရပ်များကို မိမိတို့ ရပ်ရွာတွင် အကျိုးရှိစွာပြန်လည်အသုံးချစေလိုကြောင်း ပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြ ဆရာများမှ သင်တန်းတွင်သင်ကြားပေးမည့် လူသုံးကုန်ပစ္စည်းများအကြောင်းကို မိတ်ဆက်ရှင်းလင်းခဲ့သည်။

အဆိုပါသင်တန်းတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းများဖြစ်သော ဘက်စုံသုံးဆပ်ပြာရည်၊ Hand Gel ၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာခဲ၊ ပန်းကန်ဆေးဆပ်ပြာ၊ လက်ဆေး ဆပ်ပြာခဲ၊ ဆပ်ပြာခရင်၊ အထည်အမွှေးရည်၊ မှန်ကြည်ဆေးနှင့် ဆေးဆပ်ပြာခဲ   ပြုလုပ်နည်းကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဇန်နဝါရီလ ၂၆ ရက်မှ ဖေဖော်ဝါရီ ၄ ရက် အထိ (၁၀)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ရာ မြို့မကျေးရွာအုပ်စုအတွင်းရှိ  ဒေသခံပြည်သူ (၂၅) ဦး တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)