ဖရူဆိုမြို့နယ်အတွင်း CFW စီမံကိန်းများ ရာနှုန်းပြည့်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး

ဖရူဆို ၂၃ စက်တင်ဘာ

နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economic Plan (CERP) အရ ကျေးလက်ဒေသနေမိသားစုများ ဝင်ငွေလျော့နည်းလားမှုနှင့် စားဝတ်နေရေးအခက်များကို ကုစားနိုင်ရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(Village Revolving Fund Project)များအား ကယားပြည်နယ်အတွင်း မြို့နယ်(၇)မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်အတွင်း ကျေးရွာ(၂၄)ရွာတွင် တစ်ရွာလျှင် Cash for Work စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀၀)စီဖြင့် ကျေးရွာမှ ရွေးချယ်သော ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာမှ ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခပေးချေခြင်းဖြင့် လတ်တလောဝင်ငွေ ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်သည်။

အဆိုပါ CFW စီမံကိန်းရန်ပုံငွေဖြင့် ဖရူဆိုမြို့နယ်အတွင်း ကျေးရွာ(၂၄)ရွာတွင် ဆောင်ရွက်ခဲ့သော လုပ်ငန်းရပ်များမှာ ကျေးရွာတွင်းလမ်းနှင့် ကုန်ထုတ်လမ်းများ ပြုပြင်ခြင်း (၃၂) ခု၊ ရေရရှိရေးလုပ်ငန်း (၈) ခု၊ အများပိုင်အဆောက်အဦးများ၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်း (၅)ခုနှင့် အခြားလုပ်ငန်း (၃)ခုဖြစ်ပြီး ရန်ပုံငွေပေါင်း ကျပ်သိန်း(၂၄၀၀)ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ Cash for Work စီမံကိန်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ Covid-19 စီပွားရေးကုစားမှုအစီအစဉ်ကို အထောက်အကူပြုခြင်း၊ ပြည်သူများ ချက်ချင်းဝင်ငွေရရှိခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်သော အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကုန်ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် လယ်ယာသားငါးကဏ္ဍ ဖွံ့ဖြိုးမှုကို အထောက်အကူပြုခြင်းများအပြင် ကျေးရွာနေပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု အလေ့အထကောင်းများအား ကောင်းလာစေခြင်း စသည့် အကျိုးကျေးဇူးများကို မြင်တွေ့ခံစားကြရမည် ဖြစ်သည်။

လင်းသန့်မေ(ကျေးလက်)