ဖိလစ်ပိုင်နှင့် အိန္ဒိယနိုင်ငံတို့၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသားများနှင့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်ခဲ့

နေပြည်တော် ၅ ဇူလိုင်

ဖိလစ်ပိုင်နိုင်ငံတွင် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသား (၁၅) ဉီးနှင့် Carnival အပျော်စီးသင်္ဘောလိုင်း၏ Conquest၊ Dream၊ Holland America သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင် လျက်ရှိသည့် မြန်မာသင်္ဘောသားအမှုထမ်း (၁၀၇) ဦး စုစုပေါင်း (၁၂၂) ဦးအား အဆိုပါသင်္ဘောကုမ္ပဏီနှင့် မြန်မာသံရုံးတို့၏ စီစဉ်ပေးမှုဖြင့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရာ ယနေ့ညနေ ၆ နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

 

ယမန်နေ့ကလည်း အိန္ဒိယနိုင်ငံတွင်ရောက်ရှိနေပြီး ၂၀၂၀ ပြည့်နှစ် မေလအတွင်း အကြောင်းအမျိုးမျိုးကြောင့် မြန်မာကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်လိုက်ပါနိုင်ခြင်း မရှိကြသော မြန်မာနိုင်ငံသား (၄၈) ဦးအား မြန်မာနိုင်ငံရှိအိန္ဒိယနိုင်ငံသားများအား လာရောက် ခေါ်ဆောင်မည့် အိန္ဒိယ လေကြောင်းလိုင်း (Air India) ကယ်ဆယ်ရေးလေယာဉ်ကြုံဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ဇူလိုင် ၄ ရက်နေ့ မွန်းလွဲ ၁  နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

 

ယင်းမြန်မာနိုင်ငံသားများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် (၂၁) ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေး တို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည်။

 

ပြည်ပမှ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုအန္တရာယ်တို့မှ ကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် အစီအမံများကို ဆက်လက်ချမှတ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပျံသန်းသည့် ခရီးစဉ်များ ယာယီရပ်ဆိုင်းမှုကြောင့် ပြည်ပနိုင်ငံအသီးသီးတွင် အခက်အခဲကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသား များအား ပြန်လည်ခေါ်ဆောင် လျက်ရှိရာ ယနေ့အချိန်ထိ မြန်မာနိုင်ငံသားဦးရေ စုစုပေါင်း (၆၈၁၈) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Credit#နိုင်ငံခြားရေးဝန်ကြီးဌာန