ဖန်နန်းရှင်၊ မှန်နန်းရှင်နဲ့ မှန်နန်းရာဇဝင်ဆိုတာ...

သိပ္ပံစာရေးဆရာကိုကိုအောင်

 

စစ်ကိုင်းမင်း(၁၈၁၉-၃၇)လက်ထက် အေဒီ-၁၈၂၁ က နန်းတော်ကြီး မီးလောင်သွားခဲ့ရာ နန်းတော်အသစ်ကို ဖန်၊ မှန်တို့ဖြင့် ပြန်လည်ဆောက်လုပ်ခဲ့သဖြင့် စစ်ကိုင်းမင်းကို ဖန်နန်းရှင်၊မှန်နန်းရှင်ဟု ခေါ်တွင်ခဲ့ကြသည်။ ထိုမင်းလက် ထက်က ပညာရှင်များစုပေါင်း၍ မှန်နန်းတော်တွင် ပြုစုရေးသားခဲ့သော ရာဇဝင်ကို မှန်နန်းရာဇဝင်ဟု အမည်ပေး ထားခဲ့သည်။ ထိုမင်းလက်ထက်က ရေးသားခဲ့သော ပါပဟိန်ပြဇာတ်တွင် ဦးကြင်ဥက နန်းတော်အဆောင်ကို "သလွန်ဖန်ဆောင်၊စိန်ကြာညောင်မှာ"ဟု ဖွဲ့ဆိုခဲ့သည်။ နောင်မင်းများ လက်ထက်တွင်လည်း မြို့တော် နေရာကို ပြောင်းရွှေ့ကာ အကြိမ်ကြိမ် မြို့သစ်တည် နန်းသစ်တည်ဆောက်ကြသည်။ ထိုနန်းတော်များတွင်လည်း ဖန်မှန်တို့ဖြင့် တန်ဆာဆင်ထားသော အဆောင်တော်ပါရှိသည်။ အထူးသဖြင့် ရတနာပုံရွှေနန်းတော်တွင် မှန်ဖြင့် မွမ်းမံတန်ဆာ ဆင်ထားသော အဆောင်သည် မှန်နန်းဆောင်ဟု ထင်ရှားပြီး ထိုအဆောင်တွင်ခစားရသော အပျိုတော်များကို မှန်နန်း အပျိုတော်ဟု သီးခြားခေါ်တွင်ကာ မှန်နန်းအပျိုတော်များက အခြားအပျို တော်များထက် အဆင့်အတန်း မြင့်သည်။ သီပေါမင်းလက်ထက် သက္ကရာဇ် ၁၂၄၆ ခုနှစ် (အေဒီ ၁၈၈၄) အတာတက်သည့်နေ့ ပွဲသဘင်အခမ်းအနားတွင် ဖလ်မြေ စံနန်းတော်အရှေ့ဘက်တွင် မွန်အငြိမ့် ခင်းကျင်းတီးမှုတ်ရသည်ဟု ရာဇဝင်ကျမ်းများက ဖော်ပြခဲ့သည်။ ဖန်မြေမှန်မြေ (Glass Tiles)ခင်းထားသော စံနန်းတော်ဟု ယူဆရသည်။


တန်ဆာမွမ်းမံစီခြယ်
စစ်ကိုင်းမင်းက နန်းတော်ကို ဖန်ဖြင့်ဆောက်လုပ်ခဲ့သောကြောင့် ဖန်နန်းရှင်ဟု ထင်ရှားခဲ့သည် ဆိုသော်လည်း ထိုမင်း၏ ဘိုးတော်ဖြစ်သော ဗဒုံမင်း (၁၇၈၂-၁၈၁၉) လက်ထက်ကပင် နန်းတော်ကို ဖန်နန်းဟု တင်စားဖွဲ့ဆိုခဲ့မှုများကို တွေ့ရသည်။ ဗဒုံမင်း လက်ထက်ကရေးသားသော ဆယ့်နှစ်ရာသီဘွဲ့လူးတားတွင် ဦးယာက နန်းတော်သူများကို "ဖော့ပန်းအတူ၊ ဖလ်နန်းသူတို့"ဟု ဖွဲ့ဆိုခဲ့သည်။ ထို့ကြောင့်ပင် စစ်ကိုင်းမင်းမတိုင်မီ ကာလကတည်းက နန်းတော်များ၌ ဖန်ဖြင့်တန်ဆာဆင်မွမ်းမံမှုများ ရှိခဲ့သည်ဟု ဆိုနိုင်သည်။ အထူးသဖြင့် ဗဒုံမင်းလက်ထက်တွင် ဖန်အသုံးပြုပုံကို အများအပြားတွေ့ရသဖြင့် နန်းတော်ကိုလည်း ဖန်ဖြင့် တန်ဆာဆင်မွမ်းမံစီခြယ်သည်ဟု ယူဆရသည်။


ဗဒုံမင်းလက်ထက်တွင် ဖန်ကို ကျောက်မျက်ရတနာများနှင့်အတူ တွဲဖက်၍ အဆင်တန်ဆာအဖြစ် မွမ်းမံခြယ်သမှုများကို တွေ့ရသည်။ ထိုမင်းလက်ထက် မြန်မာသက္ကရာဇ် ၁၁၆၅ ခုနှစ် (အေဒီ ၁၈၀၃) ဝါခေါင်လတွင် ဟံသာ၀တီ ကျေး လိုင်မြို့နယ် မင်းလှအရပ်မှဆက်သသော ဆင်ဖြူမ (သီရိမလ္လာမဟာ သုဘတ္တာ)ကို ကြိုယူလက်ခံရာ၌ စစ်ကိုင်းမြို့တွင် ဆင်ဖြူတော်အတွက် ဖန်၊ မှန်၊ ပတ္တမြားစီခြယ်သသော တန်ဆောင်းပြာသာဒ်ကို ဆောက်လုပ်ခဲ့ကြသည်။ ထို့နောက် မင်းကွန်းစံနန်းရှေ့တွင် ဆင်ဖြူတော်အတွက် ဖန်၊ မှန်၊ ပတ္တမြားစီ ခြယ်ပြီး ဘုံ ၅ ဆင့်ရှိသော ရွှေတန်ဆောင်းနှင့်တကွ ဖန်၊ မှန်၊ ပတ္တမြားစီခြယ်ပြီး ဇမ္ဗူရာဇ်ရွှေအတိပြီးသော မှီတိုင်မှီအုံးများကိုလည်း လုပ်ဆောင်ကြရသည်။


တစ်ဖန် မြန်မာသက္ကရာဇ် ၁၁၆၈ ခုနှစ် (အေဒီ-၁၈၀၆)နှစ်တွင် ဟံသာ၀တီ မြို့၊ နိဗ္ဗာန်ရွာအရှေ့ သံတံခါး တောမှရသော ဆင်ဖြူတော်တစ်စီးကို ဆက်သပြန်သည်။ ထိုဆင်ဖြူတော်ကိုလည်း ရှေးနည်းအတိုင်းပင် လမ်းခရီးတစ်လျှောက် ရပ်နားရာ ဆိပ်ကမ်းမြို့များတွင် ဖန်၊ မှန်၊ ပတ္တမြားစီခြယ်သော တန်ဆောင်းများဆောက်လုပ်၍ ကြိုဆိုကြရသည်။ မင်းကွန်းစံနန်းတော် ရှေ့တွင် ဖန်၊ မှန်၊ ပတ္တမြားစီခြယ်ပြီး ရွှေအတိပြီးကာ ဘုံ ၅ ဆင့်ရှိသော တန် ဆောင်း ပြာသာဒ်နှင့် ထိုတန်ဆောင်းအတွင်း ဖန်၊ မှန်၊ ပတ္တမြားစီခြယ်သော ဇမ္ဗူရာဇ်ရွှေစင်အတိပြီးသည့် မှီတိုင်မှီအုံးများ အစုံအလင် ဆောက်လုပ်လျက် ခမ်းနားကြီးကျယ်စွာ ကြိုယူပြီးလျှင် ဆင်ဖြူတော်ကို နိဗ္ဗာနပစ္စယနာဂရာဇာဟု ဘွဲ့မည် တပ်တော်မူခဲ့သည်။


ထို့ပြင် ဗဒုံမင်းလက်ထက်က စေတီပုထိုးများတည်ရာ၌ ရွှေ၊ ငွေ၊ ကြေး ဆင်းတုတို့နှင့်အတူ ဖန်ဆင်းတု အများအပြား ဌာပနာသည်ကိုလည်း တွေ့ရှိရသည်။ မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ် (အေဒီ-၁၇၈၁)က စစ်ကိုင်းအောင်မြေ လောကစေတီတွင် ရွှေ၊ ငွေစေတီငယ်များနှင့်အတူ ဖန်စေတီ၊ ဖန် သပိတ်၊ ဖန်ထီး၊ ဖန်တံခွန်၊ ဖန်ပဒေသာ၊ ဖန်မီးတိုင်များကို ဌာပနာခဲ့သည်။ ထို့ပြင် စေတီ၏ ဒုတိယဌာပနာတိုက်တွင် သုမေဓာရှင်ရသေ့ ဗျာဒိတ်ခံယူသော အခန်းမှစ၍ ဘုရားဖြစ်တော်မူသည်အထိ ဗုဒ္ဓဝင်အခန်းများ၌ ဖန်ကိုသွန်း၍ ဌာပနာခဲ့သည်။ မင်း၊ မိဖုရား၊ သားတော်၊ သမီးတော်၊ ဆွေတော်၊ မျိုးတော် မှူးတော်၊ မတ်တော်များကလည်း ရွှေငွေ၊မိုးကြိုး၊ပယင်း၊ ပဉ္စလောဟာ၊ ဖန်မှန် တို့ဖြင့် ပြီးသော ရုပ်တုတော်၊ဆင်းတုတော်များကို ဌာပနာကြသည်။ ထို့နောက် မြန်မာသက္ကရာဇ် ၁၁၅၈ ခုနှစ် (အေဒီ-၁၇၉၆)က မင်းကွန်းပုထိုးတော်ကြီးတွင် ဖန်ဆင်းတု ၁၇၇ ဆူ၊ ဖန်စေတီ ၁၂၉ ဆူ၊ မှန်စီပြာသာဒ် ၂၈ ဆောင်၊ ဖန်ကရား တစ်ပင်တိုင် ၁ ဆူ၊ ဖန်ပဒေသာ အခက်အရွက် ၁ စုံတို့ကို ရွှေ၊ ငွေစေတီများ၊ ဆင်းတုများနှင့်အတူ ဌာပနာခဲ့သည်။


ဌာပနာခဲ့
ရှင်ဖြူရှင်ဘုရားကို မြန်မာသက္ကရာဇ် ၁၁၆၅ ခုနှစ် (အေဒီ-၁၈၀၃)၌ တည်ထားသောအခါ မြေးတော် အိမ်ရှေ့မင်းဖြစ်သော စစ်ကိုင်းမင်းသားက ရွှေဆင်း တု ၂၃ ဆူ၊ ငွေဆင်းတု ၂၂၉ ဆူ၊ ပယင်းဆင်းတု ၃ ဆူ၊ ဖန်ဆင်းတု ၁ ဆူ ထည့် သွင်း၍ ဌာပနာခဲ့သည်။ စစ်ကိုင်းမင်းသားသည် မင်းအဖြစ်ကိုရပြီးနောက် မြန်မာသက္ကရာဇ် ၁၁၈၂ ခုနှစ် (အေဒီ-၁၈၂၀)၌ စည်းခုံစေတီတော်ကို တည် ထားကိုးကွယ်ရာတွင် အခြားသော ရွှေငွေရတနာ ပစ္စည်းများနှင့်အတူ ဖန်ဆင်း တု ၁၂ ဆူ ဖန်စေတီ ၁၇ ဆူ တို့ကို ဌာပနာခဲ့သည်။


ထိုခေတ်ကာလက မြန်မာနိုင်ငံ၏ အိမ်နီးချင်းဖြစ်သော အိန္ဒိယ၊ သီဟိုဠ်၊ တရုတ်ပြည်တို့တွင်လည်း ဖန်နှင့် ဖန်ထည် ပစ္စည်းများ ထွန်းကားတွင်ကျယ် လျက် ရှိနေပြီ ဖြစ်သည်။ ထိုစဉ်က ဖန်သည် ရွှေငွေရတနာများနှင့် တစ်တန်း တစ်စားတည်း နေရာပေး သတ်မှတ်ခြင်းခံခဲ့ရသည်။ ဆင်းတုတော်၊ စေတီ တော်၊ ထီး၊ တံခွန်စသော သာသနိကပစ္စည်း၊ ဘာသာရေးဆိုင်ရာပစ္စည်းအဖြစ် သာမကဘဲ တစ်နိုင်ငံနှင့်တစ်နိုင်ငံ မင်းတစ်ပါး နှင့်တစ်ပါး ပို့ဆက်ကြသော လက်ဆောင်ပဏ္ဏာပစ္စည်းအဖြစ်လည်း ရှေ့တန်း၌ နေရာရလျက်ရှိနေခဲ့သည်။ စစ်ကိုင်းမင်း လက်ထက် မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ် (အေဒီ-၁၈၂၃) ခုနှစ် တွင် သီဟိုဠ်ကျွန်းဇော်ဂျီတို့က ဘုရင်မင်းမြတ် ကိုးကွယ်တော်မူရန် ပုလဲ ဆင်းတုတော်နှင့် ဖန်ဆင်းတုတော်များကို ဆက်သကြောင်း၊ တရုတ်ဥဒည်မင်းက ဆက်သသော လက်ဆောင်တော် များထဲတွင် "ဖန်ဖြူ လက်ဖက်ရည် သောက်အဖုံး အောက်ခံပါ သေတ္တာငယ် ၂ "လည်းပါကြောင်း ရာဇဝင်၌တွေ့ရ သည်။ အလားတူပင် သာယာ၀တီမင်း (ရွှေဘိုမင်း ၁၈၃၇-၄၆)လက်ထက် သက္ကရာဇ် ၁၂၀၄ ခုနှစ် (အေဒီ-၁၈၄၂) ခုနှစ်တွင် တရုတ်ပြည်မှဆက်သသော လက်ဆောင်တော်များထဲတွင် "တွတ်ကွက်ဖန်ဖြူပန်းကန် ၂၊ ထည့်သေတ္တာ ၁၊ တွတ်ကွက်မိုးကြိုးရောင် ဖန်အဝါပန်းကန် ၂၊ ထည့်သေတ္တာ ၁၊ လေးညှင်း ဆီထည့် ဖန်ဘူးလုံးရေ ၄၀၊ ထည့်သေတ္တာ ၁ တို့ ပါသည်"ဟု ရာဇဝင်၌ တွေ့ရသည်။


ဖော်ပြပါ စာပေဆိုင်ရာ အထောက်အထားများက ကုန်းဘောင်ခေတ်လယ် ကာလ၏ မြန်မာနှင့်ဖန် အကြောင်းကို တစေ့တစောင်း ညွှန်းဆိုလျက်ရှိနေကြသည်။ မြန်မာတို့ ဖန်အကြောင်းကိုမည်မျှသိကြောင်း၊ မည်မျှအသုံးပြုတတ် ကြောင်းကို အတိအကျ မသိရသော်လည်း မည်သို့အသုံးပြုခဲ့ကြောင်းကိုမူ သိမြင်လာစေသည်။ ထို့ပြင် တိုင်းတစ်ပါးမှ အဆင့်အတန်းမြင့်သော တွတ်ကွက် ဖန်ဖြူ၊ ဖန်ဝါ၊ မိုးကြိုးရောင်ဖန်ထည်များသည်လည်း ထိုအချိန်ကာလကတည်း က မြန်မာ့နန်းတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်းကို သိနိုင်သည်။ ထိုစဉ်က ဖန်ထည် ဖန်ပစ္စည်းသည် အဖိုးထိုက်အဖိုးတန် မင်းသုံးမင်းဆောင်၊ လက် ဆောင်တော်အဆင့်၊ ဘုရားစေတီများ၌ ဌာပနာသည့် အဆင့်တွင် ရှိခဲ့သည်။


ကုန်းဘောင်ခေတ်လယ်တွင် မြန်မာတို့သည် တရုတ်၊ အိန္ဒိယစသော အိမ်နီးချင်း နိုင်ငံများနှင့်လည်းကောင်း၊ ဥရောပ နိုင်ငံများနှင့်လည်းကောင်း အဆက်အသွယ်အကူးအသန်း တွင်ကျယ်လျက်ရှိနေခဲ့ပြီ ဖြစ်သည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးတွင် သံတမန်လဲလှယ်ရေး အစီအစဉ်အရ မြန်မာနိုင်ငံမှ မင်းကြီးမဟာစည်သူနှင့်အဖွဲ့ကို ၁၈၃၀ ပြည့်နှစ်တွင် အိန္ဒိယနိုင်ငံသို့စေလွှတ်ခဲ့သည်။ မင်းကြီးမဟာစည်သူသည် တွေ့မြင်ခဲ့ရသမျှ အထူးအဆန်း မှန်သမျှကို သူ၏ ဘင်္ဂလားသွားစာတမ်း(ပေ) တွင် ရေးသားဖော်ပြထားခဲ့သည်။ ရေကန် ခုနှစ်ကန်နှင့် ပန်းမျိုးစုံ ဥယျာဉ်သို့ သွားရောက်ကြည့်ရှုရာတွင် "အလွန်ထူး ဆန်းလှစွာသော မီးသင်္ဘောငယ်ကို ရွက်ကြိုးတန်ဆာအစုံနှင့် ဘန်အိမ်လုံး နှင့်သွင်းထားသည်ကို မြင်ရသည်။ မည်သို့သွင်းသည်ကို ကြည့်ရှုရာ သွင်း ပေါက်ထုတ်ပေါက်ကို မမြင်။ ၎င်းပြင် ပင်လယ်ပုစွန်ထုပ်၊ အဝါ၊ အစိမ်း၊ အနက်၊ ငါးရုပ်၊ ငှက်ရုပ်တို့ကိုလည်း ဘန်အိမ်လုံးနှင့်သွင်းထားသည်ကို မြင်ရသည်"ဟု အံ့ဩစွာဖြင့် ရေးသားထားခဲ့သည်။ ထို့ပြင် အိန္ဒိယဘုရင်ခံချုပ်၏ တိုက်အိမ် အကြောင်းကို ဖော်ပြရာ၌လည်း "ပွဲအခင်းအကျင်းမှာ ဘန်ပဒေသာမီးအိမ်များ ကို ညှိထွန်း၍ ဆွဲထားသည်။ ဂုဗ္ဘဏီနေသည့်တိုက်ခန်းနံရံမှာ အဖြူသုတ်၍ ဘန်ပဒေသာမီးအိမ်အများ ဆွဲထားသည်"ဟု ရေးသားထားခဲ့သည်။


မီးထွန်းညှိသည်

တနင်္သာရီဝန်ရှင်တော်မင်းကြီး ဘလန်ဒယ်သည် မော်လမြိုင်အခွန်ဝန် မောင်ရွှေထွန်းနှင့်အဖွဲ့ကို ၁၈၃၅ ခုနှစ်က ကာလကတ္တား(ကိုလ်ကတ္တား)သို့ ခေါ်ဆောင်သွားခဲ့သည်။ အိန္ဒိယတွင် အင်္ဂလိပ်မင်းတို့ ဘုန်းမီးနေလ ထွန်းပပုံကို သိစေလိုသော သဘောဖြင့် မောင်ရွှေထွန်းတို့လူစုအား ကာလကတ္တား(ကိုလ် ကတ္တား)တွင် ထူးသည် ဆန်းသည်တို့ကို လှည့်လည်ပြသခဲ့သည်။ စင်စစ်အားဖြင့် မောင်ရွှေထွန်းတို့အဖွဲ့သည် မင်းကြီးမဟာစည်သူတို့အဖွဲ့ မြင်တွေ့ခဲ့ရသည် တို့ကိုပင် မြင်တွေ့ခဲ့ကြရခြင်းဖြစ်သည်။ မော်လမြိုင်သို့ ပြန်ရောက် ပြီးနောက် မောင်ရွှေထွန်းသည် ကာလကတ္တား (ကိုလ်ကတ္တား)၌ မြင်ခဲ့သမျှကို ကာလကုတသွားရာဇဝင်စာ အမည်ဖြင့် မှတ်တမ်းတစ်စောင်ရေးသားခဲ့သည်။  မောင်ရွှေထွန်းက "အိန္ဒိယဘုရင်ခံချုပ် အိမ်တွင် ရှစ်လုံး၊ ခြောက်လုံး၊ သုံးလုံး လည်း သုံးဆင့်လေးဆင့် မီးထွန်းညှိသည် ဖန်ပဒေသာ အများရှိပါသည်"ဟု ဖွဲ့ဆိုရေးသားထားခဲ့သည်။


မင်းကြီးမဟာစည်သူနှင့် မောင်ရွှေထွန်းတို့ အိန္ဒိယသို့သွားခဲ့သော ၁၈၃၀-၃၅ ခုနှစ် ဝန်းကျင်ကာလတွင် ကမ္ဘာ့ ဖန်လုပ်ငန်းအဆင့်အတန်းက မြင့်မား နေပြီဖြစ်သည်။ ထိုအချိန်က သင်္ဘောရုပ်၊ ငှက်ရုပ်၊ ငါးရုပ်၊ ပုစွန်ရုပ်များ သွင်း ထားသော ဖန်လုံးများနှင့် ဖန်မီးပဒေသာများက ကမ္ဘာ့နိုင်ငံကြီးများ၌ အထူးအဆန်း မဟုတ်တော့ပေ။ မြန်မာတို့ အတွက်မူ အမြင်ဆန်းနေသေးကြောင်း၊ အထူးအဆန်း ဖြစ်နေသေးကြောင်းမှာ ထင်ရှားလှသည်။


ဖန်ပြာခွက်နှင့်ကျောက်စက်ရေ အမောပြေအောင်တိုက်ပါမမ ဟူသော သံချပ်သည် ခေတ်မတိမ်သော မရိုးနိုင်သော သံချပ်တစ်ခုဖြစ်သည်။ အနက် အဓိပ္ပာယ်က လေးနက်ထိရောက်သော သမိုင်းအချက်အလက်တစ်ခုပင် ဖြစ် ပေသည်။ မြန်မာတို့သည် ရေသောက်ရန်အတွက် ဖန်ခွက်ကိုသုံးတတ်ကြောင်း၊ သုံးသောဖန်ခွက်သည်များသောအားဖြင့် အပြာရောင်ဖြစ်ကြောင်း ပေါ်လွင် သည်။ ထို့အတူ ဗဒုံမင်းလက်ထက်က ဦးယာရေးသားခဲ့သော ဆယ့်နှစ်ရာသီ ဘွဲ့ လူးတားတွင် ဖလ်ပြာတကောင်း ရှိစုံပေါင်း၍ဟု ဖွဲ့ဆိုထားသည်ကိုတွေ့ရသဖြင့် ထိုခေတ်က ဖန်ရေတကောင်း အပြာရောင်ကို သုံးနေကြပြီဖြစ်ကြောင်းလည်း သိရှိနိုင်သည်။


စာပေများက ညွှန်းဆို

ဖန်ကို ပစ္စည်းထည့်သည့်ကြုတ်အဖြစ် ပုဂံခေတ်ကတည်းက သုံးစွဲခဲ့ကြောင်းကို ဖော်ပြခဲ့ပြီးဖြစ်သည်။ ကုန်းဘောင် ခေတ်လယ်တွင်မူ ဖန်ခွက်၊ ဖန်တကောင်းများကိုပါ သုံးစွဲနေကြပြီဖြစ်သည်။ တိုင်းတစ်ပါးမှ အဆင့်အတန်းမြင့်သော လူသုံးကုန်ပစ္စည်းများ ဖြစ်ကြသည့် ဖန်ဘူး၊ ဖန်ခွက်၊ ဖန်ပန်း ကန်၊ ဖန်ပစ္စည်းများကလည်း လက်ဆောင်တော်များအဖြစ် မြန်မာ့နန်းတွင်းသို့ ရောက်ရှိလာကြပြီဖြစ်သည်။ ကုန်းဘောင်ခေတ်နှောင်း ရတနာပုံခေတ်တွင်မူ ဖန်ဖြင့်ပြုလုပ်အပ်သော အသုံးအဆောင် ပစ္စည်းအမျိုးမျိုးတို့ ရှိနေပြီ၊ သုံးနေပြီဖြစ်ကြောင်း ထိုခေတ်စာပေများက ညွှန်းဆိုလျက်ရှိသည်။


ဖန်တကောင်းများမှာ အသုံးတွင်ကျယ်နေပြီ ဖြစ်ကြောင်းကိုလည်း ကုန်းဘောင်ခေတ်နှောင်း ရာဇဝင်ကျမ်းများ၌ တွေ့ရသည်။ အတိအကျအားဖြင့် ပုဂံမင်း (၁၈၄၆-၅၂) လက်ထက် မြန်မာသက္ကရာဇ် ၁၂၁၂ ခုနှစ် (အေဒီ-၁၈၅၀) ဝါဆိုလတွင် ဥပုသ်စောင့်ကြသော ယောကျ်ား၊ မိန်းမ၊ ရပ်သူရွာသား ၃၉၂ ယောက်ကို ဘုရင်မင်းမြတ်က ပုဆိုး၊ ထဘီ၊ ခေါင်းပေါင်း၊ တဘက်၊ ဖိနပ်၊ စိပ်ပုတီးတို့နှင့်အတူ ဖန်တကောင်းတစ်လုံးစီ ကုသိုလ်ဖြစ်ပေးဝေသည်။ ယောကျ်ား၊ မိန်းမ စုစုပေါင်း ၃၉၂ ယောက်ဖြစ်သဖြင့် ပေးဝေသော ဖန်တကောင်း မှာ ၃၉၂ လုံးဖြစ်သည်။ တစ်ဖန် ထိုနှစ်တွင် ဘုရင်မင်းမြတ်က ဥပုသ်စောင့်သည့် ယောကျ်ား၊ မိန်းမ၊ ပုဏ္ဏား စုစုပေါင်း ၄၄၁ ယောက်ကို ပုဆိုး၊ ခေါင်းပေါင်း၊ ထဘီ၊ စိပ်ပုတီးတို့နှင့်အတူ ဖန်တကောင်းတစ်လုံးစီ ဝေမျှပြန်သည်။ ထိုနှစ် အတွင်း ဘုရင်မင်းမြတ်က ပေးဝေသော ဖန်တကောင်းလုံးရေမှာ စုစုပေါင်း ၈၂၃ လုံးဖြစ်သည်။ ထိုခေတ်ကာလ အနေအထားအရ ပေးဝေငှသော ဖန်တကောင်းလုံးရေက မနည်းလှပေ။ ဖန်တကောင်းသည် ထီးသုံးနန်းသုံးမျှသာ မဟုတ်တော့ဘဲ ရပ်ရွာသုံးနှင့် အများသုံးဖြစ်နေပြီဟု ဆိုနိုင်သည်။

 

သီပေါမင်း(၁၈၇၈-၈၅)လက်ထက်တွင်လည်း ဖန်တကောင်း၊ ဖန်ဖလား၊ ဖန်အုပ်၊ ဖန်ပေါင်းချောင်၊ ဖန်မီး ပဒေသာများ ဆက်သခံရခြင်း၊ ဝယ်ယူလှူဒါန်း ပေးကမ်း ခြင်းများ ရှိခဲ့သည်။ မင်း၊ မိဖုရားတို့၏ အလှူဒါန စာရင်းများတွင် ဖန်အုပ် ၂၅၀၊ ဖန်အုပ် ၁၀၀၊ ဖန်အုပ် ၃၀၊ ဖန်တကောင်း ၁၀၀၊ ဖန်ဖလား ၁၀၀ စသည်ဖြင့် အကြိမ်ကြိမ်တွေ့ရှိရသည်။ ထို့အတူ တောင်ပန်းခုံအုတ်တိုက်တွင် မီးထွန်းရန် ဖန်ပေါင်းချောင်များ၊ ဝါကျွတ်သဘင် မီးစောင်းတန်းများ ထွန်းညှိ ပူဇော်ရာတွင် ဖန်ပေါင်းချောင်များ၊ မှန်အိမ်များအား အသုံးပြုခဲ့သည်ကိုလည်း တွေ့ရှိရသည်။


ဖန်အုပ်သည် အစဉ်အဆက် သမားရိုးကျအသုံးပြုလာခဲ့သော ယွန်းအုပ် နေရာတွင် အစားထိုးနေရာ ယူလာသော ပစ္စည်းဖြစ်သည်။ အလှူစာရင်းတွင် ဖန်ပေါင်းချောင်၊ မှန်အိမ်တို့ကို ကျောက်ဖယောင်းတိုင်ဖြင့် အစဉ်တွဲဖက်ဖော်ပြ ကြသဖြင့် ဖန်ပေါင်းချောင်သည် ဆီမီး သို့မဟုတ် ဖယောင်းတိုင်မီးကို လေ မခတ်အောင် ကွယ်ကာအုပ်ဆောင်းထားသော ဖန်လုံး၊ ဖန်အိမ်၊ မီးအိမ် ဖြစ်ပေလိမ့်မည်။ မင်းတုန်းမင်းလက်ထက် ၁၈၆၉ ခုနှစ်က အလှူစာရင်းတွင် မှန်အိမ် ၅၆ လုံးပါဝင်ခဲ့သည်။ သီပေါမင်းလက်ထက် ၁၈၈၂ ခုနှစ် ဝါကျွတ်ပွဲ သဘင်တွင် မီးစောင်းတန်းထွန်းညှိပူဇော်ရာ၌ မှန်မီးပေါင်းများနှင့် မှန်မီးအိမ် လုံးရေ လေးသောင်းရှစ်ထောင်ကို အသုံးပြုခဲ့သည်။ ထိုအချိန်က မှန်အိမ်၊ မီးအိမ်၊ ဖန်မီး အိမ်သည် ရွှေနန်းတွင်းသုံးမျှသာမက ရပ်သုံးရွာသုံးပင်ဖြစ်နေပြီဟု ဆိုနိုင်သည်။ "ဆီမီးမှန်အိမ်နှင့် ပြန်ချိန်ကို ဆံတိုလေးရယ် ဆီးကြိုလှဲ့လေး"ဟူ သော ကောက်စိုက်သမသီချင်းက ထိုအချက်ကို ထောက်ကူညွှန်းဆိုနေသည်။ ထိုအချိန်က ဗြိတိသျှပိုင် အောက်မြန်မာနိုင်ငံတွင် နိုင်ငံခြားမှ ဖန်ထည်၊ ဖန်ပစ္စည်း၊ ဖန်မီးအိမ်၊ မှန်မီးအိမ်များ တွင်ကျယ်ပေါများစွာ ရောက်ရှိနေခဲ့ပြီဖြစ် သလို၊ အထက်မြန်မာနိုင်ငံသို့လည်း တင်ပို့ရောင်းချနေကြပြီ ဖြစ်သည်။ ရန်ကုန်မြို့ရှိ နိုင်ငံခြားသားပိုင် ဆန်စက်ကြီးများတွင် လျှပ်စစ်မီးများ ထိန်လင်း နေပြီဖြစ်သကဲ့သို့ သီပေါမင်းလက်ထက် ရတနာပုံရွှေနန်းတော်၌လည်း လျှပ်စစ်ဓာတ်မီးတို့ ထွန်းလင်းနိုင်ပြီဖြစ်၍ လျှပ်စစ်မီးလုံး(ဖန်လုံး)ကို သိကြမြင်ဖူး ကြပြီဖြစ်သည်။


မင်းကြီးမဟာစည်သူတို့အဖွဲ့နှင့် မောင်ရွှေထွန်းတို့အဖွဲ့ ကာလကတ္တား (ကိုလ်ကတ္တား)သို့ သွားရောက်ခဲ့သော ၁၈၃၀-၃၅ ခုနှစ်ဝန်းကျင်က ဖန်မီး ပဒေသာများသည် မြန်မာတို့အတွက် အံ့ဩဖွယ်ရာ ဆန်းကြယ်သော ပစ္စည်း တစ်မျိုးအဖြစ် မှတ်တမ်းတင်ခံခဲ့ရသည်။ ရတနာပုံခေတ် သီပေါမင်း လက်ထက်တွင်မူ နိုင်ငံခြားသားကုန်သည်ကြီးများ အထူးသဖြင့် ပါရှန် ကုန်သည်ကြီးများက ဖန်မီးပဒေသာများ၊ မှန်ကြီးမှန်ငယ်များကို ရွှေနန်းတော်သို့ အများအပြား လာရောက် ဆက်သကာ ရောင်းချနေကြပြီဖြစ်သည်။


ထိုကဲ့သို့ လာရောက်ရောင်းချသော ပစ္စည်းများထဲတွင် ဖန်အုတ်ချပ်များလည်း ပါဝင်သည်။ ကြမ်းခင်း သို့မဟုတ် နံရံကပ်ဖန်အုတ်ချပ် (Glass Tiles)များ ဖြစ်ကြသည်။ သီပေါမင်းလက်ထက်တွင် ဖန်အုတ်ချပ်ရေပေါင်း ၉၉၁ ချပ်၊ တစ်ချပ်လျှင် ကျပ် ၂၀ နှုန်းနှင့် သင့်ငွေကျပ် ၁၉၈၂၀ ဟု စာရင်း တွေ့ရှိရသည်။ အထက်တွင် ဖော်ပြခဲ့ပြီးသော ဖလ်မြေစံ နန်းတော်ဆိုသည်မှာ ဖန်အုတ်ချပ်များ စီ၍ခင်းထားသော နန်းတော်ဖြစ်မည်ဟု ယူဆရသည်။ ထို့ပြင် သီပေါမင်းသည် မြန်မာသက္ကရာဇ် ၁၂၄၆ ခုနှစ်(အေဒီ-၁၈၈၄) ဝါဆိုလဆန်း ၉ ရက်တွင် အဖိုးအခ နှစ်သောင်းသုံးထောင်ကျော် ထိုက်တန်သော အလျား ၅ တောင်၊ အနံ ၂ တောင် ၁ မိုက် ၄ သစ်ရှိသော ဖန်သလွန် တော်ကြီးကို မဟာမုနိဘုရားတွင် လှူဒါန်းခဲ့သည်။ ထိုသလွန်တော်ကို မဟာမုနိဘုရားကြီး ပြတိုက်တွင် ယနေ့ထိတိုင် တွေ့မြင်နိုင်ကြသည်။   ။